x

26.5.11

ဘဝရဲ့ တစ်စိတ်တစ်ဒေသ အတွေ့အကြုံ (၃)


၁၉၉၇ ခုနှစ်ကစတင်ပြီး အကောင်အထည်ဖော်ခဲ့တဲ့ Pacific Star Manufacturing Co; Ltd. က အခက်အခဲမရှိပဲ တရိပ်ရိပ်နဲ့အောင်မြင်ခဲ့ရာကနေ ၁၉၉၉ခုနှစ်မှာ လှိုင်သာယာမြို့နယ် မီးခွက်ဈေးနားမှာ Pacific Star စက်ရုံခွဲတစ်ခုကို ထပ်မံတိုးချဲ့ခဲ့ပါတယ် ဆက်တိုက်ဆိုသလို Pacific Star garment စက်ရုံအမည်နဲ့ တချိန်ထဲမှာပဲ တောင်ဥက္ကလာပမြို့နယ်မှာ တိုးချဲ့ပြန်ပါတယ် အောင်မြင်မှုတွေ ဆက်တိုက်ရနေသလို စက်ရုံအပေါ်သစ္စာရှိရှိ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကိုလည်း တစ်ဖက်တစ်လမ်း ကနေ ခံစားခွင့်တွေ ဖန်တီးပေးနေပါတယ်။ ကုမ္ပဏီရဲ့ နှစ်ပတ်လည်နေ့မျိုးကို ဟိုတယ်တစ်ခုခုမှာ ကျင်းပပေးပြီး မဲနှိုက်ရပါတယ်။ တရုတ်နှစ်သစ်ကူးနေ့မျိုးမှာ စက်ရုံအားလုံးမှာရှိတဲ့ ဝန်ထမ်းများကို ‘အန်ပေါင်း’ ဆိုပြီး လဒ်ရွှင်တဲ့ မုန့်ဘိုးမျိုးပေးတတ်သလို စက်ရုံကနေထုတ်လုပ်တဲ့  အထည်များကိုလည်း လက်ဆောင်အဖြစ်ပေးတတ်ပါတယ်။

စက်ရုံ တစ်ရုံပြီးတစ်ရုံ ချဲ့လာတာနဲ့အမျှ စက်ရုံရဲ့လုပ်ငန်းတွေကို အခက်အခဲမရှိ ဆက်လက် လည်ပတ်နိုင်စေဖို့ရာ လက်ထောက်မန်နေဂျာ (Assistant Manager) ရာထူးများကို လက်ရှိ ရုံးဌာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ရုံးအဖွဲ့ထဲကနေ သက်ဆိုင်ရာ ဌာနမန်နေဂျာရဲ့ အကြံပြုထောက်ခံချက် ရယူပြီး အရည်အချင်းပြည့်မှီ သူတွေကို ရာထူးတိုးပေးပြီး စက်ရုံခွဲတွေကိုစေလွှတ် တာဝန် ထမ်းစေပါတယ်။   
ကုမ္ပဏီရှိ မန်နေဂျာတိုင်းကို အထွေထွေမန်နေဂျာက ယုံကြည်မှုအပြည့်ထားပြီး အကောင်းဆုံးဖြစ်အောင် လုပ်ငန်းတွေကို လုပ်ဆောင်စေသလို မန်နေဂျာတွေကလည်း မိမိဌာနနဲ့ သက်ဆိုင်တဲ့ အကြောင်းကြီးငယ် ရှိရင်ရှိသလို စက်ရုံ(၃)ရုံကို သွားရောက်စစ်ဆေး အကြံပေးတာမျိုး လုပ်ကြပါတယ်။ တစ်ခါတစ်ရံ မန်နေဂျာ တစ်ဦးဦးမှာ ကိုယ်တိုင်ဖြေရှင်းရ ခက်ခဲတဲ့ အကြောင်းကိစ္စတွေပေါ်လာရင် ကျန်ဌာနတွေက မန်နေဂျာများ အားလုံးက မိမိဌာနနဲ့ သက်ဆိုင်သည်ဖြစ်စေ  မသက်ဆိုင်သည်ဖြစ်စေ ဝိုင်းဝန်းစဉ်းစား တိုင်ပင်ကြပြီး ကူညီ ဖြေရှင်းလေ့ရှိပါတယ်။ 


                                         Merchandiser အဖွဲ့ရဲ့ အမှတ်တရ



                                          Accountant အဖွဲ့ရဲ့ အမှတ်တရ



                                              Personnel အဖွဲ့ရဲ့ အမှတ်တ




                                                ဌာနစုံမှ Staff များ အမှတ်တရ

ဘယ်လုပ်ငန်းဖြစ်ဖြစ် လုပ်ငန်းတစ်ခုခု လုပ်တယ်ဆိုရင်တော့ ချက်ခြင်း လွယ်ကူချောမွေ့ဖို့ မဖြစ်နိုင်ပါဘူး ဒါပေမယ့်လည်း ကုမ္ပဏီမှာ ကြုံလာသမျှ အခက်အခဲတိုင်းလိုလို အလွယ်တကူဖြေရှင်းနိုင်ခဲ့ ပါတယ်။ ထမင်းရှင်ဖြစ်တဲ့ အလုပ်ရှင်နဲ့ အထွေထွေမန်နေဂျာရဲ့ ဝန်းထမ်းတိုင်းအပေါ် ထားရှိတဲ့ စေတနာမှန် မေတ္တာ ဂရုဏာရဲ့ တန်ပြန်မှုကတော့ အောင်မြင်ခြင်းပဲဖြစ်ပါတယ်။  စက်ရုံဝန်ထမ်းတွေကို (၅)နှစ်ဆက်တိုက် ကုမ္ပဏီမှာ တာဝန်ထမ်းဆောင်ရင် ဆုကြေးအဖြစ်နဲ့ ရွှေဆွဲပြားလေးကို ချီးမြှင့်ပါတယ် ငါးမူးသားပေးတယ် ဆိုပေမယ့်လည်း အလျော့တွက်နဲ့ လက်ခနဲ့ နှုတ်လိုက်ရင်တော့ ငါးမူးသားမပြည့်တော့ဘူးပေါ့နော်း) အဲဒီလိုနေ့ရက်ရောက်လာရင် ဟိုတယ်တစ်ခုခုမှာ အခမ်းအနားလုပ်ပြီး တစ်ယောက်ခြင်းကို စင်ပေါ်ခေါ်ပြီး အထွေထွေမန်နေဂျာနဲ့ မန်နေဂျာတွေက ချီးမြှင့်ပါတယ်။ မန်နေဂျာတွေကိုတော့ အလုပ်ရှင်နဲ့ အထွေထွေမန်နေဂျာက ချီးမြှင့်ပါတယ်။ အလုပ်ရှင်က တစ်ခါတစ်ရံ အနောက်နိုင်ငံတွေကို ဝယ်သူ သွားရှာတဲ့အချိန်နဲ့ တိုက်ဆိုင်နေရင်လည်း ကျမတို့ကျင်းပတဲ့ရက်ကို မရောက်ရောက်အောင်ပြန်လာပြီး ကိုယ်တိုင် ဆုပေးပွဲကိုတက်လေ့ ရှိပါတယ်။ အလုပ်ရှင်ရဲ့ အခုလိုပွဲကို မဖြစ်မနေ တက်ရောက်ခြင်း ရည်ရွယ်ချက်ကတော့ သူ့ရဲ့စီးပွားရေးကို ခိုင်မြဲအောင်လုပ်ဆောင်ပေးနေတဲ့ ဝန်ထမ်းတွေကို အခွင့်အခါရတုန်း ကိုယ်တိုင်လာပြီး အားပေးချင်တဲ့ အတွက်တက်ရောက်ခြင်းပါတဲ့။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုသလို တစ်ဦးနဲ့တစ်ဦး  စေတနာ မေတ္တာ ဂရုဏာတွေနဲ့ ဆိုးတူကောင်းတူ လုပ်ဆောင်နေတဲ့ Pacific Star ကုမ္ပဏီကြီးဟာ ၂၀၀၀ ခုနှစ် ဒီဇင်ဘာလမှာ Myanmar Lucky Star  Manufacturing Co; Ltd. ကို ထပ်မံတိုးချဲ့ပြီး ထူထောင်နိုင်ခဲ့ပါတယ်။


               ၂၀၀၀ ခုနှစ်မှာ ထပ်တိုးစက်ရုံ Myanmar Lucky Star Manufacturing Co; Ltd.

မကြာမီကာလမှာ လှိုင်သာယာမြို့နယ် စက်မှုဇုံ (၅) မှာ Goldend Star အမည်နဲ့ ထပ်မံတိုးချဲ့ခဲ့ပါတယ်။ စက်ရုံ ငါးရုံရဲ့ ဝန်ထမ်းအင်အားမှာလည်း ဦးရေ ၂၅၀၀ကျော်ဖြစ်လာတာတွေ့ရပါတယ်။ အုပ်ချုပ်သူ အဖွဲ့အစည်းရဲ့ ဘက်လိုက်မှုမရှိပဲ တပြေးညီညာ ကိုယ်ချင်းစာတရားနဲ့ အုပ်ချုပ်သလို ဝန်ထမ်းတွေဖက်ကလည်း စေတနာအပြည့်အဝနဲ့ အသိစိတ်ဓာတ်ရှိရှိ လုပ်ဆောင်တဲ့အတွက် ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ ပြဿနာအသေးအဖွဲကလွဲပြီး ကြီးကြီးမားမား ပြဿနာမရှိခဲ့ပါ။

ကုမ္ပဏီကြီးအောင်မြင်စေရန် အစစအရာရာ နားလည်မှုအပြည့်အဝနဲ့ ကူညီပံ့ပိုးပေးခဲ့တဲ့ အဓိကငွေရင်းနှီးပေးသူ ကျမတို့ရဲ့ သူဌေးဟာ ညီအစ်ကိုနှစ်ယောက်ဖြစ်ပြီး အစ်ကိုဖြစ်သူက အခြားလုပ်ငန်းများနှင့် စက်ရုံကို အရောက်နည်းပါတယ်။ ညီဖြစ်သူ သူဌေးကတော့ တစ်နှစ်ကို ၃ကြိမ် ၄ကြိမ် အဆင်ပြေရင်ပြေသလို လာတတ်ပါတယ်။ ဝန်ထမ်းတွေကို စိတ်ဖိစီးမှုလျော့ကျစေဖို့ အတွက် မကြာခဏပြုလုပ်ပေးတဲ့ ပွဲတွေမှာ တစ်ခါတစ်လေ ညီဖြစ်သူ လာဖို့အခက်အခဲဖြစ်နေရင် အစ်ကိုဖြစ်သူက အရောက်လာပြီး အားပေးလေ့ရှိပါတယ်။ မိမိရဲ့အကျိုးအမြတ်ကနေ ဝန်ထမ်းများရဲ့ ဘဝရပ်တည်ဖို့အတွက် အမြဲစဉ်းစားပေးတဲ့ သူဌေးတို့ညီအစ်ကို နှစ်ယောက်ကို ဝန်းထမ်းအားလုံးကလည်း ချစ်ခင် ရိုသေ လေးစားမှု အပြည့်ရှိတဲ့အတွက် လုပ်ငန်းခွင်မှာ လုပ်ကိုင်နေရတဲ့အချိန်တွေဟာ ကုန်မှန်းမသိ ကုန်ဆုံးခဲ့ပါတယ်။


       အလုပ်ရှင်သူဌေး အစ်ကို ဖြစ်သူမှ ကုမ္ပဏီနှစ်ပတ်လည်နေ့ကို တက်ရောက်ခဲ့ပုံ အမှတ်တရ


အလုပ်ရှင်သူဌေး ညီဖြစ်သူမှ ၅-နှစ်ပြည့် ဝန်ထမ်းများကိုရွှေတံဆိပ် ဆုပေးပွဲကိုတက်ရောက်ခဲ့ပုံ အမှတ်တရ


                                 မန်နေဂျာများနှင့် နည်းပညာရှင်များရဲ့ အမှတ်တရပုံ


                                           နည်းပညာရှင်များ အမှတ်တရပုံ


     အလုပ်ရှင်သူဌေး- အစ်ကိုဖြစ်သူမှ စက်ရုံနှစ်ပတ်လည်နေ့ မဲပေါက်သူအား ဆုပေးနေပုံ အမှတ်တရ

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz