8.5.11
ကျေးဇူးရှင်မွေးမိခင်
ဒီကနေ့မနက် ဘလော့တွေကိုလိုက်ဖတ်မိတယ် အမေများနေ့မို့ နေ့တိုင်းထက်ပိုပြီး အချိန်ပေးဖတ်မိပါတယ် အမေများနေ့ကို အားလုံးကဂုဏ်ပြုတဲ့အနေနဲ့ ကဗျာနဲ့တစ်မျိုးဆောင်းပါးနဲ့တစ်ဖုံ ကိုယ်တွေ့ဝတ္ထုတို ဆန်ဆန်လေးတွေပါ ဖတ်ရတာ ကြည်နူးစရာပါ မိခင်နေရာကိုရောက်နေတဲ့ ကျမတို့လည်း အမေ့ရဲ့သမီးပါပဲ ဒီတော့ကျမရဲ့ အမေကိုလည်းအခုလို ဂုဏ်ပြုချင်စိတ်ပေါ်လာတယ် ကျမတို့ငယ်စဉ်အရွယ်တုန်းကတော့ အမေများနေ့ဆိုတာ မကြားဖူးခဲ့ဘူး ကိုယ်ပဲဗဟုသုတ နည်းလို့လားတော့ မပြောတတ်ဘူးပေါ့လေ။ ဘာပဲဖြစ်ဖြစ်ဒီနေ့လို အမေများနေ့ကို ရေးခွင့်ရတာကို ကျေနပ်လှပါပြီ။
ကျမရဲ့အတိတ်ကဖြစ်ရပ်လေး ဘယ်တော့မှပျောက်ကွယ်နိုင်တော့မှာ မဟုတ်တော့တဲ့ အမှတ်တရလေးပါ
“မောင်ထွန်းအောင်ရေ ဒီနှစ်က စနေဆန်းတယ်ကွဲ့ မီးရေး ထင်းရေး သတိထားအုံးနော်….” ထမင်းချက် ဦးထွန်းအောင်ကို မေမေရဲ့ သတိပေးသံနှင့်အတူ “ဟုတ်ကဲ့မမလေး” ဟု ဦးထွန်းအောင်ရဲ့ ပြန်ဖြေတဲ့ အသံကို ကျမ ကြားလိုက်တော့-
“ကိုကို စနေဆန်းတယ်ဆိုတာ ဘာကိုပြောတာလဲဟင်” ကျမက အစ်ကိုဖြစ်သူကိုမေးလိုက်ပါတယ်
“စနေဆန်းတယ်ဆိုတာ အခုလိုသင်္ကြန်ကာလကြီးပြီးလို့နှစ်သစ်ကူး ကိုရောက်တဲ့နှစ်ဆန်း၁ရက်နေ့က စနေနေ့ဖြစ်နေတာကိုပြောတာ လုလုရဲ့” ဟု ကျမရဲ့အစ်ကိုက ကျမကိုပြန်ရှင်းပြသည်။ ကျမစိတ်ထဲ ဒီထက်ပိုသိချင်စိတ်က ပေါ်လာပြန်တယ် ဒီတော့ ညနေထမင်းစားဝိုင်းမှာ ဖွားဖွားကို ထပ်မေးပြန်တယ်လေ။
“ဖွားဖွား စနေဆန်းတာကို မေမေကဘာဖြစ်လို့ မီးရေးထင်းရေး သတိထားခိုင်းတာလဲဟင်” လို့မေးတော့
“စနေဆန်းရင် ထိခိုက်မှု တစ်ခုခုဖြစ်တတ်တဲ့ အယူရှိလို့ သတိထားခိုင်းတာပါ ပူလူးရဲ့” ဖွားဖွားက ရီပြီး ပြန်ဖြေတယ်။ ကျမကို ဖွားဖွားက ချစ်စနိုး လုလုလို့မခေါ်ပဲ ပူလူးလို့ခေါ်ပါတယ်။
“ဟုတ် …” ဖွားဖွားကို ပြန်ဖြေရင်း တဆက်တည်း-
“ဒါဆိုရင် အခုလာမဲ့လုလုရဲ့မွေးနေ့က ၁၈ရက်နေ့ဆိုတော့နှစ်ဆန်း၂ရက်နေ့ပေါ့နော်” ကျမရဲ့ အသက် ၇နှစ်ပြည့်မွေးနေ့က ရက်များ မကြာမီရောက်လာတော့မှာဖြစ်တဲ့ အတွက်မေမေကမွေးနေ့ပွဲအတွက် သူငယ်ချင်းတွေ ဖိတ်ထားတာကို သတိရပြီး ပျော်ရွှင်မြူးတူးစွာ အစ်ကိုဖြစ်သူကို အကွန့်တက်လိုက်ပါတယ်။
ကျမတို့မောင်နှစ်မနှစ်ယောက်နဲ့ ဖွားဖွားအတွက်ပါ မကျန် အဒေါ် ၃ယောက်စလုံး အတွက်ပါမေမမေက အင်္ကျီသစ်လေးတွေ ကြိုတင်စီစဉ်နေပြီးဖြစ်သလို ကျမမွေးနေ့အတွက်လဲ အထုပ်ကလေးတစ်ထုပ် ထုပ်ပိုးထားတာတွေ့ရပါတယ်။ ကျမ အတော်လေးပျော်နေတဲ့အတွက် ပျော်မဆုံး မော်မဆုံး တပြုံးပြုံးလေ…
ဒီကနေ့ သင်္ကြန်စကျတယ် မေမေက ကျမတို့ မောင်နှမ နှစ်ယောက်ကို ထိခိုက်ရှနာဖြစ်မှာစိုးတဲ့အတွက် ဦးလေးအဒေါ်တွေ ကားနဲ့ရေပက်ခံထွက်လျှောက်လည်တာကို မထည့်ပဲ မင်္ဂလာတံတား ထိပ်နားက မဏ္ဍာပ်မှာသူငယ်ချင်တွေနဲ့ရေကစား ခိုင်းပါတယ်နေ့တိုင်းလိုလို မနက်ပိုင်းရေကစားနေ့လည်အိမ်ပြန်နား ညနေတစ်ခေါက်ရေပြန်ကစားနဲ့ ညပိုင်းရောက်တော့ဖေဖေက ကားမောင်းပို့ပြီး အလှပြကားတွေကို လိုက်ကြည့်ကြရပါတယ် ဒီလိုနဲ့ပဲ မန္တလေးသင်္ကြန်ကို ပျော်ပျော်ပါးပါး ပြီးဆုံးစေခဲ့တယ်။
ဒါပေမဲ့ ကျမစိတ်ထဲမှာ တစ်မျိုးဖြစ်နေတယ် ‘စနေဆန်းတယ်’ ဆိုတဲ့စကားလုံးဟာ ကျမအိပ်ယာထဲအထိ ပါလာတတ်ပါတယ် ကစားလို့ပျော်နေတဲ့အချိန်တွေမှာမေ့မေ့လျော့လျော့ ရှိနေပေမဲ့ ကျမအတွက် ဦးနှောက်အားပြီဆိုတာနဲ့ အဲဒီအတွေးကရောက်ရောက်လာတယ် တောင်တွေးမြောက်တွေးနဲ့ ခေါင်းထဲကနေ ထုတ်ထုတ်ပစ်ရတယ် ဒီလိုနဲ့ပဲ နှစ်ဆန်းတစ်ရက်နေ့ကို ရောက်လာပါတော့တယ် အဲဒီနေ့မနက်မှာ မေမေက ဘုန်းကြီးကျောင်းကို ဆွမ်းဂျိုင့်သွားပို့ခဲ့ပါသေးတယ် တကယ်တော့ကျမရဲ့မေမေကခရိယာန်ဘာသာဝင် တစ်ဦးဖြစ်ပြီးဖေဖေကတော့ ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ပါတယ်မေမေကဖေဖေ့အတွက် လိုအပ်တယ်ထင်ရင် အခုလို လုပ်ပေးလေ့ရှိပါတယ် ဒီလိုသွားလာရင်း တစ်ခါတစ်ရံ ကြုံကြိုက်တဲ့အချိန်ဆိုရင် ဆရာတော်ဆီကနေ တရားတော်တွေကို နာခွင့်ရပါတယ် တရားနာရာက စပြီး ဗုဒ္ဓဘာသာကို ကြည်ညို လေးစား သက်ဝင် ယုံကြည်လာပြီး ခရိယာန်ဘာသာကို စွန့်လွှတ်ပြီး ဗုဒ္ဓဘာသာကိုပြောင်းလာတာ သင်္ကြန်မတိုင်ခင် တစ်ပတ်လောက်ဖြစ်တဲ့ ဧပြီလပထမပတ်မှာဖြစ်ပါတယ်။
နေ့လည် ၁နာရီမှာဖေဖေ့တို့ရဲ့ မိတ်ဆွေ စုံတွဲတစ်တွဲလာပြီးဖေဖေ၊မေမေတို့နဲ့အတူ ကျမမွေးနေ့ပြီးရင် ရန်ကုန်ကို အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ခရီးသွားဖို့ရာတိုင်ပင်နေကြတယ်။ဖေဖေကမေမေ့ကို “ဂရက်ရေ မနက်ကဖိုင်လေး ကုတင်ခေါင်းရင်းဖက်က စာအုပ်စင်လေးပေါ်မှာရှိတယ် ကိုယ့်ကိုသွားယူပေးပါအုံး” လို့ပြောတော့ မေမေလည်း “ဟုတ်ကဲ့” ဆိုပြီးအပေါ်ကိုပြေးတက်သွားတယ်။ လူကြီးတွေကိစ္စမို့ ကျမနဲ့ ကျမရဲ့ အစ်ကိုလဲ ကစားဘို့ရာ အပြင်ဖက်ကို ထွက်သွားကြပါတယ်
အပြင်ဖက်မှာ ကစားနေတုန်း “ဝုန်း” ဆိုတဲ့ အသံတစ်ခုကို ကြားလိုက်ရပြီး စက္ကန့်ပိုင်းမှာ ဖွားဖွားရဲ့ “အမလေး လာကြပါအုံး ဒီမှာ ဂရက် ဂရက်” ဆိုပြီး အသံဆက်ထွက်မလာတော့ပါဘူး။ အသံကြားတာနဲ့ တပြိုင်တည်း ကျမတို့မောင်နှမနှစ်ယောက်လဲ အိမ်နောက်ဖေးလှေခါးကနေ အပြေးအလွှားအပေါ်ထပ်ကို တက်သွားကြသလိုဖေဖေလည်း ဧည့်သည်တွေကို ထားခဲ့ပြီး အိမ်ရှေ့လှေခါးကနေ အပေါ်ထပ်ကို ကသောကမျောတက်သွားပါတယ်။ အိမ်ရှိလူအားလုံးအပေါ်ရောက်လာတယ် အပေါ်ထပ်ကိုရောက်တဲ့အခါ ကျမမြင်လိုက်ရတဲ့မြင်ကွင်း ကတော့မေမေရဲ့ခေါင်း ကနေသွေးတွေ အဆက်မပြတ် စီးကျနေတာကိုပါပဲ ကျမလဲ ချက်ခြင်းခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားပြီး စိတ်ကိုပြန်ထိန်းထားလိုက်ပါတယ် ကိုကိုကတော့ “မေမေ၊မေမေ” လို့ခေါ်ပြီးငိုနေလေရဲ့ဖေဖေက၊မေမေ့ကို ရင်ခွင်ထဲပွေ့ချီလိုက်ပြီး “ဂရက် ဂရက် သတိထားပါနော် ခဏလေး စိတ်ကိုတင်းထားပါနော်” လို့အသံအက်ကြီးနဲ့ ငိုသံရောပြီး ဆက်တိုက်ပြောနေပါတော့တယ် ကျမကတော့ကျောက်ဆစ်ရုပ်လို မလှုပ်မရှက်ရေချိုးခန်းတံခါးဘောင်ကို မှီထားရင်း ကြောင်ငေးငေးသာကြည့်နေမိပါတော့တယ်။
အဒေါ်အလတ်ကဆေးရုံကိုဖုန်းဆက်ပြီး လက်ရှိဖြစ်နေတဲ့အခြေအနေကို အကြမ်းဖျင်းပြောပြလိုက်ပါတယ်။ ၁၅မိနစ်အတွင်း မှာမေမမေ့ရဲ့ ခေါင်းဒဏ်ရာကနေကျလာတဲ့သွေးတွေဟာ ခန်းခြောက်သွားပြီထင်ပါရဲ့ ဆက်ပြီးကျမလာတော့ပဲ တဖြည်းဖြည်းခဲလာတာတွေ့ရ ပါတယ်။ဆေးရုံကားလဲ ရောက်လာပြီး လူနာတင်စင်နဲ့မေမေ့ကို ချက်ခြင်းဆိုသလိုခေါ်ထုတ်သွားပါတယ်။ ကျမတို့မောင်နှမနှစ်ယောက်ကို အိမ်မှာပဲနေခဲ့ပြီး မေမေသတိရတာနဲ့ ဖုန်းဆက်လိုက်မယ် လို့ဖေဖေကပြောသွားခဲ့ပါတယ်။ ကိုကိုကတော့ ငိုရတာပင်ပမ်းသွားလို့ထင်ပါရဲ့ ငိုရင်းအိပ်ပျော်သွားပါတယ် ကျမကတော့ ညသန်းခေါင်းကျော်အထိ မျက်ရည် တစ်စက်မှမကျခဲ့ပါဘူး ရင်ထဲမှာတော့ အလုံးကြီးတစ်လုံး ဆို့နစ်နေတာကို ခံစားနေရပါတယ် အိပ်မပျော်နိုင်ပဲဖေဖေ့ရဲ့ ဆက်လာမဲ့ဖုန်းသံကို နားစွင့်နေမိတယ် အဒေါ်တွေနဲ့ ဖွားဖွားလဲ ငုတ်တုတ်ထိုင်စောင့်နေကြပါတယ် ညဉ့်သန်းခေါင်ကျော် ၂နာရီမှာ ဖုန်းသံကြားတော့ ကျမလဲ ဖွားဖွားတို့အနားကို အပြေးကလေးသွားကပ်လိုက်ပါတယ် ဖွားဖွားက ဖုန်းကိုကောက်ကိုင်လိုက်ပြီး- “ဂရက် သတိရပြီလားဟင် ဂရက် သတိရပြီလား” လို့ အမောတကောမေးလိုက်တယ်။ တဖက်က ဖေဖေပြန်ပြောတဲ့ အသံကို မကြားရပေမဲ့ ဖွားဖွားက “ဖြစ်မှဖြစ်ရလေ သမီးရယ်” ဆိုပြီးပျော့ခွေသွားပါတော့တယ်။ အဒေါ်တွေလဲ ဖွားဖွားကိုပွေ့ချီပြီး ရှိုက်ငိုရင်းကနေ ယပ်ခပ်သူခပ်ဆေးလိမ်းပေးသူလိမ်းပေးနဲ့ ဝရုန်းသုန်းကား ဖြစ်နေပါတော့တယ်။ ရင်ထဲကနင့်ကနဲခံစားလိုက်ရပြီး ပါးစပ်ကနေရေရွတ်မိတာကတော့-
“အော် ဒီကနေ့က ၁၈ရက် ဧပြီလ မေမေဆုံးတဲ့နေ့ ငါ့မွေးနေ့ပါလား” …….
ခဏစောင့်ပါ...