x

5.6.11

အတိတ်မှပုံရိပ်များ - နိဂုံး



ဒီပို့စ်လေးကို ဆက်မရေးခင် ကျမ နည်းနည်းတော့ စကားပလ္လင်ခံပါရစေနော်။ အွန်လိုင်းမှာ ကျမရဲ့ပို့စ်ကို အားပေးနေကြတဲ့ ဘလော့ဂါများအားလုံး မိတ်ဆွေ သူငယ်ချင်းများနဲ့ ဆွေမျိုးသားချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ် အမှန်ကို ဝန်ခံရရင်တော့ ကိုယ့်ကိုယ်ကို ဒီလိုစာသားတွေရေးရင်း ကိုယ်ပိုင်ဘလော့လေး တစ်ခု ပိုင်ဆိုင်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူး။ ရင်ထဲမှာရှိနေတဲ့ အကြောင်းအရာလေးတွေကို ပုံဖော်ရင်းနဲ့ အခုလို အမှတ်တရ မှတ်တမ်းလေးတစ်ခု ကျမဘဝအတွက် ကျန်ခဲ့တာကို ကြည်နူးနေမိတာအမှန်ပါ။ ကျမအနေနဲ့ ရတဲ့အချိန်လေးတွေမှာ အွန်လိုင်းမှာရှိတဲ့ ဂျီတော့ မိတ်ဆွေများနဲ့ စကားစမြည်ပြောရင်းကနေ သူတို့တစ်တွေရဲ့ အကြံဥာဏ်ပေးမှုလေးတွေကို ကျမလေးလေးစားစား မှတ်သားပြီး ကောင်းနိုးရာရာလေးတွေကို လက်တွေ့လိုက်နာ လုပ်ဆောင်ခဲ့ပါတယ်။ ဘလော့ဂါတွေရဲ့ ဝိုင်းဝန်းကြိုဆို အားပေးမှုဟာ ကျမအတွက် အသစ် အသစ်သော ပို့စ်တွေ စိတ်ကြည်နူးစွာ ဆက်တင်နိုင်ဖို့ရာ တွန်းအားတစ်ခုပါပဲ။ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတာတော့ အမှန်ပါ။

နေမကောင်း မကြာမကြာဖြစ်တတ်တဲ့ ကျမတစ်ယောက် ညီမလေးရောက်လာတဲ့ အချိန်ကစပြီး ဖျားနာတာ တစ်ကြိမ်နဲ့တစ်ကြိမ် အလှမ်းဝေးသွားပါတယ် ဒါပေမယ့်လည်း ကျမရဲ့ခေါင်းကိုက်ဝေဒနာကတော့ ၊နေပူထဲထွက်ပြီးတိုင်းဖြစ်လေ့ဖြစ်ထရှိလာတာကို သတိထားမိတဲ့အတွက် ကစားတဲ့အခါတိုင်းလည်း ကျမဦးထုပ်ဆောင်းပြီး ကစားလေ့ရှိပါတယ်။ မကြာခဏ ဆိုသလို ခေါင်းကိုက်ဝေဒနာကြောင့် ကျမ ကစားရတဲ့ အချိန်တွေလည်း နည်းမှန်းမသိနည်းလာပါတယ်။ ကာယကံရှင်ဖြစ်တဲ့ ကျမကိုယ်တိုင်က နည်းနည်းခေါင်းမာပါတယ်။ တော်ရုံတန်ရုံလောက်ဆိုရင် ဖျားနာတာကို အိမ်ကလူကြီးတွေတောင် မသိလိုက်ပါဘူး။ ခေါင်းကိုက်တဲ့အခါမှာလည်း ခေါင်းတစ်ခုလုံး ပေါက်ထွက်မတတ် ကိုက်နေတာကို လူကြီးတွေကို တစ်ကြိမ်တစ်ခါမှ မပြောခဲ့တဲ့အတွက် အိမ်ကသူတွေကတော့ ကျမကို အမှတ်တမဲ့ပါပဲ ရိုးရိုးခေါင်းကိုက်တယ်လို့ပဲ ယူဆခဲ့ကြတာလေ။ ညီမလေး အိမ်ကို မရောက်ခင်ကအထိ ကျမခေါင်းကိုက်ပြီဆိုရင် အိပ်ယာပေါ်မှာ ခွေနေတတ်ပါတယ်။ ညီမလေးရောက်လာပြီးတဲ့အချိန်ကစပြီး ကျမခေါင်းကိုက်တိုင်း ကျမအနားမှာ လာထိုင်ပြီး ကျမနားမလည်တဲ့ စကားတွေနဲ့ ဖောင်ဖွဲ့နေအောင်ပြောပြီး လက်ကလည်း ကျမခေါင်းကို ၊နှိပ်ပေးတတ်ပါတယ်။ ကျမအိပ်ပျော်သွားပြီး တစ်ရေးနိုးပြီဆိုရင်တော့ ခေါင်းကိုက်တဲ့ဝေဒနာဟာ အမြဲလိုလို ပျောက်ကင်းနေပါပြီ။ တစ်ခါတစ်လေ ကျမအိပ်ပျော်ရာကနေ နိုးလာတဲ့အခါမှာ ကျမဘေးနားမှာ ခွေခွေလေးအိပ်နေတဲ့ ညီမလေးကိုမြင်ပါတယ်။ သူနိုးလာလို့ ကျမခေါင်းကိုက်ဝေဒနာ ပျောက်သွားတာကိုမြင်ရင် သူကပျော်ရွှင်မြူးတူးစွာနဲ့ လက်ခုပ်တီးပါတယ်။

ဒီလိုနဲ့ပဲ ညီမလေးအိမ်ကိုရောက်တာ တစ်လလောက်အကြာမှာ ညီမလေးနဲ့ အတူလာတဲ့ မေမေ့အစ်မ အဒေါ်ဖြစ်သူက ညီမလေးကို အပြီးထားခဲ့ပြီး ရန်ကုန်ကို ပြန်ဆင်းသွားပါတယ်။ အဒေါ်ပြန်မဲ့နေ့ကတော့ ညီမလေး အဒေါ်ကိုဖက်ပြီး ရှိုက်ကြီးတငင်ငင်ငိုနေတာကို ကျမမြင်ရတော့ စိတ်ထဲအတော်လေး မကောင်းဖြစ်ခဲ့သလို ညီမလေးကိုလည်း သနားမိပါတယ် ကျမရင်ထဲမှာ နာနေတဲ့ ဝေဒနာကို ခံစားရပေမယ့်လည်း မျက်ရည် တစ်စက်မှ မကျခဲ့ပါဘူး။ ကျမ မှတ်မိသလောက်တော့ ကျမမျက်ရည် အတော်ခိုင်ပါတယ်။ အစ်ကိုတွေနဲ့ ကစားရာကနေ ချော်လဲပြီး သွေးထွက်သံယိုဖြစ်တာမျိုး တစ်ခုခုကြောင့် ထိခိုက်မိတာမျိုး အဆိုးဆုံးပြောရရင်တော့ ကျမအိမ်ခေါင်မိုးပေါ်ကနေ ပြုတ်ကျပြီး လက်ကျိုးတဲ့အချိန်တုန်းကလည်း မျက်ရည်တစ်စက် မကျခဲ့သလို ကြောက်ရွံ့ပြီး ငိုယိုတာမျိုးလည်း အလျင်းမဖြစ်ခဲ့ပါဘူး။ ကျိုးတဲ့လက်ကို ဆရာဝန်က စမ်းသပ်ပြီး ဆွဲဆန့်တော့ အတော်လေးနာကျင်တာကို အံကြိတ်ခံပြီး ကိုယ့်အပြစ်နဲ့ကိုယ်ပဲလို့ သာတွေးပြီး အနာခံခဲ့ပါတယ်။ တစ်ခါတစ်ရံ မျက်ရည်မကျသည့်တိုင် ရင်ထဲမှာတော့ မွမ်းကြပ်ပြီး အသက်ရှူမဝတဲ့ ခံစားမှုမျိုးကို ခံစားတတ်ပါတယ် ရင်ဘတ်ထဲမှာ အောင့်နေပြီး လည်ပင်းထဲမှာ တစ်ခုခုဆို့နစ်နေတဲ့ ခံစားမှုမျိုးပေါ့။ ဥပမာ ကျမမေမေ ဆုံးတုန်းကလိုမျိုးပါ။ စကားစပ်လို့ပြောရင်း အတိတ်ကိုပြန်ရောက်သွားပြန်ပေါ့။ အတိတ်သံသရာကနေ ကျမ ရုန်းထွက်သင့်မှန်းသိပေမယ့် ကျမဘဝမှာ မေ့ဖို့ရာ အင်မတန်ခက်ခဲ့တဲ့ အကြောင်းအရာလေးတစ်ခုအဖြစ် ရင်ထဲမှာအမြဲတန်း စွဲငြိနေတဲ့အတွက် မေ့ပျောက်ဖို့ရာ မလွယ်ကူခဲ့ပါဘူး။

ကျမ လက်ကျိုးသွားတဲ့အတွက် ဖွားဖွားက ကျမကို အစ်ကိုတွေနဲ့ ကစားတာကို တားမြစ်ခဲ့ပါတယ် ကျမမှာ စိတ်တိုင်းကျ ကစားခွင့်မရှိတော့တာမို့ အစ်ကိုတွေ ကစားတာကိုပဲ ငေးမောကြည့်ရင်း အချိန်တွေ အတော်များများကို ပျင်းရိစွာနဲ့ ကုန်လွန်စေခဲ့ပါတယ်။ အိမ်အပေါ်ထပ်ကနေ အောက်ကိုမျှော်ကြည့်နေတဲ့ ကျမကို ညီမလေးက လာလာပြီး အဖေါ် လုပ်ပေးတဲ့အတွက် ကျမ တစ်နေ့တစ်ခြား ညီမလေးကို ပိုမိုလို့သံယောဇဉ်တွယ်ပြီး ချစ်လာခဲ့ရပါတယ်။


                ညီမလေးရဲ့ သြဂုတ်လ (၂၄)ရက်နေ့ မွေးနေ့မှာ ဖေဖေဝယ်ပေးတဲ့ကိတ်မုန့်စားခဲ့ရတယ်

အချိန်တွေကုန်လွန်ရင်း ၃-လ အကြာမှာ မနက်စောစောကျမရဲ့ ခြင်ထောင်ထဲကို ညီမလေးဝင်လာပြီး “ထတော့ထတော့ မုန့်ဆင်းစားမယ် ငါဗိုက်ဆာတယ်” လို့ပြောတော့ ကျမအံ့သြသွားတယ်။ သူတောင် မြန်မာလိုအတော်လေး တတ်နေပြီပဲပေါ့ ဒါပေမယ့် ‘ငါ’ ဆိုတဲ့ စကားအသုံးအနှုံးက ကျမနားထဲမှာ ကန့်လန့်ဖြစ်နေတာကြောင့် “တူးမာ ကိုယ့်ထက် အသက်ကြီးတဲ့သူနဲ့ စကားပြောရင် ‘ငါ’ လို့မပြောရဘူး သိလား ၊ အဲဒီလိုပြောရင် ငရဲကြီးတယ် ။ ကိုယ့်နာမည်ကို ထည့်ပြောရတယ် မှတ်ထားနော်” လို့ ကျမကပြောပြတော့ ညီမလေးက “အေး” လို့ပြန်ပြောပြန်တယ်။ “အဲဒီလို ‘အေး’ လို့ ပြန်ပြောတာလဲ ရိုင်းတာပဲ ၊ ကိုယ့်ထက် အသက်ကြီးသူတွေက ပြောရင် ‘ဟုတ်ကဲ့’ လို့ပြန်ဖြေရတယ် အဲဒါလည်း မှတ်ထားနော် ၊ တဖြည်းဖြည်းနဲ့တော့ စကားကို လိမ်လိမ်မာမာ ယဉ်ယဉ်ကျေးကျေး ပြောတတ်လာမှာပါ ၊ မမကို သိချင်တာရှိလဲ မေးနော် ကြားလား” လို့ ကျမကပြောတော့ ညီမလေးက “ဟုတ်ကဲ့” လို့ပြန်ပြောရင်း ခေါင်းပါ ညိတ်ပြပါတယ် ။ ဒါနဲ့ ကျမကပဲ ညီမလေး စကားအပြောအဆို ယဉ်ကျေးလာအောင် သင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အစ်ကိုတွေနဲ့ ကစားဖို့ အခွင့်အရေး မရတဲ့အချိန်တွေမှာတော့ ကျမအဖို့ ကစားဖော် ညီမလေးရှိနေတာမို့ အပျင်းပြေနေပါပြီ။

ကျမက အစ်ကိုတွေနဲ့ စစ်တိုက်တန်းကစားရင် ၊မြင်းစီးပြီးကစားတတ်ပါတယ်။ တစ်ယောက် တစ်လှည့် မြင်းလုပ်ပြီး ကျောပိုးရပါတယ်။ ဒီတော့ တစ်နေ့မှာ အိမ်အောက်ထပ် ဆင်းလာပြီး အပြင်ဖက်ကို ကြည့်လိုက်တော့ အစ်ကိုတို့အဖွဲ့ စစ်တိုက်တန်း ကစားနေတာကိုမြင်ပြီး ကျမလည်း ကစားချင်လာတယ် ညီမလေးကို “တူးမာ မြင်းစီးမလား မမ မြင်းလုပ်ပေးမယ် တူးမာက ကျောကုန်းပေါ်တက် ဆိုပြီး ကျမ ငုတ်တုတ်ထိုင်ပေးတယ် ညီမလေးက ကျမကျောကုန်းပေါ်အတက် ကျမ မတ်တပ်ထလိုက်တော့ လူကမိုက်ခနဲဖြစ်ပြီး နောက်ကို ယိမ်းယိုင်သွားပါတယ် ကျောပေါ်ရောက်နေတဲ့ ညီမလေးလည်း အရှိန်မထိန်းနိုင်ပဲ ပက်လက်လန်ပြီး အောက်ကိုပြုတ်အကျ လှေခါးအတက် ထောင့်က စောင်း နဲ့ဆောင့်မိပြီး ခေါင်းပေါက်ပါလေရော။ သူက အသံကုန် “မမ နာတယ် နာတယ်” လို့ ဟစ်အော်ငိုတော့ အိမ်ထဲကနေ ဖွားဖွားက “ဟဲ့ အိမ်ရှေ့မှာ ကလေးငိုသံကြားတယ် ထွက်ကြည့်ကြပါအုံး အလန့်တကြား” လို့ ပြောပြောဆိုဆို ခြေသံတွေကိုလည်းကြားရော ကျမအတော်လန့်သွားတယ် ကြီးမားတဲ့ ပြစ်မှုတစ်ခုကို ကျူးလွန်မိတဲ့ကျမ ဘာကိုမှ စဉ်းစား ဆင်ခြင်နိုင်စွမ်း မရှိတော့ပါ။ အနားရှိ လှေကားအောက်ထဲကို ပြေးဝင်ပြီး ပုန်းနေပါတော့တယ်။ လဲကျနေတဲ့ ညီမလေးကိုလည်း ၊မြင်ရော အဒေါ်အလတ်(ဖေဖေ့ညီမ) က ပွေ့ချီပြီး ဆေးခန်းကို ၊ပြေးပါတယ်။ ခေါင်းဘယ်နှစ်ချက် ချုပ်လိုက်တယ်တော့ ကျမ မသိပါဘူး။ ကိုယ့်ဒုက္ခနဲ့ ကိုယ် လှေကားထစ်အောက်မှာ အစာငတ် ရေငတ်တဲ့ ဒုက္ခကို အချိန်ကြာမြင့်စွာ ရင်ဆိုင်နေရ ပါတော့တယ်။ ၂နာရီကျော်ကျော်လောက် အကြာမှာ ခြံထဲကို ကား ဝင်လာသံကြားတော့ လှေခါးထစ်အောက်ကနေ နားစွင့်နေမိတယ်။ ကားပေါ်က ဆင်းလာသံတွေကြားပြီး “ပူလူးဘယ်ရောက်သွားလဲမသိဘူး ရှာကြပါအုံး။ ဒီကလေးမ သူ့ကြောင့်ဖြစ်တယ် ဆိုပြီး ဘယ်ကိုများ သွားပုန်းနေလဲမသိဘူး” လို့ ဖွားဖွားပြောသံကို ကြားနေရပေမယ့် ကျမ အသက်တောင် ပြင်းပြင်းမရှူရဲပဲ တိတ်တိတ်လေး နေနေပါတယ်။ ဗိုက်ထဲကတော့ ဆာလွန်းလို့ တဂွီဂွီနဲ့ တချက်ချက် ထထမြည်နေတဲ့ အသံကို လူကြီးတွေကြားသွားမှာ စိုးရိမ်စိတ်က ပိုများနေမိပါတယ်။

   ကျမပေါ်ကနေလိမ့်ကျလို့ အဆက်မပြတ် ငိုနေတဲ့ ညီမလေးကို သနားပေမယ့် ကျမပုန်းမြဲပုန်းနေခဲ့တယ်

ညနေ ဖေဖေရုံးကပြန်လာတော့ ဖေဖေ့ကို အဒေါ်အလတ်က မနက်က အဖြစ်အပျက် အလုံးစုံကို ပြန်ပြောဆိုနေသံ ကျမကြားနေရပါတယ်။ ဖေဖေက စိုးရိမ်စွာနဲ့ “ဒါဆိုရင် လုလုကို အမြန်ရှာကြပါအုံး ကြောက်လန့်ပြီး အိမ်ကထွက်ပြေးသွားရင် ဒုက္ခပဲ၊ မန္တလေးမှာ အရူးတွေကလည်း ပေါကပေါနဲ့ လိုအပ်ရင် လူထပ်တိုးပြီး ရှာနိုင်အောင် လုပ်ရမှာပေါ့၊ ‘မမ’ တို့ကလည်း (ဖွားဖွားကို ဖေဖေက မမ လို့ခေါ်ပါတယ်) သိသိချင်း ကျနော့်ရုံးကို လှမ်းပြောတာမဟုတ်ဘူး ကျနော်စီစဉ်မှာပေါ့” ဆိုပြီး ကျမကြောင့် အပြစ်မရှိတဲ့ ဖွားဖွားတို့ကို ဖေဖေ့ရဲ့ အပြစ်တင်သံကို ကြားလိုက်တော့ ကျမအတော်လေး စိတ်မကောင်းဖြစ်သွားပါတယ်။ ကိုယ့်ကြောင့် ညီမလေးခေါင်းပေါက်၊ လူကြီးတွေစိတ်ပူရ၊ အပြစ်မရှိပဲ အပြစ်တင်ခံရ၊ ကိုယ်တိုင်လည်း အစာငတ် ဆိုတာတွေကို တွေးမိပြီး ‘အပြစ်ရှိလို့ အရိုက်ခံရရင်လည်း အရိုက်ခံရပါစေတော့’ လို့တွေးပြီး လှေခါးအောက်ကနေ ကျမအပြင်ကို ထွက်လာပါတယ်။ ကျမအတွေးနဲ့ လက်တွေ့ဟာ လုံးဝတက်တက်စင်အောင် လွဲနေပါတော့တယ်။ ကျမကို အရင်ဆုံးမြင်တဲ့ ဖွားဖွားက “ဟင် … ပူလူး ဘယ်သွားနေတာလဲကွယ် ဖွားဖွားတို့ အားလုံး ဝိုင်းပြီး ရှာနေကြတာ တစ်နေ့လုံးပဲ” လို့ပြောနေတုန်း ဖေဖေအနားကို ရောက်လာတယ် ပြီးတော့ ဖေဖေက “လုလု စိတ်မပူနဲ့တော့ ညီမလေး ခေါင်းကို ချုပ်ပြီးသွားပြီ အခုသွေးမထွက်တော့ဘူး လုလုက အားနည်းနေတော့ တူးမာကို ဘယ် မ နိုင်ပါ့မလဲ ဘယ်တော့ဖြစ်ဖြစ် အလုပ်တစ်ခုခုကို လုပ်တော့မယ်လို့ စဉ်းစားပြီးရင် ဒီအလုပ်ကို လုပ်သင့် မလုပ်သင့် အရင် စဉ်းစားရမယ်” လို့ပြောပြီး တဆက်တည်း “နောက်ကို အခုလို အမှား တစ်ခုခုဖြစ်ခဲ့ရင် ကိုယ့်အပြစ်ကို ရှောင်ပြီး ပုန်းတဲ့အလုပ် မလုပ်ရဘူးနော် ကိုယ့်မှာအပြစ်ရှိရင် ဝန်ခံလိုက်ရတယ် ဒါဆိုရင် အမှားတစ်ခုအတွက် အမှန်ကိုရောက်သွားနိုင်မှာပေါ့ အမှားကို ဝန်ခံတဲ့သူကိုလည်း ဘယ်သူကမှ အပြစ်မတင်ဘူး။ အမှားကို ဖုံးကွယ်ပြီး ကိုယ်လွတ်ရုံးရင် အမှားတစ်ခုကနေ အမှားနှစ်ခုဖြစ်သွားတတ်တယ် ဖေဖေပြောတာနားလည်တယ် မဟုတ်လား မှတ်ထားနော် လုလု” လို့ ဖေဖေက လေပြေလေးနဲ့ ရှင်းပြတော့ ကျမ သတ္တိနည်းစွာ ရှောင်ပုန်းမိတဲ့ အပြစ်ကို ရှက်ပြီးဝမ်းနည်းသလို နောင်တလည်း ရမိပါတယ်။ အဲဒီအချိန်ကစပြီး ကျမ ဘယ်တော့မှ လူကြီးတွေ စိတ်ပူစေမယ့် အလုပ်မျိုးကို မလုပ်မိတော့ပါဘူး။

             ခေါင်းကိုက်ဝေဒနာ ခံစားရပြီဆိုရင် ကျမရဲ့ ခေါင်းတစ်ခုလုံး ပေါက်ကွဲသွားသလို ခံစားရပါတယ်

ကျမရဲ့ ခေါင်းကိုက်ဝေဒနာဟာ နောက်ပိုင်းမှာ အခြေအနေ ဆိုးရွား လာပါတယ် ခေါင်းကိုက်ပြီ ဆိုရင် ခေါင်းထဲကို သံပူနဲ့ထိုးသလိုမျိုး ခံစားရပြီး မျက်စေ့ထဲမှာ အလင်းရောင်ကို လုံးဝကြည့်လို့မရပါဘူး ဥပမာ မျက်စေ့အရှေ့မှာ ရှိနေတဲ့ ကားနံပါတ်မျိုးဆိုရင် နံပါတ်၎လုံးက အလိုလိုထပ်သွားပြီး တစ်လုံးသာဖြစ်သွားတာမျိုး မြင်ရပါတော့တယ်။ ဒီအပြင် အန်ချင်တဲ့စိတ်က တားမရအောင် ပေါ်လာပြီး စားထားသမျှ အဖတ်နဲ့ သောက်ထားသမျှ အရည်အားလုံးကို အန်ထုတ်ရပါတော့တယ်။ အန်လိုက်မှ လူကနေသာ ထိုင်သာရှိသွားလေ့ရှိပါတယ်။ ဖေဖေက ဆေးရုံကိုခေါ်သွားပြီး ဆေးစစ်ရာမှ ဆရာဝန်က ကျမရဲ့ မကြာခဏဖြစ်တဲ့ ခေါင်းကြီးကိုက်ဝေဒနာ (Migraine) နဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။ ဒီခေါင်းကြီးကိုက် ရောဂါဟာ အထူးသဖြင့် စိတ်အာရုံရှုပ်ထွေးစေတဲ့အခါမျိုး စိတ်ကျဉ်းကြပ်တဲအခါမျိုး အိပ်ရေးမဝတဲ့အခါမျိုး ပူပြင်းတဲ့နေရောင်နဲ့ ငယ်ထိပ် ထိတွေ့တဲ့အခါမျိုး အစားအသောက်နဲ့ ပတ်သက်ပြီး အဆီအဆိမ့်တွေ များများစားတဲ့အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ် ဒါကြောင့် အနေအထိုင် အစားအသောက် ဆင်ခြင်ဖို့ရယ် အဲဒီရောဂါ စဝင်လာပြီဆိုရင် ကာယကံရှင်က ကြိုပြီးသိနေတယ် အဲဒီအချိန်မှာ (Anti Migraine or Ever Mirgraine) ဆေးတစ်ခုခုကို အရင် ဦးအောင်သောက်ပြီး မျက်စေ့ကို အလင်းမဝင်အောင် အကာတစ်ခုခုစည်းနှောင်ထားပေးပါ ။ အေးတဲ့အခန်းထဲမှာ အိပ်ပျော်အောင် နားခိုင်းလိုက်လိုက်လို့ အိပ်ပျော်သွားရင် ဒီရောဂါဟာ နိုးလာတဲ့အခါမှာ ပျောက်သွားပါလိမ့်မယ်” လို့ ဖေဖေ့ကိုရှင်းပြပါတယ်။ ကျမခေါင်းကိုက်လို့ ဆေးသောက်ပြီး အိပ်ပျော်သွားရင် တစ်ခါတစ်ရံမှာ အိပ်ယာနိုးလာရင် ကျမရဲ့ခေါင်းအုံးဘေးမှာ လက်ဆောင်ထုပ်လေးတစ်ခု တွေ့ရတတ်ပါတယ်။

                  အိပ်ယာကနိုးလာတဲ့အခါ တစ်ခါတစ်ရံ ဖေဖေ့ရဲ့မြန်မြန်နေကောင်းစေမည့် 
                                           လက်ဆောင်မျိုးလေးပေးတယ်

ဒီကနေ့ဟာ ဧပြီလ ၅ရက်နေ့ ကျမအိပ်ယာမှ နိုးလာတဲ့အချိန်မှာ အိမ်မှာ လူတွေရဲ့ စကားသံတွေကို ကြားနေရတယ်။ ကျမကတော့ ထုံးစံအတိုင်း နေမကောင်းပြန်ဘူးလေ ဒီတစ်ခါတော့ နေမကောင်းတဲ့ရက်က နည်းနည်းရှည်လို့ထင်ပါတယ် ကျမအနားမှာ ညီမလေး ရှိမနေပါဘူး ဒါနဲ့ ကျမအပေါ်ထပ်မှာရှိတဲ့ ဝရံတာကို ထွက်လာခဲ့တယ်။ အဲဒီ ဝရံတာရဲ့ ထောင့်လေးမှာ ကျမနေမကောင်းလို့ အောက်ထပ်ကို မဆင်းရတဲ့အခါတိုင်းမှာ အောက်ထပ်ကို မျှော်ကြည့်လို့ရတဲ့ ထိုင်ခုံလေး တစ်ခုံကို ဖွားဖွားကစီစဉ် ထားပါတယ်။ အဲ့ဒီ ခုံလေးအပေါ်မှာ ကျမထိုင်ပြီး အပေါ်ကနေ အိမ်အောက်ဖက်မြက်ခင်းပြင်ထဲကို လှမ်းကြည့်လိုက်တော့ လူတွေအများကြီး ၊ခြေချင်းလိမ်ပြီး အလုပ်ရှုပ်နေကြတာကို တွေ့ရပါတယ်။ အဲဒီအနားမှာ ညီမလေးကိုလည်း ဟိုသွားလိုက် သည်သွားလိုက် လုပ်နေတာကိုလည်း ၊မြင်ရပါတယ်။ ကျမအတွေးထဲမှာ တစ်ခုဝင်လာတာကတော့ ‘ဘာလိုလိုနဲ့ မေမေဆုံးတာ တစ်နှစ်ထဲကို ရောက်လာပါပြီ လာမည့် ဧပြီလ ၁၈ရက်နေ့ဆိုရင် ကျမအသက် (၈)နှစ်ပြည့်တော့မယ် ဒါဆိုရင် မေမေဆုံးတာ တစ်နှစ်တင်းတင်းပြည့်ပြီပေါ့’

အပေါ်ထပ်ကို အဒေါ်အကြီးဆုံး(ဖေဖေ့ညီမ) တက်လာတာကိုမြင်တော့ “မေကြည် အောက်ထပ်မှာ ဘာဖြစ်လို့ လူတွေရှုပ်နေတာလဲဟင်” လို့ ကျမကသိချင်စိတ်နဲ့ မေးကြည့်လိုက်တော့ မေကြည်က “ဒီကနေ့ လုလုရဲ့ ဖေဖေက လုလုတို့ မောင်နှမ(၄)ယောက် အတွက် ၊မေမေအသစ် ရှာပေး တဲ့နေ့လေ ဖေဖေနဲ့ နောက်မေမေအသစ် တို့ရဲ့မင်္ဂလာဆောင်တဲ့ နေ့ပေါ့။ ၊မြက်ခင်းပြင် ထဲမှာ မင်္ဂလာပွဲ ကျင်းပမလို့ အလုပ်ရှုပ်နေကြတာ လုလုရဲ့” တဲ့။ ကျမ ရင်ထဲမှာ ကျမဖေဖေ့အတွက် ဝမ်းသာသွားပါတယ် အမြဲတန်း အထီးကျန်စွာနေနေရတဲ့ ဖေဖေ့ကို အရင်လို ပြုံးပျော်နေတာမျိုးမြင်ချင်ပါတယ်။ ကျမတို့မောင်နှမ (၄)ယောက်လုံးက မေမေအသစ်ကို နွေးနွေးထွေးထွေး ကြိုဆိုကြပါတယ်။


ဖေဖေနဲ့ မေမေအသစ်တို့ရဲ့ မင်္ဂလာပွဲလေးဟာ စည်ကားသိုက်မြိုက်စွာနဲ့ အောင်မြင်စွာနဲ့ပြီးဆုံးသွားပါတယ်

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz