x

29.5.11

ဘဝရဲ့ တစ်စိတ်တစ်ဒေသ အတွေ့အကြုံ (၅) နိဂုံး


ကုမ္ပဏီသက်တမ်း ကာလရှည်စွာ အခက်အခဲကြီးကြီးမားမား မရှိပါပဲ ရပ်တည်နိုင်ခဲ့ရတဲ့ အကြောင်းအရင်းတွေကို အတွေ့အကြုံ (၄) မှာ ကျမရေးသားခဲ့ပြီးပါပြီ။ ရာနဲ့ထောင်နဲ့ချီနေတဲ့ ဝန်ထမ်းတွေဖက်က လစာပေးတဲ့ရက်တွေမှာ ငွေစာရင်းဌာနကို စိတ်ဆင်းရဲမှု တစ်ကြိမ်တစ်ခါမျှ မပေးခဲ့ပါဘူး မပေးရခြင်းရဲ့အကြောင်းရင်းကလည်း နည်းကောင်း လမ်းမှန်ကို အသုံးပြုခဲ့တဲ့ အတွက်ပါ။
ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်ဆင်းရက် အလုပ်ပျက်ရက် အပိုဆင်းနာရီ ဝင်ချိန် ထွက်ချိန် အစရှိတာတွေကို စီမံခန့်ခွဲရေးဌာနက ချိန်မှတ်ကဒ်ပြားကနေတဆင့် စစ်ဆေး မှတ်သားရပါတယ်။ မှတ်သားထားတဲ့ ဝန်ထမ်းတွေရဲ့ အလုပ်ခွင် အချိန်ဇယားတွေကို လစာတွက်ချက်ဖို့ရာ ငွေစာရင်းဌာကို အချိန်မှီ ပို့ပေးရပြီး ငွေစာရင်းဌာကလည်း လစာတွက်ချက်ပြီးတဲ့အချိန်မှာ လစာပေးတာဝန်ယူထားတဲ့ ဌာနအလိုက် ကြီးကြပ်ရေးမှူးလက်ထဲကို လက်ဆင့်ကမ်းပေးပါတယ်။ ကြီးကြပ်ရေးမှူးများက မိမိဌာနမှာရှိတဲ့ ဝန်ထမ်းများကို တစ်ယောက်ချင်းခေါ်ပြီး အဲဒီဝန်ထမ်းရဲ့ အလုပ်လုပ်ခဲ့တဲ့ ရက် နာရီ အချိန်ပိုဆင်း မှန်မမှန်နဲ့ ရရှိမဲ့ငွေကြေးပမာဏ ငွေစာရင်းဌာနက တွက်ချက်မှု မှန် မမှန်တို့ကို စစ်ဆေးခိုင်းပါတယ်။ ‘မမှားသောရှေ့နေ မသေသောဆေးသမား’ ဆိုသလို လူပေါင်းများစွာအတွက် လစာကို တွက်ချက်ရတဲ့ ငွေစာရင်းဌာနအနေနဲ့လည်း တစ်ခါတစ်ရံ စာရင်းမှားထည့်တတ်တာမျိုးရှိခဲ့ရင် အဆင့်ဆင့် စစ်ဆေးခြင်းကြောင့် အမှားကို လစာမပေးမီ ချက်ခြင်းပြုပြင်နိုင်မှာဖြစ်ပါတယ်။
စက်ရုံမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတိုင်းဟာ တစ်ရက်စာ ကိုယ်လုပ်လိုက်တဲ့ အလုပ်ပမာဏရဲ့ တန်ရာတန်ကြေးကို သိကြပါတယ်။ ဥပမာ အထည်ထိုးဌာနမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းများဟာ သူထိုးလိုက်တဲ့ ထိုးထည်ရဲ့ ဘယ်အခြမ်း ညာအခြမ်း လက် ဘယ်နှစ်စထိုးလိုက်တဲ့အတွက် ဝင်ငွေ ဘယ်လောက်ရပြီဆိုတာကို တွက်တတ်သလို တွက်တတ်ဖို့လည်း ကြီးကြပ်ရေးမှူးတွေက အလုပ်စလုပ်ထဲက သင်ပေးထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ငွေစာရင်းဌာကရောက်လာတဲ့ လစာငွေ တွက်ချက်မှုမှာ မိမိရဲ့ ယခုလအတွက် ရရှိမဲ့ဝင်ငွေ မှန်တယ်ဆိုရင် မှန်ကန်ကြောင်း လက်မှတ်ကို သတ်မှတ်နေရာ လစာပေးဇယားမှာ လက်မှတ်ထိုးရပါတယ်။ ဌာနတိုင်းမှာ တူညီပုံစံမျိုးနဲ့ ဆောင်ရွက်တဲ့အတွက် လစာထုတ်ရက်တွေမှာ မည်သည့်အခါမျှ ဝန်ထမ်းဖက်က မကျေနပ်လို့ ၊ဖြေရှင်းရတဲ့ပြဿနာမျိုး တစ်စုံတစ်ရာ ပေါ်ပေါက်ခြင်း မရှိခဲ့ပါဘူး။

ဘယ်ဝန်ထမ်းကိုမဆို ကျောသားရင်သား ခွဲခြားအုပ်ချုပ်ခြင်းမျိုးမရှိတဲ့ Pacific Star , Myanmar Lucky Star စက်ရုံတွေမှာ တာဝန်ထမ်းတဲ့ ဝန်ထမ်းတွေရဲ့ ဘဝတက္ကသိုလ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ အထက်တန်းစာမေးပွဲ ဆက်ဖြေလိုသူတွေ၊ အဝေးသင်တက္ကသိုလ် ဆက်တက်လိုသူတွေ၊ မိမိရဲ့ဘဝရှေ့ရေးအတွက် သက်မွေးဝမ်းကြောင်း အထောက်အကူပြုမဲ့ သင်တန်းမျိုးတွေ အစရှိတာတွေကို စက်ရုံကနေ တရားဝင် တက်ရောက်ခွင့်ပြုတဲ့အတွက် စက်ရုံမှာ အလုပ်လုပ်ရင်း ဘွဲ့ရသူတွေအများကြီး ရှိခဲ့ပါတယ်။ အိမ်ထောင်ပြုသူများအား မင်္ဂလာဆောင်စရိတ် အဖြစ် မိဘများဆုံးပါးသွားလျှင် နာရေးစရိတ် အစရှိတာတွေကိုလည်း စက်ရုံရဲ့အထူးထောက်ပံ့ငွေ အဖြစ် သတ်မှတ်ဆောင်ရွက်ပေးပါတယ်။ မန်နေဂျာအဖွဲမှ တစ်ယောက်တစ်လှည့် နိုင်ငံခြားခရီးစဉ်များကိုစေလွှတ်ပေးသလို ဝန်ထမ်းများထဲမှ ထုတ်လုပ်မှုလုပ်ငန်းတွေမှာ စံချိန်တင်နိုင်တဲ့ ဝန်ထမ်းတွေကို ၊နိုင်ငံခြားရှိစက်ရုံတွေမှာ သွားရောင်တာဝန်ထမ်းစေပါတယ်။

ဝန်ထမ်းများအပေါ်အလုပ်ရှင်ရဲ့ ထားရှိတဲ့စေတနာဟာ အချိန်ကြာမြင့်လာတာနဲ့အမျှ ပြောင်းလဲခြင်းမရှိပဲ ဝန်ထမ်းများနဲ့ အလုပ်ရှင်ဟာ ခိုင်မာတဲ့ မိသားစုအသိုင်းအဝန်းကြီးတစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ် အရေးကြီးဆောင်ရွက်ရမည့် လုပ်ငန်းများရှိလျှင် ဝန်ထမ်းများကအနစ်နာခံပြီး အလုပ်ရှင်အတွက် လုပ်ကိုင်ပေးလေ့ရှိပါတယ် အဖက်ဖက်ကနေ ဆုတ်ယုတ်ခြင်းမရှိပဲ တရှိန်ထိုးအောင်မြင်လာတဲ့ စက်ရုံရဲ့ နောက်ဆုံးမှာတော့ ကံကြမ္မာကိုသာ ပုံချရတော့မှာပါပဲ။ ‘အရာရာသည် မတည်မြဲပါ’ ဆိုတဲ့အတိုင်း ဝန်ထမ်းများအားလုံး ပုံမှန်အေးချမ်းစွာ ထုတ်လုပ်မှုများကို လုပ်ကိုင်ခဲ့သော်လည်း ကမ္ဘာ့စီးပွားရေး ပျက်ကိန်းနဲ့ ကြုံလာခဲ့တော့ အနောက်နိုင်ငံများကိုသာ ၁၀၀% ထုတ်ကုန်များသွင်းနေရတဲ့ Pacific Star , Myanmar Lucky Star စက်ရုံများအတွက် ထုတ်လုပ်ရန် အော်ဒါများ မရခဲ့တော့ပါ။ နည်းအမျိုးမျိုးနဲ့ ရအောင် အလုပ်ရှင်ဖက်မှ စွမ်းဆောင်ကြိုးစားပေမယ့် မရတော့တဲ့အခြေအနေကို ဆိုက်ရောက်လာပါတယ်။
ဝန်ထမ်းရေးရာနဲ့ပတ်သက်လျှင် စီမံခန့်ခွဲရေးဌာနက တာဝန်ရှိတဲ့အတွက် ဝန်ထမ်းများအားလုံး ထမင်းစားဆောင်မှာ စုဝေးခေါ်ပြီး လက်ရှိအခြေအနေကို ရှင်းပြပါတယ် ဝန်ထမ်းများဖက်ကလည်း နှစ်ပေါင်းများစွာ လက်တွဲလုပ်ကိုင်လာတဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကမ်းလှမ်းချက်တွေကို နားလည်မှုပေးပြီး စိတ်မကောင်းစွာနဲ့ပဲ ခေါင်းညိတ်လက်ခံခဲ့ပါတယ် စက်ရုံတွေ တစ်ရုံပြီးတစ်ရုံ ဝန်ထမ်းများကို နစ်နာကြေးပေးပြီး ပိတ်သိမ်းခဲ့ရပါတယ် အလုပ်ရှင်က မဖြစ်မနေအော်ဒါများ ရရှိရေးကိုနေရာတကာ လှည့်လည်ရှာဖွေကြိုးစားနေဆဲပါ အမာခံစက်ရုံအဖြစ် Myanmar Lucky Star ကိုမပိတ်သိမ်းသေးပဲ ဝန်ထမ်းများကို ဆက်ထိန်းထားပေးဖို့ အလုပ်ရှင်ရဲ့ ရည်ရွယ်ချက်မှာ အကယ်၍သာ အဆင်ပြေသွားရင် လျော်ကြေးပေးပြီး နားခိုင်းလိုက်ရတဲ့ ဝန်ထမ်းဟောင်းများကို ပြန်ခေါ်နိုင်ရန်အတွက် သူတို့ရဲ့ ကိုယ်ရေးရာဇဝင်ဖိုင်များကို ဆက်လက်သိမ်းထားဖို့ပါ စီမံခန့်ခွဲရေးဌာနကို ညွှန်ကြားတဲ့အတွက် လစဉ် အရှုံးခံပြီး ဝန်ထမ်းများအား ဆက်ထားခဲ့ပါတယ်

၂၀၁၀ခုနှစ်မှာတော့ ဆက်တင်းခံနေလျှင် အလုပ်ရှင်ဖက်ကသာ နစ်နာပြီးရင်း နစ်နာရင်း ဖြစ်တော့မှာမို့ အထွေထွေမန်နေဂျာနဲ့ မန်နေဂျာများအားလုံး တိုင်ပင်ဆွေးနွေးပြီး အလုပ်ရှင်ရဲ့ ခွင့်ပြုချက်ကို ရယူပြီး နောက်ဆုံးလက်ကျန်စက်ရုံနဲ့ ဝန်ထမ်းများကို နစ်နာကြေးပေးပြီး နားခိုင်းခဲ့ပါတယ် ဝန်ထမ်းများရဲ့နောက်ဆုံးနေ့ရက် ဝမ်းနည်းကြေကွဲမှုနဲ့ အားလုံးခွဲခွာခဲ့ရတာကို ဘယ်သောအခါမှ မေ့ပျောက်မှာ မဟုတ်ပါ။
အလုပ်ရှင်နဲ့ အထွေထွေမန်နေဂျာရဲ့ အံ့မခန်းစေတနာကို နိဂုံးချုပ်အနေနဲ့ မှတ်တမ်းတင်လိုပါသေးတယ် ၊နှစ်စဉ်ဆောင်းရာသီရောက်လျှင် သိုးမွေးထည်များကို အရွယ်အစားအလိုက် မိဘမဲ့ဂေဟာများ(အမျိုးသားကျောင်း)၊ မိဘမဲ့ဂေဟာ(အမျိုးသမီးကျောင်း)၊ ဆွံ့အနားမကြားကျောင်းများ ၊ မသန်မစွမ်းကျောင်းများ ၊ မျက်မမြင်ကျောင်းများ ၊ စိတ်ဝေဒနာဆေးရုံ ၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ ခရိယာန်ဘိုးဘွားရိပ်သာ၊ နဲ့အရေးပေါ်ဖြစ်တဲ့ ၊လေဘေးရေဘေး ဒုက္ခသည်များကို စွယ်တာအထည်များ ထောင်ပေါင်းများစွာ လှူလေ့ရှိပါတယ်။ ရရှိတဲ့အမြတ်အစွန်းကနေ ကြီးမားခိုင်ခံ့တဲ့ အဆောက်အဦးကြီးများကို ၊စေတနာ သဒ္ဒါထက်သန်စွာနဲ့ ၊ဆောက်လုပ်ခဲ့ပြီး ဒီအဆောက်အဦးတွေဟာ ၊နောင်ဆက်ပြီး အသုံးပြုမည့် သူများအတွက် အကျိုးရှိစွာအသုံးချနိုင်မှာတော့ ဧကန်မုချမလွဲပါ။


                         ကုမ္ပဏီရဲ့ ရုံးခန်းကို ၁၉၉၉ ခုနှစ်တွင် မွမ်းမံပြင်ဆင်ခြင်း အမှတ်တရပုံ

Myanmar Lucky Star တွင်လုပ်ငန်းများ စတင်ရန်အတွက် လိုအပ်ချက်များ 
ဆောင်ရွက်ထားခြင်းနှင့် ထမင်းစားခန်းတွင် ဝန်ထမ်းများ
အသုံးပြုရန် ခုံများပြုလုပ်ခြင်း အမှတ်တရပုံ


               စက်ရုံတိုးချဲ့ပြီး လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသော ဝန်ထမ်းများ အမှတ်တရပုံ

            ထပ်မံတိုးချဲ့သော  အဆောက်အဦးသစ်ကြီး နှင့် အသစ်ထပ်တည်သော ထရန်စဖော်မာ


        အသစ်ဆောက်လုပ်သော ရေစင်ကြီးနှင့် ဝန်ထမ်းများ သုံးရန်သောက်ရေ ပိုက်များစီစဉ်ထားပုံ

ထမင်းတစ်လုပ် ၊ရေတစ်မှုတ်မကပါဘူး ကျမတို့အတွက် ထမင်းလုပ်ပေါင်းများစွာစားနိုင်ဖို့ရာ ထမင်းအိုးပေါင်းများစွာတည်ပေးခဲ့တဲ့ ကျမတို့ရဲ့အမြဲတန်း ၊ကျေးဇူးရှင် အလုပ်ရှင်နဲ့ အထွေထွေမန်နေဂျာ တို့ကို ဂါရဝပြုရင်း-
( ၁၃နှစ်ခရီးကို လက်တွဲမဖြုတ်ပဲ ကောင်းတိုင်ပင်ဆိုးတိုင်ပင် စိတ်တူကိုယ်တူလုပ်ကိုင်ခဲ့တဲ့ Pacific Star Manufacturing Co; Ltd. စက်ရုံခွဲများ နဲ့ Myanmar Lucky Star Manufacturing Co; Ltd. မှဝန်ထမ်းများအားလုံးကို မှတ်တမ်းတင်ပါတယ်)

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz