x

11.5.11

အတိတ်မှပုံရိပ်များ


ဧပြီလ၁၈ရက်နေ့ ညနေ၆နာရီခန့်တွင် ကျမအိပ်ယာမှနိုးလာသည် အိပ်ယာမှချက်ခြင်းထ၍ မရနိုင်အောင်ခေါင်းကြီးလေးပြီး ကိုက်နေသည်။ နားထင်မှသွေးကြောများ တင်းနေသည့်ဝေဒနာကို ခံစားနေရပါသည်။ လည်ပင်းလဲနာနေဆဲပါ။ ကျမကုတင်ခြေရင်းတွင် ကျမကိုထိုင်စောင့်နေသော မူတူးလူကို တွေ့ပါသည်။ ကျမနားထဲတွင် စကားပြောသံများ ကြားနေရသဖြင့် “ဘယ်သူတွေလဲဟင်” လို့ မူတူးလူကို မေးလိုက်သည်။ “ဧည့်သည်တွေ နာရေးလာမေးကြတာပါ” ဟု မူတူးလူက ပြန်ဖြေသည်။

ကျမအာရုံတွင် ကျမချစ်သောမေမေ့ကို ချက်ခြင်းသတိရလိုက်သည်။ တဆက်တည်းမှာပင် ယမန်နေ့နေ့လည်က အဖြစ်အပျက်များကို တဖြည်းဖြည်းပြန်လည်၍မြင်ယောင် လာပါသည်မေမေ့ကို ထမ်းစင်ပေါ် တင်ပြီးအောက်ထပ်သို့ ဝိုင်းဝန်းခေါ်ဆောင်သွားချိန်တွင် ကျမမှာရေချိုးခန်းတံခါးဘောင်ကို မှီထားရင်း လှုပ်ရှားမှုများကိုသာ မမှိတ်မသုံကြောင်ငေးငေး ကြည့်နေမိရာမှ သတိဝင်လာပြီး ထမ်းစင်နောက်သို့ အပြေးလေးလိုက်ပါသည်။ဆေးရုံကားအတွင်းသို့ ထမ်းစင်အားထည့်သွင်းပြီးသောအခါ တံခါးကို ပိတ်လိုက်သည်။ ကျမလည်းဖေဖေ့ရဲ့ “မေမေသတိရတာနဲ့ ဖုန်းဆက်လိုက်မယ်” ဆိုတဲ့စကားကြောင့် မတ်တပ်ရပ်လျက် အငေးသာကျန်ခဲ့သည်။ ခြံထဲမှဆေးရုံကားထွက်သွားပြီး မျက်စေ့တဆုံး ကျမလိုက်ကြည့်နေမိပါသည် ခန့်မှန်းအချိန်မှာ နေ့လည် ၂နာရီခန့်ဖြစ်ပြီး သင်္ကြန်မိုးလဲ မရွာသေးသည့် အတွက်နေမှာလဲ အတော်လေးပြင်းသည်ဟု ထင်ပါသည်။ ကျမသည် နေပူနေသည်ကိုပင် သတိမထားမိသလို အချိန်မည်မျှကြာကြာ မတ်တတ်ရပ်ခဲ့သည်ကိုပင် မမှတ်မိတော့ပါ။ လူကြီးတွေ အားလုံးလဲ ကိုယ်စီကိုယ်ငှအလုပ်တွေ ရှုပ်နေသဖြင့် ကျမကို တစ်ဦးတစ်ယောက်ကမျှ သတိထားမိခြင်းမရှိဟန် တူပါသည်။ ကျမခေါင်းထဲတွင် သံချွန်ဖြင့်ထိုးခံ ရသကဲ့သို့ တစ်ချက်တစ်ချက် စူးရှသည့်ဝေဒနာ ခံစားလာရသည်။ လည်ပင်းတွင်လည်း အစာတစ်ခုခု နင်နေသကဲ့သို့ နာနေပါသည်။ ထို့ပြင် ရင်ဘတ်လဲအောင့်လာပါသည်။ တစ်ပြိုင်တည်း ထိုကဲ့သို့သောဝေဒနာများအား ခံစားရသည့် တခဏတွင်မြေကြီးပေါ်၌ ဖင်ထိုင်လျက်သားဖြစ်သွားချိန်တွင် ခြံဝင်းတွင်းသို့ ဝင်လာသောဘေးခြံမှ အဒေါ်က “ဟင် လုလု ဘာဖြစ်လို့လဲ နေဒီလောက်ပူနေတာကို လာလာ အိမ်ထဲဝင်ရအောင်” ဆိုပြီး ပြောပြောဆိုဆို ကျမကိုဆွဲထူလိုက်ပါသည်။ ကျမ၏ မျက်စေ့များပြာလာပြီးခေါင်းတွေလဲပေါက်ထွက်မလောက် ကိုက်လာကာ အရာရာဟာ မှောင်မိုက်သွားခဲ့ပါသည်။
 တိုတောင်းသော အချိန်အတွင်း ထိုသို့သောအဖြစ်အပျက်ကို အိပ်မက်သဖွယ် ခံစားနေရပါသည်။ ကျမ အခန်းတွင်းမှဖြေးညှင်းစွာ အပြင်သို့ထွက်ခဲ့ပြီး တဖန်အောက်ထပ်သို့ ဆင်းလိုက်ရာ ကျမ၏ အစ်ကိုဖြစ်သူက ဖွားဖွားနားတွင် ထိုင်နေသည်ကိုမြင်ရသည်။ ဧည့်ခန်း၊ ထမင်းစားခန်းနှင့် အခန်းပိုတို့တွင်လည်း ဧည့်သည့်များရှိနေကာ အဒေါ်များကလည်း ဧည့်သည်များကို ဧည့်ခံစကားပြောနေကြပါသည်။ ကျမထမင်းစားခန်းထဲသို့ ဝင်လာသည်ကို ဖွားဖွားက လှမ်းမြင်လိုက်သောအခါ လက်ကိုင်ပုဝါနှင့် သူမ၏မျက်ရည်ကို ကမန်းကတန်း  သုတ်လိုက်ပြီး “ပူလူး နေကောင်းသွားပြီလား ဖွားဖွားဆီ လာပါအုံး” ဟု ပြောသည်။ ကျမ ဖွားဖွားအနားသို့ ရောက်သည့်အခါ ကျမ၏ နဖူးကို လက်ဖြင့် ငြင်သာစွာ စမ်းကြည့်ပြီး “ကိုယ်ပူနေတုန်းပါလား အပြင်ဖက် ထွက်ပြီးလေစိမ်းအတိုက် မခံနဲ့နော်” ဟု ကျမကိုပြောရာမှ တဆက်တည်း အဒေါ်ငယ်အား ကျမကို နွားနို့နှင့်မုန့် ကျွေးပြီးက ဆေးပါတိုက်ခိုင်းလိုက်သည်။ ကျမအရင်က ယခုကဲ့သို့ခေါင်းကိုက်ပြီး ဖျားတာမျိုး တစ်ကြိမ်တစ်ခါမျှ မဖြစ်ဖူးခဲ့ပါ။ သိတတ်သည့်အရွယ်တွင် ဒါပထမဆုံးအကြိမ် ဖျားနာခြင်းထင်ပါသည်။ နာရေးလာမေးသည့် သူများသည် ကျမတို့မောင်နှမကို ဂရုဏာသက်စွာကြည့်ပြီး စိတ်မကောင်းဖြစ်နေကြပုံ ရသည်။
ကျမအစ်ကိုက “လုလု အပြင်ဖက်မှာ ညွန့်ညွန့်သိန်းနဲ့မောင်မြင့် တို့စောင့်နေကြတယ် သူတို့ဆီကို သွားရအောင်” ဟု ကျမစိတ်ပြေလက်ပျောက် ရှိစေရန်ခေါ်ခြင်းဖြစ်မည် ကျမ၏စိတ်တွေ စုစည်း၍ မရသေးပါ ဘယ်သူငယ်ချင်း မှလည်းတွေ့လိုစိတ်အလျင်းမရှိ။ လူကလည်း အားပြတ်နေသည့် လူမမာကဲ့သို့ ယိမ်းယိုင်နေပါသည်။ စိတ်ထဲတွင်မူ ကျမနောက်တစ်ကြိမ် တစ်ခေါက်လောက်ပြန်လည်၍ တွေ့နိုင်တော့မည် မဟုတ်တော့သော ကျမ၏မေမေ့ကို အရမ်းတွေ့ချင်နေပါသည်။ ကျမမေမေခွံ့ကျွေးသော ထမင်းကို စားချင်ပါသေးသည်။ ကျမ၏မေမေနဲ့ အတူတူ ရေချိုးချင်ပါသေးသည်။ အိပ်ရာဝင်တိုင်းမေမေ ပြောပြသော ပုံပြင်များကို နားထောင်ချင်ပါသေးသည်။ အားချိန်များတွင် ကျမမေမေ တီးသော ဂီတာသံမြူးမြူးလေးကို နားထောင်ရင်း ကျမ၏အစ်ကိုနဲ့အတူ ဂစ်တာတီးနေသောမေမေ့ဘေးကနေ အသံသေး အသံကြောင်ဖြင့် သီချင်းတွေကိုအော်၍ ဆိုချင်ပါသေးသည်။ ရီမောပျော်ရွှင်နေသောမေမေ့ ဘေးနားတွင်လည်း အဒေါ်လတ်နဲ့ အဒေါ်ငယ်တို့ လက်ခုပ်လိုက်တီးသည်ကို သဘောကျနေသော ချစ်မေမေ့မျက်နှာကို မြင်ချင်ပါသေးသည်။
အတွေးပေါင်းများစွာကို တွေးရင်း ကျမဝမ်းနည်းလာပါသည်။ မျက်ရည်ကတော့ ထွက် မလာပါ။ ကျမ၏ အစ်ကိုကဲ့သို့ အော်ဟစ်ငိုကြွေးနိုင်လျှင် အဘယ်မျှ ကောင်းလိုက်မည်နည်း။ ရင်ဘတ်အောင့်၍လည်ပင်းတွင် တစ်ဆို့ဆို့ ဖြစ်နေသော ဝေဒနာသည် အလွန်အခံရခက်လှသည်။ ကျမလည်း ကိုယ့်အခန်းကိုယ် ပြန်သွား၍ ကုတင်ပေါ်တွင်ပြန်လှဲ၍နေလိုက်သည်။ 

တခဏအကြာတွင် ခြံဝင်းတွင်းသို့ဖေ့ဖေ့ကား  ဝင်လာသံကို ကြားရသည်။ အရင်ကလိုသာ ဆိုရင်ဖြင့် ကျမဖေဖေ့ကိုမေမေ့ထက်ဦးအောင်  ပြေးပြီးလု၍ ကြိုလေ့ရှိပါသည်။ အခုတော့ ကျမတစ်ယောက်တည်းပါ ကျမနဲ့အပြိုင်ပြေးပြီး ကြိုမဲ့မေမေက မရှိတော့ဘူးလေ ဒီတော့ကျမဘယ်သူနဲ့ ပြိုင်ပြေးပြီး ကြိုနေရအုံးမှာလဲ။ တစ်အောင့် အကြာတွင် ကျမရှိရာ အိမ်အပေါ်ထပ်သို့ဖေဖေ တက်လာပါသည်။ “လုလု နေမကောင်းဘူးဆို ကိုယ့်ကိုယ်ကို အမြန်နေကောင်းအောင် ဆေးသောက်ရမယ်နော်လုလုအတွက်မေမေက မှာသွားတယ် လုလုကို ဂရုစိုက်ပါတဲ့” ဟုကျမကို ဖေဖေက ဆို့နစ်စွာပြောရင်း နဖူးကိုနမ်းသည်။ဖေဖေ့ရဲ့ မျက်လုံးတွေ နီရဲနေသည်။ ဘယ်အတိုင်းအတာအထိဖေဖေ စိတ်ထိခိုက်နေသည်ကို ကျမ အသေအချာ မသိသော်လည်း ဝမ်းနည်းခြင်းများစွာနှင့်ဖေဖေ့လက်ကို လှမ်းဆွဲလိုက်သည်။ ကျန်ရစ်သူ ကျမတို့အားလုံးမှာတော့ မည်သို့မျှ ဖြည်ဆည်၍ မရနိုင်သည့်တိုင် ကျမမေမေကတော့ အားလုံးကိုကျောခိုင်းသွားပြီမဟုတ်ပါလား ။ 

ဧပြီလ ၁၉ရက်နေ့တွင် ရန်ကုန်မှမေမေ့အမျိုးများနှင့် မင်းဘူးဖက်မှ ဖေဖေ့အမျိုးများ ရောက်လာကြပါသည်။ အိမ်ထဲဝင်လိုက်သည်နှင့်  ကျမမေမေ့နာမည်ကို တမ်းတမ်းတတအော်ခေါ်ပြီး ငိုကြပါသည်။ ကျမလဲ အပေါ်ထပ်မှအောက်ထပ်သို့ မဆင်းပါ။ ငိုယိုသံလဲ မကြားလိုတော့ပါ။ အိမ်မှာတော့နှစ်ဖက်အမျိုးများ စုံလာသဖြင့် အခန်းလွတ်များ မရှိသလောက်ဖြစ်နေပါသည်။ ကျမမေမေဟာ ‘လူမြင်ချစ်ခင်ပါစေ’ ဆိုတဲ့ ဆုကိုများတောင်းခဲ့တယ်ထင်ပါရဲ့ လူချစ်လူခင်အတော်လေးပေါပါသည် အိမ်တွင်ဧည့်များ တစ်ဖွဲဖွဲ စဉ်ဆက်မပြတ် ဝင်ထွက်နေတာကို အိမ်အပေါ်ထပ်မှနေ၍ ကျမမြင်နေရပါသည်။ ခရီးသွားနေတဲ့ ဦးလေးလဲ သတင်းကြားကြားခြင်း မှီရာကားနှင့် လိုက်ခဲ့ရကြောင်းပြောသံကြားပါသည်။ အဒေါ်တွေကတော့ ကျမအခြေအနေကို တစ်လှည့်စီ လာလာပြီး ကြည့်ကြသလို ခရီးဝေးကဆွေမျိုးတွေလဲ ကျမနေမကောင်းတဲ့အတွက် ကျမဆီလာပြီးနှစ်သိမ့်စကားလုံးများပြောပါသည်။ မနက်ဖြန်မေမေ့အသုဘကို ကျမလိုက်လို့မရကြောင်း ကျမကိုဖေဖေကပြောပါသည်။ ကျမဖေဖေ့ကိုစောဒက မတက်တော့ပါ။ ကိုယ်တိုင်နေမကောင်းဖြစ်နေသည့် အတွက်ခေါင်းညိတ်ပြရုံသာရှိပါတော့သည်။ တဆက်တည်းမှာပင် ဖွားဖွား၏ ညီမတစ်ဝမ်းကွဲ ဖွားဖွားလေးနှင့် ကစားဖော်ညွန့်ညွန့်သိန်းတို့က ကျမကို အဖေါ်လုပ်ပြီး စောင့်ပေးမည့်အကြောင်း ဖေဖေက ကပြောပါသည်။

ဧပြီလ ၂၀ရက်နေ့မေမေ့ရဲ့နောက်ဆုံးခရီးကို ကျမလိုက်ပါ ပို့ဆောင်ခွင့်မရခဲ့ပါ။ အိပ်ယာမှ ထ၍ ထိုင်လိုက်သည့်အခါခေါင်းတစ်ခုလုံး အုံနေပါသည်။ မျက်လုံးတွေလဲ အငွေ့တွေထွက်နေသကဲ့သို့ ပူနေပါသည်။ အာခြောက်ပြီးရေကို မကြာခဏသောက်နေရပါသည်။ ကျမကိုစောင့်ပေးသောနှစ်ယောက်မှ လွဲ၍ တစ်အိမ်လုံး မည်သူမျှမကျန်ပါ တိတ်ဆိတ်နေပါသည်။မေမေ့ကိုမြေမြှုပ် သင်္ဂြိုလ်မှာဖြစ်တဲ့အတွက် ကျမ အားမလျော့ခဲ့ပါဘူး ငါနေကောင်းလျှင် သွားကြည့်လို့ရသည်ဟူ၍ စိတ်ကိုဖြေပါသည်။မေမေ ကွယ်လွန်သည့် အချိန်တွင် ဗုဒ္ဓဘာသာဖြစ်နေသော်လည်း ကျမမေမေ့ရဲ့ မိခင်ဖြစ်သူရန်ကုန် ဖွားဖွားက ခရိယာန်သင်္ချိုင်းတွင်သာမြုပ်နှံလိုကြောင်း အခိုင်အမာပြောလာသဖြင့် ကျန်ဆွေမျိုးများအားလုံးက ဖွားဖွားဆန္ဒအတိုင်း ခရိယာန်သင်္ချိုင်းတွင်မြေမြှုပ် သင်္ဂြိုလ်ရန် သဘောတူကြပါသည်။ ခရိယာန်ဆွေမျိုးအသိုင်းအဝိုင်းမှ မေမေ့အတွက် ဘုရားကျောင်းတွင် ဆုတောင်း ဝတ်ပြုပွဲ ကျင်းပခဲ့သလို ဗုဒ္ဓဘာသာဝင်ဆွေမျိုးအသိုင်းအဝိုင်းကလဲ ကျမမေမေရဲ့ သံသရာဝဋ်ဆင်းရဲ ဒုက္ခအပေါင်းမှ ကျွတ် လွတ်စေဘို့ ရည်သန်၍ သံယာ (၅)ပါးပင့်၍ သရဏဂုံတည်ခြင်း ရက်လည်ဆွမ်းကပ်ခြင်း တို့ကို စိတ်အားထက်သန်စွာ ပြုလုပ်ကြပါသည်။   

ဒီအဖြစ်အပျက် အကြောင်းအရာလေးတွေကတော့ ကျမအတွက် မမေ့နိုင်တဲ့ အတိတ်ကပုံရိပ်များပင်....

မေတ္တာဖြင့်
အန်တီတင့်     

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz