x

1.10.16

ပြန်လည်ဆုံဆည်းကြပါစို့-၆


မှတ်မှတ်ရရ ၁၁-၁၂-၁၁ ရက်နေ့က ပြန်လည်ဆုံဆည်းကြပါစို့-၅ ကိုတင်ခဲ့ဘူးတယ်။ ကျမရဲ့ တစ်ဘ၀ကို လူသားဆန်ဆန် ဖြတ်သန်းနိုင်ခွင့်ရရှိစေဘို့ရာ ပညာဆည်းပူးခဲ့ဘူးတဲ့ ကျောင်းတော်ကြီး။ ပညာနို့ရည် လက်တွဲညီလျက် အတူတကွသောက်သုံးခဲ့ကြတဲ့ ပြောမနာဆိုမနာ သူငယ်ချင်းများအကြောင်း။ ဆုံဆည်းခဲ့မှုလေးတွေရဲ့ အဆုံးမှာ ဆရာကန်တော့ပွဲဖြစ်မြောက်စေဘို့ရာ လှုပ်ရှားမှုလေးတွေကို အစရှိတာလေးတွေကို သီကုံးခဲ့တဲ့ ပို့စ်လေးပါ။ အလားတူ သူငယ်ချင်းများ ပြန်လည်ဆုံဆည်းခွင့်ရနိုင်မယ့် အကြောင်းလေး ထပ်မံလို့ပေါ်လာပြန်တယ်။ မကြာခင်ရောက်လာတော့မယ့် ၂၉-၁၂-၁၆ ရက်နေ့မှာ အလွှာအသီးသီးက အင်ဂျင်နီယာသူငယ်ချင်းများ တစ်စုတစ်စည်းထဲ အင်ဂျင်နီယာကျောင်းတော်ကြီးမှာ ပေါင်းဆုံကြမယ့် ဆရာကန်တော့ပွဲကြီးကို စိတ်လှုပ်ရှားစွာစောင့်ကြိုနေမိတယ်။ ရပ်ဝေးရပ်နီး သူငယ်ချင်းများ မဖြစ်မနေ အရောက်လာကြမယ်လို့ မျှော်လင့်မိသလို ပေါ်လာတဲ့အခွင့်အရေးဆိုတာ နောက်တစ်ကြိမ်အတွက် မသေချာမရေရာဘူးဆိုတဲ့ အတွေးလေးကိုအားလုံးကိုယ်စီ တွေးတောမိကြမယ်လို့ ထင်ပါတယ်။









ဒီကနေ့တော့ မကြာခဏဆိုသလို ဆုံဆည်းခွင့်ရနေကြတဲ့ တစ်ခါကတက္ကသိုလ်ကျောင်းတော်ကြီးက သူငယ်ချင်းများ ဆုံကြပြန်တယ်။ ကျမတို့တတွေ တစ်နေ့တစ်ခြား အသက်တွေရလာကြပြီမို့ တစ်ဦးနဲ့တစ်ဦး ကျန်းမာရေးနဲ့ ပတ်သက်လာရင် ကူညီဖေးမခွင့်ရနိုင်စေရန် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တဲ့ 75-81 R.I.T Welfare Group လေးပါ။ ဆွေးနွေးတိုင်ပင် သုံးသပ်ဆုံးဖြတ်နိုင်စေဘို့ အကြောင်းကိစ္စလေးတွေရှိတိုင်း အမှုဆောင် အဖွဲ့ဝင်တွေ ဆုံဖြစ်သလို သူငယ်ချင်း တစ်ဦးဦးရဲ့ မွေးနေ့ဖြစ်စေ အလှူဖြစ်စေ ခေါင်းစဉ်ကွဲပေါ်မူတည်ပြီး အဖွဲ့ဝင်များအားလုံးပါဝင် ဆုံဆည်းခွင့်ရတဲ့ Gathering ပွဲလေးတွေလည်း လုပ်ဖြစ်ပြန်တယ်။ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ မကျန်းမာဖြစ်နေသူ သူငယ်ချင်းများကို ဖေးမကူညီကာ စိတ်ဓာတ်ခွန်အားပေးရင်း အချင်းချင်း ရင်းနှီးချစ်ခင်မှုရှိကာ စည်းလုံးညီညွတ်စေတဲ့ မွန်မြတ်ကောင်းမွန်လှတဲ့ အဖွဲ့အစည်းလေးပါ။
သူငယ်ချင်းများအားလုံး တာဝန်ကျရာ အခန်းကဏ္ဍကနေ အစွမ်းကုန်ကြိုးစားဆောင်ရွက်ကြရင်း ပိုမိုတိုးတက် ကောင်းမွန်စေဘို့ရာ တစ်ဦးနဲ့တစ်ဦး အပြုသဘောပြောဆိုကြတာ အခန်းလေးကကျဉ်းတော့ နားမခံနိုင်အောင် အသံတွေဆူညံလို့နေပါတယ်။ အကြောင်းအရာတစ်ခုကို အားလုံးသဘောတူဘို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စမို့ တစ်ချို့ကိစ္စတွေမှာ မဲခွဲဆုံးဖြတ် အတည်ပြုကြတဲ့အခါ အားလုံးကကျေနပ်စွာ လက်ခံကြတာ ကြည်နူးစရာပါ။ မနက် ၈နာရီက စလိုက်တဲ့ ဆွေးနွေးညှိနှိုင်းအတည်ပြုပွဲလေး ၁၀နာရီမှာ အောင်မြင်စွာပြီးဆုံးသွားပါတယ်။ မှတ်တမ်းပုံလေးတွေကို ဆုံဆည်းခွင့်မှတ်တမ်းလေးနဲ့အတူ တင်ခဲ့ပါတယ်။

ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
တီတင့်(စက်မှုတက္ကသိုလ်)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz