x

17.5.11

မဟာဗောဓိပင် ရေစင်သွန်းလောင်းပူဇော်



 ယနေ့သည် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ အထွတ်အမြတ်ထားရာ ၁၃၇၃ ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့) ဖြစ်သည်။
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘုရားရှင်၏ ဖြစ်စဉ်တော်များနှင့် ဆက်စပ်ဖြစ်တည်နေသည်။ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း ဟူ၍ရေးဖွဲ့ကြသည်။

ကဆုန်လပြည့်နေ့တွင် ဒီပင်္ကရာဘုရားရှင်ထံမှ ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟူ၍ ဗျာဒိတ်တော် ရရှိခဲ့သည်။ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ကဆုန်လပြည့်နေ့တွင် ဖွားမြင်တော် မူခဲ့ သည်။ မြတ်ဗုဒ္ဓနှင့်ဖွားဖက်တော် ခုနှစ်ပါးတွင် ပါဝင်သည့် မဟာဗောဓိပင်သည် ကဆုန်လပြည့်နေ့ တွင် ပေါက်ရောက်တော်မူသည်။ ကဆုန်လပြည့်နေ့တွင်ပင် သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင်သိမြင်တော်မူပြီး သဗ္ဗညုတရွှေဉာဏ်တော်ရှင် ဘုရားရှင်အဖြစ် ရောက်တော်မူခဲ့သည်။ ထို့အတူ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူသည်မှာလည်း ကဆုန်လပြည့်နေ့တွင်ပင် ဖြစ်သည်။

တန်ခူးရေကုန် ကဆုန်ရေခန်း ဟူသော ဆိုစကားနှင့်အညီ မိုးတိမ်မိုးသားထဲမှ ဖောက်ထွက်လာသော ကဆုန်လ နေပူရှိန်ပြင်းထန်းသဖြင့် ရေခန်းခြောက်တတ်သည်။  ထို့ကြောင့်ပင် ဗုဒ္ဓဘုရားရှင်၏ ပရိဘောဂ .စေတီ ဖြစ်တော်မူသော မဟာဗောဓိပင် ခက်လက်လန်းဖြာ အသက်ရှည်စေရန် အေးမြကြည်လင်သောရေ စင်ရေအေးတို့ဖြင့် သွန်းလောင်းကြသည်။

သူတော်စင် သူတော်ကောင်းအပေါင်းတို့က ဗုဒ္ဓဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်တို့ကို အာရုံပြုရည်မှန်းလျက် ကဆုန်လပြည့်နေ့တွင် မဟာဗောဓိပင်ကို ရေစင်သွန်းလောင်း ပူဇော်ကြသည်။ ညောင်ရေသွန်းလောင်း ပူဇော်သူတို့၏ နှလုံးစိတ်ဝမ်းကြည်လင်အေးချမ်းပြီး ကုသိုလ်ထူးကုသိုလ်မြတ်များ ရရှိနိုင်ကြပေမည်။

မြတ်ဗုဒ္ဓဘုရားရှင်သည် လောကသုံးပါးတွင် အတုမဲ့၊ အနှိုင်းမဲ့ ဗုဒ္ဓအဖြစ် အထွတ်အထိပ်သို့ ရောက်ရှိပြီးချိန်မှ ပရိနိဗ္ဗာန်စံဝင်သည်အထိ ဝေနေယျ သတ္တဝါတို့အား ကောင်းကျိုးချမ်းသာဖြစ်စေမည့် တရားဒေသနာတော်များ ဟောကြားတော်မူခဲ့ပေသည်။

သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သည် ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့တွင် ဗုဒ္ဓ၏ ပရိဘောဂ စေတီဖြစ်သည့် မဟာဗောဓိပင်ကို နှစ်စဉ်ရေစင်သွန်းလောင်း ပူဇော်ကြမြဲဖြစ်သည်။မြတ်ဗုဒ္ဓ ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်တို့ကို ရည်မျှော်ပြီး အဆုံးအမဒေသနာ တရားတော်များ နာကြားအားထုတ် ကုသိုလ်သုစရိုက်တရား ကျင့်ကြံပွားများနေကြခြင်းဖြင့် ကိုယ်စိတ်နှစ်ဖြာ ချမ်းမြေ့သာယာခြင်း အကျိုးထူးများ ရရှိနိုင်ကြမည်ဖြစ်ပါသည်။
(ကြေးမုံ မှကူးယူပြီး မျှဝေပါသည်)

မေတ္တာမွန်ဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz