x

6.9.11

"ဘလော့ဂါဆိုတာဘာလဲ" တဂ်ပို့စ်


 ၅-၉-၂၀၁၁ ရက်နေ့ မနက်ပိုင်းက နတ်နတ်နဲ့တွေ့ပြီး 'အန်တီရေ သတိထားနေတော့ တဂ်ခံရတော့မယ်' ဆိုတဲ့ အကြောင်းခြိမ်းခြောက်ခံရပြီးတဲ့အချိန်ကစလို့ အန်တီတင့်တစ်ယောက် တက်လာသမျှ တဂ်ပို့စ်အသစ် တွေကို ဖတ်ဖို့အတွက် စောင့်စားလို့သာနေပါတော့တယ်။ စာအုပ်တစ်အုပ်ကို ပြုစုတော့မယ်ဆိုရင် ဝါရင့် ဆရာသမားတွေဆီက မှီငြမ်းစာအုပ်တွေ စုဆောင်းဖို့လိုသလို ဝါရင့်ဘလော့ဂါတွေဆီကနေ အချက်ကျကျ ရေးတာလေးတွေ အတုခိုးဖို့ စောင့်မျှော်နေဆဲ ကျေးဇူးရှင် ကိုဇော်နဲ့ ကိုကိုးအိမ်တို့ရဲ့ တဂ်ပို့စ်တွေ တက်လာ ပါတော့တယ်။ ဝါရင့်သူများရေးထားတာတွေ ဖတ်ရတော့လည်း ချောလို့ မွေ့လို့ အစ-အဆုံးဖတ် ကောင်း ကောင်းနဲ့ ဖတ်သွားလိုက်တာ ရေးစရာတွေတော့ ရပြီပေါ့း) တကယ်တန်း လက်တွေ့မှာတော့ နိဒါန်းကို ဘယ်ကစလို့ရေးရမှန်းကိုမသိပဲ အခက်တွေ့နေခဲ့တယ်။ ကိုယ့်ကိုယ်ကို အားပေးပါတယ် 'အဆင်ပြေသွားမှာပါ' ပေါ့း)

'ဘလော့ဂါဆိုတာ ဘလော့ကိုရေးတဲ့သူ' ဖြစ်သည့်တိုင် နတ်နတ်က တဂ်တယ်ဆိုတော့ အကြောင်းရှိမယ်ပေါ့ လို့ တွေးမိတယ်။ နတ်နတ်ရဲ့ တဂ်ပို့စ်ထဲမှာလည်း Blogger ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရှင်းရှင်းလင်းလင်းလေး မီးမောင်းထိုးပြ ထားပြီးသားပါ။ ဒီထက်လည်း ပိုမသိတော့သည့်တိုင် ကြိုးစားတော့ ဖြေကြည့်ချင်ပါသေးတယ်။ ဘလော့ဂါတွေ တစ်ဦးနဲ့တစ်ဦး အကြိုက်ချင်း မတူညီနိုင်သလို အတွေးအခေါ် အမြှော်အမြင် အယူအဆတို့ လည်း တူညီဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဘာသာရေး၊ နည်းပညာပိုင်း၊ ကဗျာ ဝတ္ထု ဆောင်းပါး သတင်း ကိုယ်အားသန်ရာ ရင်ထဲက စကားလုံးတွေကို ပုံဖော်ရင်း ရေးသားဖေါ်ပြကြပါတယ်။ အဲဒီလို ရေးသားတဲ့ အပိုင်းမှာလည်း စိတ်ကူးယဉ်သက်သက် ရေးတတ်တာမျိုး ရှိသလို အမှန်တကယ်ဖြစ်ရပ်မှန်မျိုး ရေးတတ်သူ များလည်း ရှိကြပါတယ်။ မူအမျိုးမျိုး ကွဲနေတာ သဘာဝကျပါတယ်။ တစ်အူတုံဆင်း မောင်နှမအရင်းတောင်မှ စိတ်ကူး စိတ်သန်းတွေ ကွဲလွဲကြသေးတော့ တစ်စိမ်းတစ်ရံ သက်သက်တွေမို့ ပိုလို့ကွဲလွဲနိုင်တာ အဆန်း တကျယ် မဟုတ်ပါဘူး။ ဘလော့ဂါများမှာ တပြေးညီညာ တူတဲ့အချက်ကတော့ စာရေးတာနဲ့ စာဖတ်တာပါပဲ။

ကျမအနေနဲ့ ဘလော့ဂါတစ်ယောက်ဘဝကို ရောက်မှန်းမသိရောက်ခဲ့တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို 'ဘလော့ဂါ' တစ်ယောက်အဖြစ်နဲ့ အကျေနပ်ကြီး ကျေနပ်တဲ့အပြင် ကိုယ်နဲ့ဘဝတူ အခြားဘလော့ဂါများရဲ့ ဘလော့များ ကို သွား ရောက်လည်ပတ်ရင်း စာပေများကို ဖတ်ရှု လေ့လာ မှတ်သားခွင့်ရတဲ့အခါမှာတော့ တစ်ကြိမ်တစ်ခါ မျှ မဖြစ် ဘူးတဲ့ ထူးခြားတဲ့ ကြည်နူးမှု ပီတိဖြစ်မှု ပျော်ရွှင်မှုတို့ကို ခံစားရပါတယ်။ ကျမရဲ့ဘလော့ဂ်ကိုလည်း ကျမရဲ့ မိသားစု ဆွေမျိုးညာတိ စာဖတ်မိတ်ဆွေအပေါင်းအသင်းများနဲ့ ဘလော့ဂါများ အချိန်ရရင်ရသလို လာပြီး အားပေးကြတာကို ကြည်နူးစွာဖြင့် ကျေးဇူးတင်မိပါတယ်။ အရင်ကတော့ ကျမ ပို့စ်တစ်ခုရေးနေရင်း တခြားသူတွေနဲ့လည်း ချတ်တင်လုပ်ပါတယ် ဒီအပြင်ဗိုက်ဆာရင် စားစရာမုန့်တစ်ခုခုကို ကွန်ပျူတာရှေ့မှာ စားပါတယ်။ အလုပ်သုံးမျိုးကို တစ်ပြိုင်တည်းလုပ်နေတဲ့ ကျမကို မြင်သွားတော့ အမျိုးသားက  “ ငါ့မိန်းမက  ထန်းပင်ပေါ်က ရှဥ့်ကိုခြောက်၊ ထမင်းခြောက်ကိုနယ်၊ သားရည်နယ်၊ နေပူတိုး၊ ကျောင်းတိုင်ကို ဓါးနဲ့မထိုးနဲ့၊ ဟတ်ချိုး၊ အဟမ်း၊ ဘွတ် ဆိုတဲ့ သင်္ဂါဇာဆရာတော်ရဲ့ အဆိုလို ဖြစ်နေပြီ” တဲ့း))  ကျမရဲ့သားအကြီးလည်း စာပေဖတ်တာ အလွန်ဝါသနာထုံသူဖြစ်ပါတယ်။ ထမင်း စားရင်းတောင် စာအုပ်တစ်အုပ်လက်ထဲမှာ အမြဲ ရှိတာမို့ သူ့ဖေဖေက အလုပ်တစ်ခုကို အပြီးပြတ်လုပ်ပြီးမှ နောက်တစ်ခုကိုလုပ်ရမယ်ဆိုပြီး ဆုံးမဘူး ပါတယ်။ ဘယ်လိုခေါင်းစဉ်နဲ့ပဲ လာလာ ဆွေးနွေးလို့အဆင်ပြေတဲ့ ကျမရဲ့သားကြီးပါ။ (ကိုဇော်ရေ ကိုယ်ရည်သွေးတာ မဟုတ်ဘူးနော် ကြုံတုန်း လေးပြောလိုက်တာပါ)
ဘလော့ဂါဘဝကို ရောက်ပြီးတဲ့ အချိန်ကစပြီး ကျမရဲ့ နေ့စဉ်လုပ်ငန်း အစီအစဉ်တွေကို မသိမသာ ပြောင်းလဲ ခဲ့ပါတယ်။ အရင်က အားလပ်ချိန်တွေမှာ စာအုပ်ဖတ် တရားနာ ဇာတ်လမ်းကြည့်တတ်တဲ့ကျမ အခုတော့ အားလပ်ချိန် နည်းနည်းရတာနဲ့ ကွန်ပျူတာနဲ့ မျက်နှာချင်းဆိုင်တဲ့အခြေအနေကို ရောက်လို့လာပါတယ်။ မောင်နှမသားချင်းများ သူငယ်ချင်းများနဲ့ ချတ်တင်လုပ်တာကအစ ဘလော့ဂါများတင်ထားတဲ့ ပို့စ်တစ်ခုခုကို ဖတ်နေရင်းကနေ ချတ်တင်လုပ်သလို စာဖတ်ရင်း မျောပါသွားမိရင် တစ်ဖက်ကို ပြန်ပြောဖို့တောင် ဝတ္တရား ပျက်ကွက် တဲ့အခြေအနေ မျိုးတွေ မကြာခဏဖြစ်လာပါတယ်။ ပို့စ်တင်ဖို့ စာရေးပြီဆိုရင် ကျမ ဂျီတော့ကို လုံးဝ မဝင်ပဲရေးရတဲ့အခြေအနေဖြစ်လာတယ်။ အွန်လိုင်းမှာ နာမည်ရှိနေပြီး တစ်ခုခုမေးလို့ ပြန်မဖြေမိမှာကို အားနာလို့ပါ။ ကျမကတော့ ကဗျာလည်းမစပ် တတ် ဝတ္ထုလည်း မရေးတတ်တာကြောင့် ကိုယ်တွေ့ဖြစ်ရပ် တွေကိုသာ ရေးရတဲ့အခြေအနေပါ။ ဝါတွင်း ကာလဆိုတော့ ဘုရားတွေလည်း လှည့်ပတ်ဖူးတာကြောင့် ဘုရားသမိုင်းလေးတွေကို တင်ခွင့်ရခဲ့ပါတယ်။ အစားအသောက်ကိုကျပြန်တော့ တစ်မျိုးမဟုတ်တစ်မျိုး လုပ်စားတာ ဝါသနာပါတာကြောင့်လည်း ပို့စ်တစ်ခုအဖြစ် တင်ခွင့်ရပြန်ပါတယ်။ ပို့စ်တစ်ခုတင်တိုင်းလည်း နောက်တစ်ပုဒ်တင်ဖို့ ခွန်အားအမြဲရခဲ့တယ်။

အဆုံးသတ်နိဂုံးချုပ်ရရင်တော့ “ဘလော့ဂါဆိုတာ ကိုယ့်ရင်ထဲမှာ ကိန်းအောင်းနေတဲ့ စကားလုံးတွေကို ကဗျာ စကားပြေ စာသားများအဖြစ် ပြောင်းလဲပြီး စာဖတ်သူများကို စေတနာ သဒ္ဓါထက်သန်စွာနဲ့ အခမဲ့ ဖတ်ခွင့်ရှိအောင် ဖန်တီးပေးတဲ့သူ"  လို့ အဓိပ္ပါယ်ဖွင့်ဆိုကြည့်မိတယ်။ မနေ့တစ်နေ့ကမှ ဘလော့ လောကကို ဝင်လာသူ တစ်ယောက်ကို ငဲ့ညှာတဲ့ အနေနဲ့ ဒီလောက်နဲ့ပဲ ကျေနပ်ပါတော့ နတ်နတ်ရေ။
[လောကလူသားအပေါင်း စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေ]

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz