x

1.6.11

အွန်လိုင်းပေါ်ကမေးခွန်းလေးများ



ကျမကို အွန်လိုင်းမှာ ဦးပဉ္ဇင်းတစ်ပါးကမေးပါတယ် “ဆရာမက ဘယ်ကနေ စာရေးတာလဲ” တဲ့ ကျမကိုယ့်ကိုယ်ကို သဘောကျသွားတယ် ‘အခြေအနေမဆိုးဘူး ဒါဆိုရင် တင်တဲ့ပို့စ်တွေကို လက်ခံအားပေးတဲ့သူတွေ တိုးလာပြီ’ ဆိုပြီး “တပည့်တော်က ဆရာမ မဟုတ်ပါဘူး ဘုရား စာရေးတာ စာဖတ်တာ ဝါသနာပါလို့ ဘုရား” လို့ ၊ပြန်လျှောက်ခဲ့ပါတယ်။ စိတ်ထဲမှာ ပီတိဖြစ်မိတာတော့ အမှန်ပါပဲ အခုလို ဒီဘလော့ပေါ်မှာ ၊နောက်ထပ် ပို့စ်တွေတင်နိုင်ပြီး မိတ်ဆွေတွေ အများအများကြီး ပွားလာအောင် စီမံပေးသူကတော့ ‘တောသားလေး’ ပါ ကျမ အားတဲ့အချိန်တွေမှာ ဘလော့တွေကို အချိန်ရရင် ရသလို လိုက်ဖတ်တဲ့အခါမှာ အလှူအတန်းတွေ အွန်လိုင်းမှာ အများကြီးတွေ့ရတော့ အံ့သြပီတိဖြစ်ခဲ့ရတယ်။

တစ်ရက်မှာ ‘တောသားလေး’ ကကျမကိုမေးပါတယ် “အန်တီရေ ၊နော်ဝေးက အစ်မတစ်ယောက်က မျက်မမြင်ကျောင်း(ခဝဲခြံ)ကို လှူချင်လို့တဲ့ အဲ့ဒါ အန်တီ ကူညီပေးနိုင်မလား” တဲ့ မတောင်းဆိုပဲ ရလာမဲ့ ကုသိုလ်တွေကို ကျမလက်လွတ်မခံပါဘူး “ရပါတယ်ကွယ်” လို့ပြန်ဖြေပြီး မကြာခင်ပဲငွေလွှဲရောက်လာပါတယ် ကျမလည်း ကျမရဲ့ ညီမလေးနဲ့ အတူ ၊စေတနာရှင်မလေးအတွက် ပါရမီဖြည့်ဖို့ရာ သွားရောက် လှူတန်းခဲ့ပါတယ် (ကျမရဲ့ ပို့စ်အဟောင်းလေးတွေထဲမှာ တင်ထားပြီးဖြစ်ပါတယ်) မျက်မမြင်ကလေးတွေကို ကိုယ်တိုင်မြင်တွေ့ရတော့ ကျမနဲ့ ညီမလေးလည်း သဒ္ဓါစိတ်တွေ အလိုလိုယိုဖိတ်လာပြီး စေတနာသုံးတန် ၊ပြတ်သားစွာနဲ့ ၊စေတနာရှင်လေးနဲ့ ၊တောသားလေးရဲ့ ၊ကျေးဇူးကြောင့် အလှူတစ်ခုအတွက် သာဓုခေါ်နိုင်ခဲ့ပါတယ်။

လှူပြီးတဲ့နောက်တစ်ရက်မှာ “အန်တီရေ မသန်မစွမ်းကိုပါ လှူချင်လို့တဲ့ အန်တီလုပ်ပေးနိုင်မလား ဒီတစ်ခါ ကျနော်ပါ လှူချင်ပါတယ်” လို့ ၊တောသားလေးက လှမ်းပြောပါတယ် ကျမစဉ်းစားမိတယ် ဒါနမျိုးစေ့ကို ခိုင်ခိုင်မာမာ ဒီဘဝမှာ ချနိုင်ပါလား လို့တွေးပြီး “ရပါတယ် တောသားလေးရယ် ကိုယ်တောင် ကုသိုလ်ရသေးတာပဲ” ဆိုပြီး လွှဲငွေရောက်လာတာနဲ့ ကျမနဲ့ ညီမလေးသွားလှူဖို့ရာ ပစ္စည်းတွေ ဝယ်နေတဲ့အခါမှာ အဒေါ်အလတ်ကပါ စိတ်အားထက်သန်စွာနဲ့ သူပါ လိုက်လှူမယ်ဆိုပြီး သုံးယောက်သား မသန်မစွမ်းမိဘမဲ့ဂေဟာမှာ သွားလှူဖြစ်တဲ့အတွက် ကျမနောက်ထပ်တစ်ကြိမ် သာဓုခေါ်ခွင့် ရခဲ့ပါတယ်။ (ဒီပို့စ်ကိုတော့ တောသားလေးဘလော့မှာတင်ထားပြီး ဖြစ်ပါတယ်)

မနေ့ညက အွန်လိုင်းပေါ်မှာ ညီမတစ်ယောက်ကမေးတယ် “အစ်မ သားသမီးတွေ ရသွားရင် ယောက်ျားထက် သားသမီးတွေကို ပိုချစ်သွားတယ်ဆိုတာ ဟုတ်သလားဟင်” တဲ့ ကျမကပြန်ဖြေလိုက်ပါတယ် “သူများတွေတော့ မပြောတတ်ဘူး ညီမရေ အစ်မအတွက်တော့ ဘာမှမပြောင်းလဲပဲ အရင်အတိုင်းပါပဲ” လို့လေ။ မှန်တာပြောရင် သစ္စာလို့ပဲ ဆိုရမလား ကျမပြောတာ မုသားမပါခဲ့ပါဘူး။ အဲဒီညီမနဲ့ ကျမ ဟိုဟိုသည်သည် ၊ပြောကြရင်း ကျမရဲ့ မိသားစုအကြောင်းကို ၊ရောက်သွားပါတယ်။ ဒီတော့လည်း ကျမကို “အစ်မရဲ့ မိသားစုအကြောင်း ပို့စ်တင်ပါလား” တဲ့ ညက ကျမစဉ်းစားမိတယ် ပို့စ်တစ်ခု တင်လိုက်တိုင်း အနည်းဆုံးတော့ ဖတ်တဲ့သူတွေအတွက် မှတ်သားစရာ တစ်ခုခုတော့ ကျန်စေချင်တယ်လေ ဒီတော့ ကျမရဲ့မိသားစုအကြောင်းကို မှတ်တမ်းလေးအဖြစ် ၊ခြေရာလေး ထားခဲ့ချင်တဲ့စိတ်ပေါ်လာတာရယ် ရင်ထဲကပြောချင်တာလေးတွေ ထုတ်ပြောချင်တာရယ်ကြောင့် ဒီပို့စ်လေးကိုတင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒီကနေ့မနက် ဒီပို့စ်လေးကိုတင်ဖို့ အစပျိုးနေတုန်းမှာ တချိန်တုန်းက လုပ်ဖော်ကိုင်ဖက် ညီမတစ်ယောက် အွန်လိုင်းတက်လာပါတယ်။ သူကတော့ ကျမကို အရင်ထဲက အစ်မရင်းတစ်ယောက်လို အားကိုး တိုင်ပင်တဲ့သူဖြစ်ပြီး ကျမတို့ မိသားစုကို အားကျကြောင်း အမြဲပြောလေ့ရှိပါတယ် သူ့အကြောင်းတွေကိုလည်း ကျမကိုပြောပြလေ့ရှိပါတယ် ကျမနဲ့တွေ့တိုင်းလည်း ပွင့်ပွင့်လင်းလင်း အရှိကိုအရှိအတိုင်း ပြောတတ်ပါတယ်။ “အစ်မရေ အိမ်ထောင်တစ်ခုမှာ ဘာကအရေး အကြီးဆုံးလဲ ညီမကိုပြောပြပါလား” တဲ့ ။ “ညီမတော့ သူ့ကို .တော်တော်စိတ်ကုန်နေပြီ အစ်မရယ် ယုံကြည်မှုလည်း နည်းနည်းမှကို မရှိတော့တာ” တဲ့ ကျမက “အစ်မလည်း အဲဒါနဲ့ပတ်သက်ပြီး အခုပဲ ပို့စ်အသစ်တင်မလို့ ညီမရဲ့” လို့ပြန်ပြောတော့ “ကောင်းတယ်အစ်မရေ ညီမဖတ်ချင်မယ် ဒီလိုဆိုရင် အစ်မရဲ့ တည်ငြိမ်အေးချမ်းတဲ့ မိသားစုကို ပိုင်ဆိုင်ခွင့်ရတဲ့ အဓိကအချက်နဲ့ အစ်မရဲ့ ထင်မြင်ယူဆချက်ကိုပါ ထည့်ရေးပေးနော်အစ်မ” တဲ့ ။ ဒီတော့ ဒီပို့စ်လေးက အွန်လိုင်းပေါ်က မေးခွန်းလေးတွေကနေ အစပျိုးခဲ့ရခြင်းပါ။

အိမ်ထောင်သည်ရဲ့ ဘဝနဲ့ ချစ်သူများရဲ့ ဘဝဟာ ဘယ်လိုမှ နှိုင်းယှဉ်လို့မရပါဘူး ချစ်သူဘဝမှာ တစ်ယောက်အကြောင်း တစ်ယောက် အပေါ်ယံ သဘောသာ သိနိုင်စွမ်းရှိပြီး ခရေတွင်းစေ့ ဂဂနန မသိနိုင်ကြပါဘူး ဒါကြောင့်လည်း လူစိမ်းနှစ်ယောက် ပေါင်းဖက်ပြီဆိုရင် အခက်အခဲလေးတွေ အနည်းနဲ့အများဆိုသလို ရှိတတ်စမြဲပါ ဒါကလည်း သဘာဝတရားပဲလေ။ ကျမတို့နှစ်ယောက် အိမ်ထောင်ပြုစ အချိန်မှာ ကျမခင်ပွန်းက သူ့ရဲ့ မိသားစုမှာ သားအကြီးဆုံးဖြစ်ပြီး နယ်ကဖြစ်တဲ့အတွက် သူ့ရဲ့ ညီမလေးတွေကို သူ့မိဘတွေက မျက်စေ့ပွင့် နားပွင့် ၊ဖြစ်စေချင်တာကြောင့် ရန်ကုန်မြို့မှာ ကျမတို့နဲ့ အတူလာနေစေချင်တဲ့အကြောင်း ကျမရဲ့ သဘောထားကို ၊မေးပါတယ်။ ညီမအငယ်ဆုံးက ၆တန်း အလတ်က ၇တန်းနဲ့ အကြီးက ၈တန်း ဖြစ်ပါတယ်။ ကျမလည်း သူတို့လေးတွေရဲ့ အနာဂါတ် ဘဝအတွက် ကိုယ်ချင်းစာနာစိတ်နဲ့ ကျမတို့နဲ့အတူ ၊နေခွင့်ပြုခဲ့ပြီး မိသားစုကြီးတစ်ခုအဖြစ် ဘဝကိုစခဲ့ပါတယ်။

ကျမတို့ မိသားစုမှာ အိမ်ထောင်ဦးစီးဖြစ်တဲ့ ခင်ပွန်းသည်ဟာ စည်းကမ်းကြီးတာကလွဲလို့ ကျန်တဲ့အပိုင်းတွေမှာတော့ အားလုံးအပေါ် လိုက်လိုက်လျောလျော နွေးနွေးထွေးထွေး ရှိပါတယ် အခက်အခဲ ကိစ္စကြီးငယ် ရှိလို့ လင်မယားနှစ်ယောက် ၊ပြောစရာရှိပြီဆိုရင် ကျမတို့နှစ်ယောက် ကလေးတွေအရှေ့မှာ ဘယ်တော့မှ မပြောပါဘူး ရင်ထဲမှာလည်း ကြိတ်ပြီး မထားတတ်တဲ့အတွက် လမ်းလျှောက်ထွက်သလိုလိုနဲ့ တစ်နေရာရာမှာ သွားပြီးဆွေးနွေးလေ့ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ရသွားပြီးတဲ့အချိန် အထိဆွေးနွေးကြပါတယ် မကြာခင်မှာပဲ ကျမတို့နှစ်ယောက် တူညီတဲ့ဆုံးဖြတ်ချက်ကို ချခဲ့ပြီး .နောက်ပိုင်းမှာတော့ ကျမတို့နှစ်ယောက် လမ်းလျှောက် ထွက်စရာမလိုတော့ပါဘူး။ အိမ်ထောင်သက် တစ်နှစ်ကျော်လာတဲ့အခါမှာ ကျမ သားကြီးကိုမွေးဖွား ခဲ့ပါတယ်။ နောက်ထပ် လေးနှစ်ကြာတဲ့အခါမှာ သားငယ်ကို မွေးဖွားပြန်ပါတယ်။

မိသားစုအသိုက်အမြုံ ၊ကြီးမားတဲ့ဘဝနဲ့ စခဲ့ရတဲ့အတွက် လင်မယားနှစ်ယောက် မိသားစု ရပ်တည်နိုင်ရေးအတွက် သမ္မာအာဇီဝ အလုပ်မျိုးဆိုရင် အချိန်မရွေး ၊နေရာမရွေး ၊မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုသလို အားကြိုးမာန်တက် တခြား ဝင်ငွေရမဲ့ အပိုအလုပ်တွေကို လုပ်ခဲ့ကြရပါတယ်။ ဥပမာတစ်ခုအနေနဲ့ နယ်မှာရှိတဲ့ ခင်ပွန်းရဲ့ ဆွေမျိုးတွေထံကနေ ပဲခြမ်းအိတ်ကြီးတွေ မှာယူပြီး တစ်အိမ်လုံး ရှိရှိသမျှ လူတွေအားလုံး ဝိုင်းဝန်းပြီး ပဲခြမ်းအထုပ်သေးများ ထုပ်ပြီး အဲဒီ ပဲခြမ်းထုပ်လေးတွေကို လက်ဖက်ဆိုင်တွေမှာ လိုက်စပ်ခြင်းဖြင့် ဖောက်သည်ရှာရပါတယ်။ မကြာခင်မှာပဲ ဖောက်သည်တွေ ရလာပြီး လုပ်ငန်းတဖြည်းဖြည်း ၊အောင်မြင်လာပါတယ်။ အလားတူပဲ အားတဲ့အချိန်လေးတွေမှာ ရတနာလုပ်ငန်းလုပ်တဲ့ သူငယ်ချင်းတွေနဲ့ အထည်ခတ် ခတ်ပြီးအထည် ရောင်း စတဲ့ လုပ်ငန်းတွေကို လုပ်ပြီး ဝင်ငွေတစ်ဖက်တစ်လမ်းက ရအောင်ရှာပါတယ်။ ဘဝအတွေ့အကြုံတွေလည်း အများကြီးရခဲ့ကြပါတယ်။ ခံယူချက်ခြင်းတူတဲ့ ကျမတို့နှစ်ယောက်ရဲ့ ၊ကြားမှာအခက်အခဲ ဘယ်လောက်ရှိရှိ စိတ်တူကိုယ်တူ တိုင်ပင်ညှိနှိုင်းပြီး အခက်အခဲမှန်သမျှကို ၊ဖြေရှင်းရင်း ဘဝလက်တွဲမဖြုတ် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့ကြပါတယ်။

သားနှစ်ယောက်မှာလည်း ဒီအသက်အရွယ် ၊ရောက်လာသည်အထိ ဘယ်သောအခါမှ ညီအစ်ကိုနှစ်ယောက် ၊ငြင်းခုန် ရန်ဖြစ်ရိုး ထုံးစံမရှိခဲ့ပါဘူး။ ကျမရဲ့ ချစ်ခင်လေးစားရတဲ့ ခင်ပွန်းဟာ နှစ်ဖက်မိဘများအပေါ် ကျမအပေါ် သားနှစ်ယောက်အပေါ် အမြဲတာဝန်ကျေခဲ့တဲ့ သားကောင်း ခင်ပွန်းကောင်း ဖခင်ကောင်း တစ်ယောက်ဆိုရင် မမှားနိုင်ပါဘူး ၊နှစ်ဖက်ဆွေမျိုးများ အပေါ်လည်း မိမိတတ်နိုင်တဲ့ဖက်ကနေ အမြဲကူညီလေ့ရှိသလို မိတ်ဆွေသင်္ဂဟများအပေါ်လည်း အခက်အခဲရှိလို့ အကူအညီတောင်းလာရင် အတတ်နိုင်ဆုံးကူညီမှုပေးတတ်သူ တစ်ဦးဖြစ်ပါတယ်။

                    အလုပ်တွေ အများကြီးလုပ်ခဲ့ပြီး ဒါကတော့ ဒီကနေ့လုပ်နေတဲ့ လက်ရှိအလုပ်ပါ
                 ကင်မ်ချီလုပ်ငန်းလည်း ရှိပါသေးတယ် ပို့စ်အဟောင်းမှာကြော်ငြာထားတယ်လေး)

ကျမဒီကနေ့ည ခရီးသွားမလို့ပါ အဲဒီခရီးကပြန်လာရင် နောက်ထပ်အလုပ်တစ်ခုအတွက် စိုင်းပြင်းနေပါတယ်။
ကျမရဲ့ ထင်မြင်ယူဆချက်ကို ပြောရရင်ဖြင့် အိမ်တွင်းရေး အဆင်ပြေတယ်ဆိုတာ စီးပွားရေးကောင်းရုံမျှနဲ့ မလုံလောက်သေးပါဘူး တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု ၊လေးစားမှု နားလည်မှုတို့ ရှိဖို့လည်း လိုအပ်ပါတယ်။ ရင်ထဲမှာ ကိစ္စတစ်ခုခုကို သိုဝှက်မထားပါနဲ့ ပွင့်ပွင့်လင်းလင်းမေးပြီး ရရှိတဲ့ အဖြေပေါ်မှာ သုံးသပ်သင့်ပါတယ်။ ‘သံသယ’ ဆိုတဲ့စိတ်ဟာ ၊အေးချမ်းတည်ငြိမ်နေတဲ့ မိသားစု အသိုက်အမြုံလေးကို အစိတ်စိတ်အမွှာမွှာကွဲအောင် ဖန်တီးနိုင်စွမ်းရှိတဲ့ မကောင်းဆိုးဝါး လက်နက်တစ်ခုပါ။ သံသယနဲ့ အစွပ်အစွဲ ခံယူသူအဖို့လည်း သိက္ခာအချခံရတဲ့အတွက် သူ့ရဲ့ တန်ပြန်မှုဟာ ဘယ်လိုမှ ၊ကောင်းနိုင်စရာ အကြောင်းမရှိပါဘူး။ လူသားတိုင်း ကိုယ်ချင်းစာတရားများ ရှေ့တန်းတင်ပြီး အရာရာကို ချင့်ချိန်ဆုံးဖြတ်ပြီးမှ လုပ်ဆောင်မယ်ဆိုရင် မှန်ကန်တဲ့ လုပ်ဆောင်မှုအတွက် အကောင်းဆုံးရလဒ်ကို ဧကန်မလွဲ ရရှိကြမှာပါ။ အိမ်ထောင်ရေးပြဿနာတွေလည်း ချုပ်ငြိမ်းသွားလိမ့်မယ်လို့ ထင်မြင်ယူဆပါတယ်။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz