x

2.8.12

ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ


မနက်အာရုံ ဝေလီဝေလင်းအချိန်မှာ ပဒေသာပင်မြို့တော်လို့ခေါ်တဲ့ (F.M.I City) ရဲ့ ဓမ္မာရုံအတွင်းကို ကျမ ရောက်သွားတဲ့ အချိန်မှာ တရားချစ်ခင် သူတော်စင် အပေါင်းတို့ စုရုန်းရောက်ရှိ နေကြပြီး ကိုယ်စီကိုယ်စီ လုပ်ဆောင်ရမဲ့ အလုပ်တာဝန်တွေကို ဇယ်ဆက်မပြတ် လုပ်ကိုင်နေကြတာကို မြင်ရပါတယ်။ အခုလို ရက်ထူးရက်မြတ်တိုင်းမှာ ပဒေသာပင် ဓမ္မာရုံလေး သက်ဝင် လှုပ်ရှားလေ့ ရှိပါတယ်။ ဒီကနေ့ ဝါဆိုလပြည့် နေ့ရက်မှာလည်း လှိုင်သာယာမြို့နယ် ပဒေသာပင်မြို့တော် (F.M.I City) အိမ်ပိုင်ရှင်များ အသင်းက ဦးစီးဦးဆောင်ပြုပြီး သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲကို ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။ ပဒေသာပင် မြို့တော်အတွင်းမှာ နေထိုင်သူ မိသားစုအားလုံး သဒ္ဓါတရား ထက်သန်စွာနဲ့ ပါဝင်လှူဒါန်းထားသမျှကို ကိုယ်တိုင်ကပ်လှူ ပူဇော်ပြီး ပရိတ် တရားနာ ရေစက်ချ ကုသိုလ်ယူတဲ့ ပွဲလေးတစ်ခု ဆိုလည်း မှန်ပါတယ်။ လှိုင်သာယာမြို့နယ် အတွင်းမှာ သာသာနာ ပြုနေတဲ့ သာယာကုန်း ဘုန်းတော်ကြီးကျောင်း၊ ရှမ်းကျောင်း၊ အောင် ပရဟိတကျောင်းနဲ့ ချမ်းမြေ့ကျောင်းတွေမှာ ရှိတဲ့ သံဃာတော် (၁၀)ပါးပင့်ဖိတ်ပြီး အလှူခံရသမျှ ဝါဆိုသင်္ကန်းတွေ ခွဲဝေ လှူဒါန်း ပူဇော်ခြင်းဖြစ်ပါတယ်။




မနက် ၆နာရီမှာ ကြွရောက်လာတဲ့ သံဃာတော်တို့ကို အာရုံဆွမ်း ကပ်ပါတယ်။ ဆွမ်းကပ်ပြီးချိန်မှာ ချမ်းမြေ့ဆရာတော်က ကိုးပါးသီလ တိုက်ကျွေးပြီး သံဃာတော်အပေါင်းရဲ့ အန္တရာယ်ကင်း ပရိတ်တရားကို နာခွင့် ရပါတယ်။ အဲဒီနောက် ဆရာတော်ရဲ့ 'အပယ်မကြောက် လူခုနှစ်ရောက်' တရားတော်ကို ဟောကြားပြီး တရားဟောပြီးချိန်မှာတော့ ဝါဆိုသင်္ကန်း နဝကမ္မ အလှူတော်များကို ဆက်ကပ် လှူဒါန်းကြပါတယ်။ လှူဒါန်းမှု အစုစုတို့အတွက် အလှူရှင်များကိုယ်စား အိမ်ပိုင်ရှင်များ အသင်းဝင်တို့က ရေစက်ချ အမျှပေးဝေကာ တရားနာ ပရိသတ်အပေါင်းက မြိုင်မြိုင်ဆိုင်ဆိုင် သာဓု အနုမောဓနာ သုံးကြိမ် ခေါ်ဆိုကြပါတယ်။ တရားနာသူတို့ကို ကြက်သား ပလာတာ အချိုပွဲတို့နဲ့ ဧည့်ခံကျွေးမွေးပြီ မနက် ၈နာရီမှာ ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲလေး အောင်မြင်စွာ ပြီးဆုံးသွားပါတယ်။ 














‘သန္ဓေ တောထွက် ဓမ္မစက် မိန့်မြွက် လဝါဆို’ ကိုတော့ ဗုဒ္ဓဘာသာဝင် အားလုံးသိထားပြီးသား ဖြစ်မှာပါ။

၁။ ပဋိသန္ဓေ တည်သည့်နေ့ ဝါဆိုလပြည့် (ကြာသပတေးနေ့ )
၂။ တော ထွက်သည့်နေ့ ဝါဆိုလပြည့် (တနင်္လာနေ့ )
၃။ ဓမ္မစင်္ကြာတရားဦး ဟောနေ့ ဝါဆိုလပြည့် (စနေနေ့ )
၎။ သောတာပန်လူသား စပေါ်သည့်နေ့ ဝါဆိုလပြည့် (စနေနေ့ )
၅။ သံဃာရတနာ စပေါ်သည့်နေ ဝါဆိုလပြည့် (စနေနေ့ )

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz