x

28.5.11

ဘဝရဲ့ တစ်စိတ်တစ်ဒေသ အတွေ့အကြုံ (၄)



ဒီကနေ့မနက် ကိုဇော်ရေးတဲ့ ပို့စ်ကို ဖတ်ပြီး အတွေ့အကြုံ (၄)အတွက် အထောက်အကူ ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန် အဲဒီကာလမှာတော့ အထွေထွေမန်နေဂျာဟာ ကျမတို့ လှမ်းမဲ့ခြေလှမ်းတွေအတွက် မှန်ကန်တဲ့ လမ်းကြောင်းကို ထွင်ပေးခဲ့တဲ့ အဓိကဇာတ်ကောင်ပါ  တနည်းဆိုရရင်တော့ ကျမတို့ အားလုံးကို မသိသေးတဲ့ ပညာတွေ သိစေဖို့၊ သိပြီး တတ်ပြီး ပညာတွေကို မှန် မမှန် ဆန်းစစ်ဝေဖန်နိုင်စွမ်း ရှိစေဖို့တို့ကို တစ်သက်စာအတွက် အကောင်းဆုံး နည်းပေး လမ်းပြ ဆရာတစ်ဆူပါ။ ဒီပို့စ်ကို အခုဖတ်နေတဲ့ တစ်ချိန်တုန်းက လုပ်ဖော်ကိုင်ဖက်အားလုံး ငြင်းမယ်မထင်ပါဘူး။

အခုလို အောင်မြင်တဲ့ ကုမ္ပဏီအကြောင်းကို ရေးတဲ့အခါမှာ အထွေထွေမန်နေဂျာရဲ့ အခန်းကဏ္ဍမပါလို့ မဖြစ်ပါဘူး။ လုပ်ငန်းအပေါ်မှာ အမြဲတန်းစိတ်ဝင်စားသလို ဒီလုပ်ငန်းနဲ့ဆက်နွယ်နေတဲ့ ဝန်ထမ်းများအားလုံး အမြင့်ဆုံးရာထူးကနေ သန့်ရှင်းရေးသမားအထိ လိုအပ်ချက်တွေကို မျက်ခြေမပြတ် လုပ်ဆောင်ပေးတတ်သူ တစ်ယောက်ပါ။ တဖက်ကလည်း စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းထိန်းသိမ်းရေး ဖက်မှာတော့ ဝန်ထမ်းများအပေါ်  တိတိကျကျပြတ်ပြတ်သားသား လိုက်နာစေပြီး စီမံခန့်ခွဲရေးဌာနရဲ့ လိုအပ်ချက်များ တောင်းဆိုမှုတိုင်းကို ရာခိုင်နှုံးအတော်များများ လိုက်လျောလေ့ ရှိပါတယ် အကယ်၍သာ လိုက်လျောရန်ခက်ခဲတဲ့ ၊တောင်းဆိုမှုတွေကိုတော့ အကျိုးအကြောင်းနဲ့ ရှင်းပြတတ်ပါတယ်။ ကျမ မှတ်မိသလောက်တော့ မန်နေဂျာများရဲ့ တင်ပြတောင်းဆိုမှုတွေကို တစ်ကြိမ်တစ်ခါမျှ လစ်လျူရှုခဲ့တာမျိုး မရှိခဲ့ပါဘူး။ အလုပ်ဘယ်လောက်များများ မန်နေဂျာတစ်ယောက်ယောက်က အခက်အခဲတစ်ခုခုကြောင့် သူ့အခန်းထဲကို ဝင်သွားပြီဆိုရင် လက်ရှိလုပ်နေတဲ့ အလုပ်ကို ခဏရပ်ပြီး ဝင်လာတဲ့ မန်နေဂျာရဲ့ အခက်အခဲကို ချက်ခြင်းလက်ငင်း ၊ဖြေရှင်းပေးလေ့ရှိပါတယ်။ အထွေထွေမန်နေဂျာရဲ့ အကြောင်းသာ ကျမဆက်ရေးနေမယ်ဆိုရင် စာဖတ်သူတွေ ဆက်ဖတ်နိုင်တော့မယ်မထင်ပါဘူးး)


                          General Manager မှ စက်ရုံနှစ်ပတ်လည်နေ့တွင် မဲပေါက်သူ
                                       ဝန်ထမ်းအား ဆုမဲပေးနေပုံ အမှတ်တ

                 

                           Administration Manager မှ လုပ်သက် (၅)နှစ်ပြည့် ဝန်ထမ်းအား
                                         ရွှေတံဆိပ်ဆု ပေးအပ်စဉ် အမှတ်တရ



                              Merchandise Manager မှ လုပ်သက် (၅)နှစ်ပြည့် ဝန်ထမ်းအား
                                         ရွှေတံဆိပ်ဆု ပေးအပ်စဉ် အမှတ်တရ



                      Accountant  Manager (Pacific Star)မှ လုပ်သက် (၅)နှစ်ပြည့် ဝန်ထမ်းအား
                                         ရွှေတံဆိပ်ဆု ပေးအပ်စဉ် အမှတ်တရ


    Accountant  Manager (Myanmar Lucky Star)မှ လုပ်သက် (၅)နှစ်ပြည့် ဝန်ထမ်းအား
                                         ရွှေတံဆိပ်ဆု ပေးအပ်စဉ် အမှတ်တရ

                                Shipping Manager မှ လုပ်သက် (၅)နှစ်ပြည့် ဝန်ထမ်းအား
                                           ရွှေတံဆိပ်ဆု ပေးအပ်စဉ် အမှတ်တရ


                               Factory Manager မှ လုပ်သက် (၅)နှစ်ပြည့် ဝန်ထမ်းအား                                            ရွှေတံဆိပ်ဆု ပေးအပ်စဉ် အမှတ်တရ

လုပ်ငန်းခွင်မှာ ကျမရဲ့ဝန်ထမ်းတွေ စည်းကမ်းဘောင်အတွင်းကနေ စည်းစည်းလုံးလုံး စိတ်ချမ်းသာပျော်ရွှင်စွာ လုပ်ငန်းဆောင်တာတွေ လုပ်ကိုင်နေတာမြင်ရတော့ အားရကျေနပ် ပီတိဖြစ်ခဲ့ရပါတယ်။ နှစ်ပေါင်းကြာရှည်စွာ တည်တံ့ပြီးအောင်မြင်နေတာကို တချို့အသိမိတ်ဆွေတွေက ကုမ္ပဏီကို လာရောက်လေ့လာခွင့်တောင်းပါတယ်။ သူတို့စက်ရုံတွေကိုလည်း အလည်အပတ် လာဖို့ရာ ဖိတ်ခေါ်ကြပါတယ်။ အဲဒီအချိန်က သိုးမွေးထည် ထုပ်လုပ်မှု အစကနေအဆုံးအထိ လုပ်ငန်းအဆင့်ဆင့် လုပ်ကိုင်တဲ့ သိုးမွေးထိုးစက်ရုံကြီး (၅) ရုံမျှသာရှိပါတယ်။ စက်ရုံတစ်ရုံနဲ့ တစ်ရုံရဲ့ အားသာချက် အားနည်းချက်တွေကို ဖလှယ်ပြီး ဒီထက်ကောင်းသထက်ကောင်းအောင် လုပ်လိုတဲ့ဆန္ဒရှိပေမယ့် တစ်နေ့တစ်နေ့ အားလပ်ချိန် မရှိလောက်အောင် အလုပ်တွေက ဇယ်ဆက်သလို ဆက်နေတာမို့ စက်ရုံကြီး ၃ရုံလောက်ပဲ သွားလေ့လာခဲ့ဖူးပါတယ်။ ကျမရဲ့ အတွေး အခေါ် အယူအဆတွေဟာ ရာနှုံးပြည့် မမှန်နိုင်သည့်တိုင် ရာခိုင်နှုံးများများတော့ မှန်တယ်လို့ ယုံကြည်ပြီး ယုံကြည်သလိုလဲ လုပ်ဆောင်ခဲ့ပါတယ်။
လုပ်ငန်းတစ်ခုကို လုပ်ဆောင်ပြီဆိုရင်တော့ ဒီလုပ်ငန်းအဖွဲ့အစည်းနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ သဟဇာတ ရှိဖို့လိုအပ်ပါတယ်။ ဒါမှလည်း အဖွဲ့အစည်းတွေကပေးတဲ့ အကြံကောင်း ဉာဏ်ကောင်းများ ရရှိမှာဖြစ်သလို အခက်အခဲများပေါ်လာရင်လည်း သက်ဆိုင်တဲ့ အဖွဲ့အစည်းနဲ့ တိုင်ပင်ဆွေးနွေးနိုင်မှာပါ။ လုပ်ငန်းဘောင်အတွင်းကနေ အမှန်ကန်ဆုံးနဲ့ အကောင်းဆုံး လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ 

ဥပမာ လုပ်ငန်းခွင်အတွင်းမှာ လုံလောက်တဲ့ အလင်းရောင်ကို ရစေရမှာဖြစ်သလို လေဝင်လေထွက် ၊ကောင်းမွန်တဲ့ ၊နေရာမျိုးဖြစ်ရပါမယ်။ လေပူများ စုပ်ထုတ်တဲ့ (Exhaust Fan) များတပ်ဆင် ထားသင့်ပါတယ်။ ပစ္စည်း ထုတ်လုပ်တဲ့ စက်ကနေထွက်တဲ့ အငွေ့များ လူများကနေ ထွက်တဲ့ အငွေ့များ ဒါတွေနဲ့ အလုပ်လုပ်နေရမယ်ဆိုရင် တာရှည်မလုပ်နိုင်ပါဘူး။ ပန်ကန်များ ဒါမှမဟုတ် လေအေးဆက်များ တပ်ဆင်ပေးထားခြင်းမျိုးတို့ လုပ်ဆောင်သင့်ပါတယ်။ အလုပ်လုပ်တဲ့ ဝန်ထမ်းဦးရေနဲ့ အချိုးချပြီး လုံလောက်တဲ့ ရေအိမ်သာတွေ ဆောက်လုပ် ပေးရပါတယ်။ အမှိုက်များပစ်ဖို့ အတွက်လည်း အမှိုက်ကန် ဒါမှမဟုတ် အမှိုက်ကျင်း ပြုလုပ်ပေးရပါတယ်။ ဝန်ထမ်းများအတွက် သောက်ရေ သုံးရေ လုံလောက်အောင် စီစဉ်ပေးရပါတယ်။ ဒါမှသာ မိမိစားဝတ်နေရေးအတွက် လုပ်ငန်းခွင်ကို ဝင်ရောက်တဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးအတွက်ပါ အဆင်ပြေမှာဖြစ်ပါတယ်။ စီးပွားရေးနဲ့ ကျန်းမာရေးဖက်မှာ စိတ်အေးရပြီဆိုရင် လူမှုရေးအခက်အခဲ ပြဿနာတွေလည်း အလိုလိုပပျောက်သွားမှာပါ။ ဝန်ထမ်းများရဲ့ အရေးပေါ်ဖြစ်တတ်တဲ့ ထိခိုက် ရှနာ ခေါင်းကိုက် ဗိုက်နာ ဖျားနာရင် ကုသဖို့ရာ စက်ရုံတိုင်းမှာ ဆေးခန်းတစ်ခန်းစီ ထားပြီး အမြဲတန်းသူနာပြုဆရာမ တစ်ယောက်ထားပါတယ်။ ဆရာဝန်ကတော့ တစ်ပတ်ကို (၂) ရက် လာရောက် စစ်ဆေးခြင်းပြုလုပ်ပြီး သူနာပြုဆရာမကို လိုအပ်တာတွေ ညွှန်ကြားဖြည့်ဆည်းပေးပါတယ်။

                   အလုပ်များနေတဲ့အချိန်တွေမှာ ဝန်းထမ်းများအားလုံး အလုပ်မှာစိတ်ဝင်စားစွာ
                                               လုပ်ဆောင်နေပုံအမှတ်တရ


                           အပေါ်ဌာနများမှ ကုန်မရောက်လာမီ မိမိဌာန၊ မိမိနေရာတွင်
                                အေးချမ်းစွာနားနေသော ဝန်ထမ်းများ အမှတ်တရပုံ

လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေရဲ့ တစ်ဦးချင်း စိတ်ပျော်ရွှင်မှု စိတ်ဆင်းရဲမှု အခက်အခဲတွေကို ဝန်ထမ်းများနဲ့အတူ အနီးကပ် လုပ်ကိုင်နေရတဲ့ ကြီးကြပ်ရေးမှူးတွေ လိုင်းခေါင်းဆောင်တွေက ဂရုတစိုက် တာဝန်ယူရပါတယ်။ တစ်လတစ်ကြိမ် ပြုလုပ်ကျဖြစ်တဲ့ မန်နေဂျာများနဲ့ ကြီးကြပ်ရေးမှူးများ တွေ့ဆုံတဲ့နေ့မှာ ကိုယ့်ဌာနမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ အခက်အခဲ ၊ပြဿနာတွေကို တင်ပြပြီး ဝိုင်းဝန်းဖြေရှင်းကြပါတယ် စီမံခန့်ခွဲရေးဌာနက ဆုံးဖြတ်ဖို့ ခက်ခဲတဲ့အကြောင်းကြီးငယ် ကိစ္စရပ်တွေကိုတော့ အထွေထွေမန်နေဂျာကနေ ဆုံးဖြတ်ပေးလေ့ရှိပါတယ်။ ဝန်ထမ်းတွေရဲ့ အများဆုံး ၊ဖြစ်ပေါ်တတ်တဲ့ အခက်အခဲကတော့ ငွေရေးကြေးရေးပိုင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့ဖက်က အခက်အခဲတွေ တင်ပြလာခြင်း နည်းနိုင်သမျှ နည်းအောင် ကျမတို့ စီမံခန့်ခွဲဌာနက လက်ရှိဖြစ်ပေါ်နေတဲ့ ၊ပြင်ပရဲ့ စီးပွားရေးအခြေအနေကို လက်ဦးအောင် စုံစမ်းပြီး အထွေထွေမန်နေဂျာထံ တင်ပြတောင်းဆိုရပါတယ်။ ဥပမာ ဖယ်ရီစီးတဲ့ ဝန်ထမ်းတွေအတွက် အခက်အခဲမရှိပေမယ့် ဖယ်ရီမစီးသော ဝန်ထမ်းများအတွက် ကားခတွေဈေးတက် သွားတာမျိုး ၊ပြင်ပမှာ စားသောက်ကုန်တွေ ၊ဈေးတက်နေတာမျိုးဆိုရင် ဝန်ထမ်းများ မတင်ပြမီကပင် စီမံခန့်ခွဲရေးဌာနက ကြိုတင်ပြီး လုပ်ခ လစာ အပိုဆောင်းငွေတွေကို အထွေထွေမန်နေဂျာရဲ့ ခွင့်ပြုချက်ကို ရယူပြီး၊ဆောင်ရွက်ပေးလေ့ရှိပါတယ်။ ဒီလိုလုပ်ဆောင်ပေးတဲ့အတွက် ဝန်ထမ်းများရဲ့ စိတ်ဖိစီးမှုကို တစ်ဖက်တစ်လမ်းကနေ ဖြေရှင်းပြီးသားဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှု နည်းနိုင်သမျှနည်းအောင် လုပ်ဆောင်ပေးခြင်းဟာလည်း အောင်မြင်ခြင်းရဲ့ လမ်းစပါပဲ။


        လုပ်ငန်းခွင်သို့ ဝင်ချိန်(သို့မဟုတ်)လုပ်ငန်းပြီးချိန်  တွင်ဝန်ထမ်းများ စံနစ်တကျ တန်းစီ၍
                                   ချိန်မှတ်ကဒ်ပြားများကို အသုံးပြုပုံ အမှတ်တရ

                     လုပ်ငန်းပြီးချိန်တွင် ထုတ်ကုန်များအား စံနစ်တကျထားသိုခဲ့ပုံ အမှတ်တရ

လူဆိုတာတော့ တစ်ယောက်နဲ့ တစ်ယောက် ခံယူချက်မတူသလို ခံစားချက်ခြင်းလဲ ကွဲပြားခြားနားကြပါတယ်။ စည်းကမ်းကြီးတာကို သဘောကျတဲ့သူ ရှိသလို စည်းကမ်းဘောင်အတွင်းမှာ အနေအထိုင်ကျဉ်းကြပ်မှုကို မနှစ်သက်တဲ့သူလည်း ရှိပါတယ်။ စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်း (၂၆) ချက်ကို လိုက်နာနိုင်ဖို့ ခက်ခဲတဲ့သူအားလုံးကို အလုပ်ခွင် စတင်မဝင်မီကပင် ကြိုတင်ပြီးအသိပေးထားပြီးဖြစ်ပါတယ်။ လူတွေ့စစ်ဆေးမှု မပြုလုပ်ခင်မှာ စက်ရုံရဲ့ စည်းမျဉ်းစည်းကမ်း (၂၆) ချက်ကို ဖတ်ရှုစေပြီး မိမိနဲ့ အံဝင်ဂွင်ကျဖြစ်မှသာ လက်မှတ်ရေးထိုးစေပြီး လူတွေ့စစ်ဆေးခြင်းကို ခံယူရပါတယ်။ စည်းကမ်းဆိုတာတော့ နေရာတိုင်းမှာ လိုအပ်တာ ဒီပို့စ်ကို ဖတ်တဲ့ မိတ်ဆွေများအားလုံး လက်ခံမှာပါ။ စက်ရုံမှာအလုပ်လုပ်ရင် စက်ရုံစည်းကမ်း ကျောင်းမှာတော့ ကျောင်းစည်းကမ်းပေါ့ အိမ်မှာနေလည်း အိမ်စည်းကမ်းတော့ရှိတယ်လေ စည်းကမ်းမရှိတဲ့သူကတော့ အကွပ်မရှိတဲ့ကြမ်း ဗရမ်းဗတာလိုဖြစ်နေမှာပါ။ ကနဦးထဲက အလုပ်လုပ်မဲ့သူအားလုံးဟာ စည်းကမ်းကို သဘောကျလို့ လက်မှတ်ထိုး လူတွေ့အစစ်ဆေးခံပြီး ဝင်ရောက်လာတဲ့အတွက် အုပ်ချုပ်ရေးဌာနဖြစ်တဲ့ စီမံခန့်ခွဲရေးဌာနအတွက် အခက်အခဲမရှိခဲ့ပါဘူး။ စက်ရုံမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းထဲမှာ အချက်တိုင်းဟာ ဝန်ထမ်းအားလုံး လွယ်လွယ်ကူကူ လိုက်နာနိုင်မဲ့ အချက်တွေပဲရေးထားခဲ့ပါတယ်။ ဝန်ထမ်း အားလုံးရဲ့ လုပ်ငန်းရှိသည်ဖြစ်စေ လုပ်ငန်းမရှိသည်ဖြစ်စေ လုပ်ဆောင်ရတဲ့အချက်ကတော့ လုပ်ငန်းခွင်ပြီးတာနဲ့ မိမိပတ်ဝန်းကျင် သန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ရသလို တစ်လတစ်ကြိမ် စက်ရုံတစ်ရုံလုံးရဲ့ အတွင်း အပြင် အသေးစိတ်သန့်ရှင်းရေးကို ကြီးကြပ်ရေးမှူးများက အုပ်စုအလိုက် တာဝန်ခွဲဝေပေးမှုဇယားကို မဆောင်ရွက်မီ စီမံခန့်ခွဲရေးဌာနသို့ ပို့ရပါတယ်။ သန့်ရှင်းရေးလုပ်နေစဉ် စီမံခန့်ခွဲရေးဌာနမှ တာဝန်ကျသူက သွားရောက်စစ်ဆေးမှုများပြုလုပ်ရပါတယ်။ 

 
                    သီတင်းကျွတ် အတွက် စက်ရုံမပိတ်မီ ဝန်ထမ်းများက အုပ်ချုပ်သူအဖွဲ့အား
                                       လက်အုပ်မိုး၍ ရှိခိုးပူဇော်နေပုံ အမှတ်တရ

ဝန်ထမ်းတွေအားလုံးရဲ့ စိတ်စေတနာတွေဟာ အမှန်တကယ်ဖြူစင်ကြပါတယ် အလုပ်ရှင် အထွေထွေမန်နေဂျာ နဲ့ မန်နေဂျာများ အားလုံးကို နှစ်စဉ် သီတင်းကျွတ် မှာ စုပေါင်းပြီး ကန်တော့လေ့ရှိပြီး ဌာနတစ်ခုစီရဲ့ မန်နေဂျာများ ဆိုဆုံးမစကားများကို နာခံလေ့ရှိပါတယ်။ မန်နေဂျာများကိုယ်စား အထွေထွေမန်နေဂျာကနေ လာကန်တော့တဲ့ အဖွဲ့တွေကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ မုန့်ဖိုးပေးပြီး ဆုတွေပေးပါတယ်။ ဌာနအသီးသီးမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကို ဘယ်အချိန် သွားကြည့်ကြည့် မျက်နှာလေးတွေ ကြည်လင်ပျော်ရွှင်စွာနဲ့ အလုပ်လုပ်နေတာကို ၊တွေ့ရပါတယ်။ ဒီအကြောင်းအရာလေးတွေဟာ ကုမ္ပဏီရဲ့ သက်တမ်းတစ်လျှောက်လုံး ကျမရဲ့ စိတ်ကြည်နူးမှုနဲ့ လုပ်ငန်းခွင်ကို ခင်တွယ်ခဲ့ရတဲ့ အကြောင်းအရာတချက်ပါ။ 

                   Administration Assistant Manager (Myanmar Lucky Star & Pacific Star branch)
          (ကျမအတွက် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းတိုင်းမှာ အားကိုးရတဲ့ လက်ထောက်မန်နေဂျာများ)

ဒီပို့စ်လေးနဲ့ ကုမ္ပဏီပေါ်မှာ သစ္စာရှိစွာ ဆိုးတူကောင်းဖက် အတူလက်တွဲပြီး လုပ်ငန်းများကို ပျော်ရွှင်စွာ .ဆောင်ရွက်ခဲ့တဲ့ Pacific Star , Myanmar Lucky Star , Golden Star , Pacific Garment နဲ့ Pacific Star (လှိုင်သာယာ) တို့ကို အမှတ်တရဖြစ်စေရန် မှတ်တမ်းတင်ပါတယ်။


 မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz