8.9.16

အပုဒ် ၃၀၀-မြောက်ပို့စ်


၂၃ ဧပြီလ ၂၀၁၁ခုနှစ်ကစတင်ပြီး ကျမပို့စ်လေးတွေ စမ်းတ၀ါးဝါးနဲ့ရေးခဲ့တာ ၅နှစ်ကျော်သက်တမ်းမှာ အပုဒ်ပေါင်း ၃၀၀ ရှိခဲ့တဲ့အတွက် ဒီနေ့တော့ အမှတ်တရပို့စ်လေးကို တင်ဖြစ်ပါတယ်။ ဒီတစ်ခေါက်တင်မယ့် ပို့စ်လေးကတော့ အရင်ပို့စ်တွေနဲ့မတူပဲ တစ်မူကွဲပြားတဲ့ပို့စ်လေးပါ။ ကွဲပြားပေမယ့် ဒီခေါင်းစဉ်လေးကို ရွေးချယ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ လူချင်းဝေးသွားပေမယ့် စိတ်ချင်းတော့ အမြဲနီးစပ်နေတဲ့ ဘလော့ဂါများနဲ့ စာဖတ်သူတို့အတွက် ရည်ရွယ်ပြီးရေးဖြစ်သွားတာပါ။ တကယ်လို့များ ဒီပို့စ်ကို ဖတ်ရင်းနဲ့ စိတ်မ၀င်စားတော့ဘူးဆိုရင်လည်း ဖတ်ချိန် ၃-မိနစ်တောင် အချိန်မပေးရတဲ့ ဒီစာစုလေးကို အဆုံးထိတော့ ဖတ်စေချင်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ၁၇ရက်နေ့ကနေ ၂၈ရက်နေ့အထိ ကျမရဲ့အဒေါ်တွေနဲ့အတူ ရွှေမြင့်မိုရ် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာမှာ (၁၀)ရက်စခန်း ၀င်ဖြစ်ခဲ့တယ်။ ကျမလည်း ခွဲနေကြရတဲ့ မိသားစုဆီ အလှည့်ကျသွားလိုက် လာလိုက်လုပ်နေရတာနဲ့ တရားရိပ်သာမ၀င်ဖြစ်ခဲ့တာကြာနေပြီ။ ဒီတစ်ခေါက်တော့ မဖြစ်ဖြစ်အောင်ဝင်မယ်ဆိုတဲ့ ဒုံးဒုံးချလိုက်တဲ့စိတ်အဟုန်ရဲ့ရလာဒ်က  လက်တွေ့ဝင်ဖြစ်သွားခဲ့တယ်။ တရားရိပ်အောက် ၀င်ရောက်သွားပြီဆိုတော့လည်း စိတ်ကအလိုလိုအေးချမ်းသွားတယ်။ ၀င်မည့်ဝင်လည်း ထိထိရောက်ရောက် ဖြစ်စေချင်လို့ အွန်လိုင်းပိတ် သံယောဇဉ်တွေဖြတ်ခဲ့တယ်။ ထူးခြားချက် တစ်ခုအနေနဲ့ အရင်အခေါက်တွေကတော့ တရားရိပ်သာမှာ အချိန်ပြည့်ယောဂီလို ကျင့်ကြံပွားများ အားထုတ်နိုင်ပေမယ့် အိမ်ပြန်ရောက်ပြီး ရက်လေးကြာလာတာနဲ့အမျှ အလုပ်ပေးတရား ကျင့်ကြံပွားများ အားထုတ်မှုတွေ တစ်နေ့တစ်ခြား လျော့နည်းလာလေ့ရှိတယ်။ ဒီတစ်ခေါက် ရိပ်သာကနေ အိမ်ကိုပြန်ရောက်လာပေမယ့် စိတ်ကကိုယ့်ကိုယ်ကိုယ် ယောဂီတစ်ယောက် အနေနဲ့ပဲခံစားနေရသလို အရာရာဟာ အေးချမ်းနေတယ်။ အလုပ်ပေးတရား ကျင့်ကြံပွားများအားထုတ်မှု လျော့မသွားသလို တရားတို့ရဲ့ ပိုင်ရှင်ဖြစ်သော မြတ်စွာဘုရားရှင်ရဲ့ သစ္စာလေးပါး တရားတွေ အချိန်ရရင်ရသလို နာချင်စိတ်ဖြစ်တယ်။ ရဟန္တာမဟုတ်တဲ့ ပုထုဇဉ်မို့ စိတ်အခန့်မသင့်ဖြစ်မိရင်လည်း အသိစိတ်ကနောက်ကနေ ထပ်ချပ်မကွာ ကပ်ပါသွားတာကြောင့် ချက်ချင်းလိုလို စိတ်ဖြေလွယ်ပါတယ်။ အရာရာကို နှလုံးသွင်းမှန်ကန်အောင် ပိုကြိုးစားလာဖြစ်တယ်။ တရားထိုင်ပြီး မကြာမီအချိန်တွင်း သာမာဓိအားရလွယ်ပြီး ဖြစ်-ပျက်ရှုနိုင်တယ်။ ရုပ်တရားရဲ့ဖောက်ပြန်မှုနဲ့ နာမ်တရားရဲ့သိမှု အစရှိတဲ့ သူမဟုတ် ငါမဟုတ် သတ္တ၀ါမဟုတ်တဲ့ ခန္ဓာငါးပါး (ရုပ်နာမ်နှစ်ပါး) တစ်နည်းဆိုရရင်  ကိုယ်ပြုခဲ့သမျှ ကံကြောင့်ရထားတဲ့  လက်ရှိခန္ဓာငါးပါးရဲ့ ဝေဒနာသုံးမျိုးကို ခန္ဓာမှာ ဥာဏ်စိုက်ရင်း ဖြစ်-ပျက်ဆုံးပြီး ခန္ဓာမုန်းတဲ့အထိ အားထုတ်ချင်တဲ့စိတ်က ပေါ်လာတယ်။
တရားထိုင်တယ်ဆိုတာ မခက်ဘူးဆိုပေမယ့် စနစ်တကျထိုင်တတ်၊ ကျင့်ကြံပွာများ အားထုတ်တတ်ဘို့ အနည်းဆုံး တရားရိပ်သာမှာ (၁၀)ရက်စခန်း တစ်ကြိမ်လောက်တော့ ၀င်သင့်တယ်လို့ ထင်ပါတယ်။ အခြေအနေအရ ရိပ်သာ မသွားနိုင်သူတို့ အလုပ်ပေးတရားဖွင့်ပြီး ထိုင်ခဲ့ရင် အရင်ဆုံးပယ်သတ်ရမှာက ငိုက်မြည်းချင်းပါ။ ငိုက်မြည်းတာကိုပယ်သတ်ပြီး လွင့်နေတဲ့စိတ်များကို စုစည်းနိုင်ပါက သမာဓိအား တည်နိုင်မှာပါ။ တကယ်တော့တရားအလုပ် မလုပ်ဖြစ်ဘူးဆိုတာ စစ်မှန်တဲ့ကြောက်စိတ် မ၀င်သေးလို့ပါ။
ရင်းနှီးချစ်ခင်ခဲ့ရတဲ့ ဘလော့ဂါများ၊ စာဖတ်သူတို့အတွက် ကျမရဲ့ အွန်လိုင်းပျက်ကွက်မှုအတွက် သိရှိဘို့ရာ မျှဝေခြင်းသက်သက်ပါ။ လူသားတို့အတွက် လောကီရေးရာများနဲ့အတူ လောကုတ္တရာရေးရာကလည်း အရေးကြီးတယ်ဆိုတာ သိစေချင်တဲ့စေတနာပါ။ ပို့စ်အပုဒ် ၃၀၀-ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့ ကျမရဲ့ ဘ၀မှတ်တိုင်းလေးများကို စုစည်းပြီး ဘလော့ဂါ ၂-ဦးရဲ့ အကူအညီနဲ့ စာအုပ်တစ်အုပ်ထွက်ပေါ်လာအောင် ကြိုးစားနေပါတယ်။ ဘလော့ဂ်ဒေးမှာ ထုတ်ချင်ပေမယ့် ဆန္ဒနဲ့လက်တွေ့ ကွာဟတတ်တာ သဘာဝတရားမို့ စာအုပ်လေး ထွက်လာတဲ့အချိန်ကျရင် အားပေးဘို့ မမေ့ကြနဲ့နော်လို့ ပြောခဲ့ပါရစေ။

ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
တီတင့်(စက်မှုတက္ကသိုလ်)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz