x

8.6.11

ဂတိနိမိတ်နှင့်အဂတိနိမိတ်



၃၀-၆-၂၀၀၉ ရက်နေ့ ညဥ့်သန်းခေါင်ယံ အချိန်မှာ ကျမဗိုက်အောင့်တဲ့ ဝေဒနာကို အလူးအလှိမ့် ခံစားနေ ရပေမယ့် အိမ်မှာရှိတဲ့ သူအားလုံး အိပ်မောကျနေတာမို့ ကျမ နှိုးရမှာကိုအားနာတာနဲ့ပဲ တစ်ယောက်ထဲ ကျိတ်မှိတ်ခံစားနေခဲ့ရပါတယ်။ တကယ်တော့ ညဦးပိုင်းမှာကတည်းက ဗိုက်ထဲက တစ်ချက်တစ်ချက်  ၊အောင့်အောင့်နေတာကို သာမန်ဗိုက်နာတယ်ထင်လို့ ဘတ်စ်ကိုပင်န် (Buskopan) သောက်ခဲ့ပါတယ်။ ဗိုက်နာတာက သက်သာသလိုလို ရှိတာနဲ့ပဲ ခပ်စောစောလေး အိပ်ယာဝင်ခဲ့ခြင်းဖြစ်ပါတယ် ည၁၁နာရီမှာ 
ကျမရဲ့ ဗိုက်အောင့်တဲ့ ဝေဒနာဟာ ပိုမိုးဆိုးရွားလာတဲ့အတွက် ခံစားနိုင်စွမ်း မရှိတော့ပဲ အိပ်ယာမှ လန့်နိုး သွားပါတယ်။ သက်သာလို သက်သာငြား လမ်းလျှောက်ရင်း ပရိတ်ကြီး (၁၁)သုတ်ရွတ်ပါတယ် ဗိုက်နာတဲ့ဝေဒနာကတော့ ပျောက်သွားခြင်းမရှိပါဘူး ဒါနဲ့ မှောက်အိပ်ကြည့်လိုက် မသက်သာပါ ဘေးစောင်း အိပ်လိုက် နာမြဲနာဆဲပါ ခေါင်းအုံးနဲ့ ဗိုက်ကို ဖိထားလိုက် စသဖြင့် နည်းအမျိုးမျိုး သုံးကြည့်ပေမယ့် ထူးခြားမှု မရှိသည့် အပြင် ပိုတိုးလို့သာ ဗိုက်ကနာလာပါတယ်။ နကိုယ်ကမှ ခေါင်းမာတဲ့ ကျမ နာရီပေါင်းများစွာကို ကုတင်ပေါ်မှာ လူးလှိမ့်ရင်း အချိန်ကို ကုန်လွန်စေပါတယ်။ ကျမအင်္ကျီတစ်ထည်လုံးလည်း ဇောချွေးများနဲ့ စိုရွှဲနေပါတော့ တယ်။


၁-၇-၂၀၀၉ ရက်နေ့ မနက် ၅နာရီတွင် ကျမရဲ့ မျက်လုံးများ တဖြည်းဖြည်းပြာလာပြီး ဗိုက်နာသည့် ဝေဒနာ ကလည်း ညကလို တစ်ချက်တစ်ချက်အောင့်ခြင်းမျိုး မဟုတ်တော့ပဲ ဝမ်းဗိုက်တစ်ပြင်လုံး နေရာအနှံ့အပြား တဆက်တည်း ပြင်းထန်စွာနာသည့် အခြေအနေကို ရောက်နေပါပြီ။ မိနစ်ပိုင်းအတွင်းမှာ ပြိုလဲသွားတော့ မည့် ခံစားမှုကို ခံစားလိုက်ရတဲ့အခါမှာတော့ ကျမ ကုတင်အောက်ကို ကြိုးစားပြီး ဆင်းပါတယ် ခက်ခက်ခဲခဲ အံကြိတ်ပြီး မတ်တပ်ရပ်လိုက်ပါတယ်။ ကျမအိပ်ခန်းနဲ့ အတူနေ ညီမလေးနဲ့ တူမလေးရဲ့အိပ်ခန်းဟာ  ခြေ လှမ်း  အလှမ်း ၂၀ ခန့် လှမ်းရပါတယ်။ အုတ်နံရံကို အမှီပြုပြီး သူတို့အခန်းကို ကျမအရောက်သွားကာ တံခါးခေါက်လိုက်တော့ အအိပ်ဆတ်တဲ့ ထွေးထွေးက ကပြာကယာ အိပ်ယာမှ လူးလဲထလာပြီး အခန်းတံခါး ကို ဖွင့်ရင်းက “မတင့် ဘာဖြစ်လို့လဲ ဟင်” လို့ ကျမကိုမေးရင်း ပုံမှန်မဟုတ်တဲ့ကျမကို လှမ်းထိန်းထားပါ တယ်။ ကျမက “မဝါကို ဖုန်းဆက်ခေါ်ပေးပါအုံး ညထဲက ဗိုက်အောင့်နေတာ အခုမခံနိုင်တော့ဘူး ပန်းလှိုင်ဆေးရုံ ကို ပို့ခိုင်းပေးပါအုံး” လို့ တစ်လမ်းကျော်မှာ ရှိတဲ့ အဒေါ်အလတ်ရဲ့ သမီးဖြစ်သူ ညီမဝမ်းကွဲ ဆရာဝန်မကို တဆက်တည်း ခေါ်ခိုင်းပါတယ်။ “ဟုတ် ဟုတ် အခုချက်ခြင်း ခေါ်လိုက်မယ် မတင့် အိပ်ယာ ထဲ ပြန်လှဲနေလိုက်ပါလား” ဟုပြောပြောဆိုဆို ကျမကို တွဲပြီး ကျမအခန်းကို ပြန်ပို့ပေးပါတယ်။ ၁၀မိနစ်ခန့် အကြာမှာ ကျမရဲ့ ညီမဝမ်းကွဲ မဝါ ရောက်လာပြီး ကျမကို စမ်းသပ်ရင်းက ချက်ခြင်းဆိုသလို ထွေးထွေးဖက် လှည့်ပြီး “မတင့်ကို အခုဆေးရုံပို့မှဖြစ်မယ်” လို့ မဝါက ပြောလဲပြော ကျမကို အိပ်ယာကနေ ထူလဲထူပြီး ၊အောက်ထပ်ကို ထွေးထွေး မျိုးမျိုးတို့အကူနဲ့ တွဲချပေးပါတယ်။ ကျမရဲ့ ခံစားနေရတဲ့ဝေဒနာကို ကျမအရေး မလုပ်နိုင်တော့ပါ အာရုံကို အတတ်နိုင်ဆုံး စုစည်းထားပြီး သတိမလစ်အောင်သာ အတတ်နိုင်ဆုံး ကိုယ့်စိတ် ကို ထိန်းထားပါတော့တယ်။

ကျမတို့အိမ်နဲ့ ပန်းလှိုင်ဆေးရုံရဲ့ အကွာအဝေးဟာ ကားနဲ့သွားရင် အများဆုံးသွားရ ၁၀မိနစ်ခန့်ဖြစ်ပါတယ်။ ပန်းလှိုင်ဆေးရုံကို ရောက်သည်နှင့် မဝါက ဧည့်ကြို (Reception) ကို လူနာပါလာတဲ့အကြောင်း  ပြောသော အခါ တွန်းလှည်းနဲ့ လူနှစ်ယောက် ထွက်လာပြီး ကျမကို ကားပေါ်ကနေ ကူညီချပေးပြီး တွန်းလှည်းပေါ်မှာ ထိုင်စေကာ အရေးပေါ်အခန်းကို ခေါ်ဆောင်သွားပါတယ်။ ဝန်ဆောင်မှု လစ်ဟင်းမှုမရှိတဲ့ ပန်းလှိုင်ဆေးရုံမှ ဝန်ထမ်းများဟာ လူနာရှင်နဲ့ လူနာကို လေးလေးစားစားဆက်ဆံပြီး အချိန်ကို အလဟသ မဖြစ်စေရန် အတွက် အရေးပေါ်ခန်းမှာ လိုအပ်ချက်များဖြစ်တဲ့ ဓာတ်မှန်ရိုက်ခြင်း သွေးပေါင်ချိန် တိုင်းခြင်း အဖျား  တိုင်းခြင်း အလေးချိန် ချိန်ခြင်း အစရှိတာတွေကို ဆရာဝန်ကြီး လာသည့်အခါမှာ လူနာရဲ့ လက်ရှိအခြေ အနေကို ပြောပြနိုင်ရန်အတွက် ကြိုတင်ဆောင်ရွက်ထားပါတယ် ကျမခံစားနေရတဲ့ ဝေဒနာနဲ့ သက်ဆိုင်တဲ့ အူနဲ့အူလမ်းကြောင်း ဆရာဝန်ကြီး အား တာဝန်ကျ ဆရာမမှ ဖုန်းနဲ့အကြောင်းကြား ထားပြီးလည်း ဖြစ်ပါ တယ်။ မကြာမီ ဆရာဝန်ကြီးရောက်လာပြီး ကျမရဲ့လက်ရှိ အခြေအနေ အရပ်ရပ်ကို စစ်ဆေးမေးမြန်းပြီး ၊လောလောဆယ် ဝေဒနာ သက်သာစေရန် အတွက် ဆေးထိုးပေးပါတယ်။ ကျမရဲ့ရောဂါ ရှာဖွေရေးကို မရှေး မနှောင်း စတင်ဆောင်ရွက်မှုများ ပြုလုပ်ပါတယ်။

ဗိုက်တစ်ပြင်လုံးကို ဘယ်နေရာထိထိ အထိမခံနိုင်လောက်အောင် နာကျင်မှုဝေဒနာကို ကျမခံစားနေရပေ မယ့် သတိလက်လွတ် မဖြစ်စေရန်တော့ စိတ်ကိုထိန်းထားပါတယ်။ ဓာတ်မှန်ရိုက် (X-ray) ၊ အတ်ထ ရာစောင်းရိုက် (Ultrasound) စသဖြင့် အမျိုးမျိုး စမ်းသပ်သော်လည်း ကျမရဲ့ရောဂါ ရှာမတွေ့ပါ။တစ်ခါ ဆီး ဝမ်းနှင့်သွေးတို့ကို နောက်တစ်ကြိမ်ထပ်စစ်ပါတယ်။ ရောဂါမတွေ့ပါ။ ဗိုက်ကတော့ နာမြဲနာဆဲမို့ ကျမကို ထိုးပေးထားသော ဆေးလည်း အရှိန်ပြေပြီထင်ပါရဲ့။ ၁နာရီကျော်အကြာလောက်မှာ အဒေါ်အကြီး ဆုံးရဲ့ သမီးများဖြစ်တဲ့ ညီမဝမ်းကွဲနှစ်ယောက် ထပ်ရောက်လာပါတယ် သူတို့လည်း ဆရာဝန်တွေဖြစ်၍ ဆရာဝန်ကြီးနဲ့ ညီမတွေ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ကြပါတယ်။ ကျမရဲ့ ရောဂါကို ရှာဖွေရခက်နေတာမို့ ခဏစောင့်ကြည့်အနေအထားမှာ ထားပါတယ်။ ညနေပိုင်းမှာ ကျမရဲ့ ဗိုက်ဟာတင်းလာသလို ခံစားရပြီး ညီမတွေကို ပြောပြတော့ သူတို့ဆရာဝန်ကြီးထံ  သတင်းပို့ တာကြောင့် ဆရာဝန်ကြီး ကျမထံလာပြီး စမ်း သပ် စစ်ဆေးမှု ထပ်မံပြုလုပ်ပါတယ်။ ကျမဗိုက်ရဲ့ ပတ်လည်ကို လည်း ပေကြိုးနဲ့အတိုင်းအတာ ယူထား ဖို့ တာဝန်ကျ သူနာပြုဆရာမကို ညွှန်ကြားပါတယ်။

၂-၇-၂၀၀၉ ရက်နေ့ ကျမ အိပ်မပျော်ခဲ့တာ နှစ်ညနဲ့ သုံးရက်ရှိပါပြီ လူလည်းအတော်လေး နုံးနေပြီး နာကျင် မှုဝေဒနာကလည်း လျော့သွားတယ်လို့ မရှိပဲတိုးလို့သာလာပါတယ် ကျမရဲ့ ဝမ်းဗိုက်လည်း ဖောင်းလာတာ ကို သတိပြုမိပါတယ်။ အလှည့်ကျလာရောက် စစ်ဆေးတဲ့ သူနာပြုဆရာမလေးက ကျမဝမ်းဗိုက် ကို ပေကြိုး နဲ့တိုင်းယူပြီး ကျမရဲ့ လူနာမှတ်တမ်းမှာရေးတာကို သိချင်စိတ်ပေါ်လာတာနဲ့ “ဆရာမ ဘယ်လောက်ရှိလဲ ဟင်” လို့မေးဖြစ်အောင် မေးလိုက်မိပါတယ်။ ဆရာမက “ ၇၀ စင်တီမီတာပါ အန်တီ” လို့ဖြေတော့ ကျမ အနည်းငယ် စိုးရိမ်သွားပါတယ်။ မူလက ကျမရဲ့ ဗိုက်ဟာ ၆၅ စင်တီမီတာဟာ ပုံမှန်ဖြစ်တာကြောင့် ကျမ ရဲ့ဗိုက် ၅ စင်တီမီတာ ပို၍ ပူလာခြင်းဖြစ်ပါတယ်။ ညီမတွေလည်း ကျမအခြေအနေကို စောင့်ကြည့်နေတဲ့ အတွက် ထူးခြားမှုတစ်ခုခုဖြစ်တိုင်း အချင်းချင်း တီးတိုးတိုင်ပင်နေကြပါတယ်။ ကျမဆေးရုံ စရောက်တဲ့နေ့က စပြီး အစားအစာများ အားလုံးကို စားသောက်ခြင်းကနေ ခေတ္တရပ်ဆိုင်းထားပြီး ပိုက်များတပ်ကာ လိုအပ် သည့် ဆေးရည်များ ဆက်တိုက်သွင်းနေရပါတယ်။ ဗိုက်နာတဲ့ဝေဒနာအပြင် ဗိုက်ပြင်တစ်ခုလုံး တင်းကြပ် တဲ့ဝေဒနာပါ ထပ်ဆင့်ပြီး ခံစားနေရတဲ့ အခါမှာတော့ အတိတ်ဘဝရဲ့ ဝဋ်ကြွေးတွေရှိခဲ့ရင်လည်း ဒီဘဝ ဒီမျှ နဲ့ ကြေပါစေတော့ရယ်လို့ ကိုယ်ပြုပြုခဲ့သမျှသော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်အစုစုတို့အတွက် သာဓုခေါ် အမျှပေးဝေမိပါတယ်။ ကျမအနားမှာတော့ နေ့စဉ် နေ့ဖက်မှာ အဒေါ်သုံးယောက်က စောင့်ပေးနေခဲ့ပြီး ည မှာတော့ တူမလေးနှစ်ယောက်က စောင့်ပေးခဲ့ပါတယ်။ တဝန်ကျ သူနာပြုဆရာမတွေလည်း အလှည့်ကျ အမြဲလာကြည့်ပေးပါတယ်။

၃-၇-၂၀၀၉ ရက်နေ့ သုံးညနဲ့လေးရက် ရှိပါပြီ။ ဘယ်သူနဲ့မှလည်း စကားမပြောချင်တော့ပါ ရသမျှအချိန်တိုင်း မှာ မှိန်းနေချင်ပါတော့တယ်။ နေ့စဉ် ဓာတ်မှန်ရိုက်ရ အတ်ထရာစောင်းရိုက်ရ ဟိုစစ်ဒီစစ် ရောဂါကလည်း မပြဆိုတော့ ကျမစိတ်ဆင်းရဲလာသလို စိတ်ညစ်တိုင်း ဘုရားစာများကိုသာ အဆက်မပြတ် ရွတ်ဖတ် နေမိ ပါတော့တယ်။ အရင်ထဲက ကျမနေ့နဲ့ နေ့ ည စဉ်ဆက်မပြတ် ရွတ်ဖတ်တာကတော့ ‘ဓါရဏပရိတ်တော်’ ပါ။ အကျိုးလိုလို့ ညောင်ရေသွန်းတာတော့ မဟုတ်ပါဘူး။ ကျမစိတ်ထဲမှာ ခင်ပွန်းကြီးဆယ်ပါးကို ရွတ်တိုင်း ကျမ ရဲ့ နှလုံးမှာ ဗုဒ္ဓမြတ်ဘုရား ကိန်းတာမျိုးကို စိတ်ကြည်နူးစွာ ခံစားရသလို ‘ဓါရဏပရိတ်တော်’ ကိုရွတ်တိုင်း လည်း အန္တရာယ်ကင်း ဘေးရှင်းပြီး ကိုယ်စိတ်နှစ်ပါး လုံခြုံမှုရသလို ခံစားရပါတယ်။ ညပိုင်းမှာ သူနာပြုဆရာ မလေး ဗိုက်ကိုလာတိုင်းတော့ ကျမရဲ့ဝမ်းဗိုက်ဟာ ၇၅ စင်တီမီတာဖြစ်သွားပြီး နောက်ထပ် ၅စင်တီမီတာ ထပ်ပူလာခြင်းဖြစ်ပါတယ်။

၎-၇-၂၀၀၉ ရက်နေ့မှာ ကျမအခြေအနေ အတော်လေးဆိုးလာပါတယ်။ အိပ်မပျော်တဲ့ ရက်များ ဆက်တိုက်ဖြစ် လာတာကို ခံနိုင်ရည်ရှိသော်လည်း တစ်နေ့တခြား ဗိုက်ရဲ့တင်းကြပ်လာတဲ့ဒဏ်ကို ကျမ မခံစားနိုင်တော့ပါဘူး။ ဆေးရုံမှာ ဆွေမျိုးတွေလည်း ခြေချင်းလိမ်နေပါတယ်။ ထုံးစံအတိုင်း စစ်ဆေးမှုများ ကိုတော့ စဉ်ဆက်မပြတ် လုပ်ဆောင်နေဆဲပါပဲ။ ဝမ်းဗိုက်ကို သူနာပြုဆရာမ တိုင်းတာကြည့်ရာမှာ ၇၈ စင်တီမီတာဖြစ်ကြောင်း သိလိုက်ရချိန်မှာတော့ ကျမရဲ့ ညီမဝမ်းကွဲ ဆရာဝန်များလည်း စိုးရိမ်နေကြပြီဖြစ် ပါတယ်။ ကျမကို ဖွင့်မပြောသည့်တိုင် သူတို့ရဲ့ မျက်နှာအရိပ်အကဲကို မြင်ရသည်နှင့် ကျမကိုယ်ကျမ အခြေ အနေ မကောင်းကြောင်းကို နားလည်လိုက်ပါတယ်။ ကျမအဒေါ်တွေလည်း မနေသာတော့တဲ့အဆုံး နယ် တွင်တာဝန်ထမ်းဆောင်နေတဲ့ ကျမရဲ့ခင်ပွန်းကို အကြောင်းကြားသလို ရပ်ဝေးမှာ အလုပ်လုပ်ရင်း ပညာ သင်ကြားနေတဲ့ ကျမရဲ့ သားနှစ်ယောက်ကိုလည်း အကြောင်းကြားကြပါတယ်။ ကျမရဲ့ ခင်ပွန်းမှာတော့ မှီရာလေယာဉ်နဲ့ ဆေးရုံကိုအရောက်လာနိုင်ပေမယ့် သားနှစ်ယောက်မှာတော့ စာမေးပွဲ အတွင်းဖြစ်နေ တာကြောင့် ဖုန်းနဲ့ပဲအဆက်အသွယ် လုပ်ပြီး ကျမကို အားပေးစကားများ ပြောကြပါတယ်။ ကျမမှာ စကား ပင်ပြောနိုင်ခြင်း မရှိတော့တဲ့အတွက် အဒေါ်အငယ်မှ ကျမပြောသော လေသံသဲ့သဲ့ စကားစုများကို တဆင့်ပြောပေးရပါတယ်။

၅-၇-၂၀၀၉ ရက်နေ့ ကျမအတွက် နောက်ဆုံးနေ့ရက်များဟု စိတ်မှာ ထင်မှတ်လာပါတယ် ကျမရဲ့ ဝမ်းဗိုက် လည်း ၈၂ စင်တီမီတာသို့ တိုးနေပါပြီ။ ဒါကြောင့်လည်း ကျမရဲ့ နောက်ဆုံး ဆန္ဒကို သားနှစ်ယောက်ထံ ကနေ ဂတိတောင်းခဲ့ပါတယ် နှစ်ယောက်စလုံး Diploma ပညာများကို သင်ယူပြီးဆုံးကြသော်လည်း ဆုံးခန်း တိုင် မရောက်ကြသေးပါ။ ထို့အတွက် Degree ရသည်အထိ ဆုံးခန်းတိုင် ကြိုးစားရန် အဒေါ်ငယ်ကမှတဆင့် ဖုန်းဖြင့် ကတိတောင်းခဲ့ပါတယ်။ သားတွေကလည်း ကတိပေးကြောင်းနဲ့ ကျမရဲ့ ကျန်းမာရေးကိုသာ ဂရု စိုက်ဖို့ ပြောပါတယ်။ ကျမရဲ့ ခင်ပွန်းလည်း ရပ်ဝေးမှ ရောက်လာပါတယ်။ ကျမရဲ့ ခင်ပွန်းကို ခင်ပွန်းကြီး (၁၀)ပါးနှင့်အတူ ကန်တော့လိုက်ပါတယ်။ လူကမထနိုင်ပေမယ့် ကုတင်ပေါ်မှာ လှဲနေရင်းမှ လက်အုပ်ချီပြီး ကန်တော့ခြင်းဖြစ်ပါတယ်။ ကျမခင်ပွန်းလည်း မျက်နှာ မကောင်းပါ။ ကျမရဲ့ ညီမလေးလည်း စင်္ကာပူ မှ ရောက် လာပါတယ်။ ဆရာဝန်ကြီးမှ ကျမကို ပုံမှန် စစ်ဆေးမှုများပြုလုပ်သော်လည်း မည်သည့်လက္ခ ဏာ ရောဂါမှ မပြတဲ့အတွက် စောင့်ဆိုင်းနေရသည်မှလွဲ၍ ဘာမျှလုပ်မရပါ။ ဝမ်းဗိုက်ရဲ့ အတိုင်းအတာ လည်း ၈၅ စင်တီမီတာသို့ တိုးနေသကဲ့သို့ နာကျင်နေသော တင်းကြပ်နေသော ဝေဒနာလည်း တိုးပြီးရင်းတိုး လာပါတယ်။ ဆေးပုလင်းများ ဆက်တိုက်သွင်းနေရသဖြင့် လက်များတွင်လည်း အပ်ပေါက်ရာများချည်းပင် ကိုယ်ပြုခဲ့တဲ့ အတိတ်ကံကြောင့်ပဲလေလို့ ဖြေသိမ့်ရုံမှတစ်ပါး မတတ်နိုင်ပါ။ ရောဂါရှာမရတဲ့ ကျမရဲ့ရောဂါကို အူမကြီးကင်ဆာဟု ထင်ကြေးများပေးကြပါတယ်။

၆-၇-၂၀၀၉ ရက်နေ့ မနက် ၂နာရီခန့်တွင် ကျမရွတ်ဖတ်နေသော ‘ဓာရဏပရိတ်တော်’ မှာလည်း ရွတ်ရင်း တန်းလန်း ဝေဒနာပြင်းလာလျှင် ဘယ်အပိုဒ်ကို ရောက်သွားမှန်းမသိပဲ အစကပြန်ရွတ်ရသည့် အခြေအနေ သို့ ရောက်လာပါတယ်။ အိပ်ဆေးများ ဘယ်မျှ ကျွေးကျွေး အိပ်ဆေး ဘယ်လောက် ထိုးထိုး ကျမ ရက်ဆက် အိပ်မပျော်တာကြောင့် စိတ်ကို တည်ငြိမ်စေရန်အတွက် ဘုရားစာများ ရွတ်ဖတ်ခြင်း ကိုယ်ပြုခဲ့တဲ့ ကုသိုလ် များကို အောက်မေ့ သတိရပြီး အမျှပေးဝေခြင်းတို့ကိုသာ ပြုလုပ်နေချိန် ကျမအခန်းထဲကို ပုံဖော်ရခက်တဲ့ အရိပ်မဲကြီးတစ်ခု မှန်များ အပြည့်ပိတ်ထားသော ပြူတင်းပေါက်မှ ဝင်လာပါတယ်။ ချက်ခြင်းဆိုသလို ကျမ ထိတ်လန့်တဲ့စိတ်ကို ထိန်းထားလိုက်ပြီး ကျမနဲ့ မလှမ်းမကမ်းမှာ စောင့်ရင်းအိပ်ပျော်နေတဲ့ တူမလေးတွေကို လှမ်းနှိုးပါတယ်။ အသံက မထွက်တာကြာပြီမို့ တူမလေး နှစ်ယောက်စလုံး မနိုးပါ။ သူနာပြုဆရာမတွေ ကို ခေါ်တဲ့ လူခေါ်ခလုတ်လည်း ကျမရဲ့ ခေါင်းရင်းမှာ ရှိသည့်တိုင် ကျမရဲ့ လက်က မ လို့မရပါ။ ထိုအရိပ် မဲကြီး ကျမကုတင်ပေါ်ကိုရောက်လာပါတယ်။ ကျမလည်း အရိပ်မဲကြီးရဲ့ ပုံသဏ္ဍာန်ကို မရမက ပုံဖော် ကြည့်နေသော်လည်း ပုံကမပေါ်လာပဲ အရိပ်မဲကြီးဟာ မကောင်းဆိုးဝါးမှ တစ်ပါး အခြားမဖြစ်နိုင်ပါ။ အကြောင်းမူကား အရိပ်မဲကြီး ကျမကုတင်ပေါ်ကို ရောက်လာတဲ့အခါမှာ ကျမအသက်ရှူကြပ်လာပါတယ်။ လှုပ်လို့မရအောင် ကျမရဲ့ လက်တွေ ခြေထောက်တွေကို ချုပ်နှောင်ထားသလို ခံစားနေရပါတယ်။ ဗိုက်နာနေတဲ့ ဝေဒနာပင် တဒင်္ဂအတွင်း ပျောက်ဆုံးနေပြီး အသက်ကို လုပြီး ရှူနေရတဲ့အချိန်ပါပဲ။ ကျမတစ် ကိုယ်လုံးလည်း ချွေးများနဲ့ နစ်နေပြီ ဖြစ်ပါတယ် ကျမ သတိတရားကပ်ထားပြီး နာနာဘဝ ဝိနာဘဝ ရှိရှိသမျှ သတ္တဝါအားလုံးကို အမျှဝေပါသေးတယ် ဒါပေမယ့် တဖြည်းဖြည်းနဲ့ အရာရာဟာ မျက်စိထဲမှာ မှေး မှိန်စပြု လာချိန်မှာ ‘ဂလောက်’ ဆိုတဲ့ အခန်းတံခါး ဖွင့်သံနဲ့အတူ တာဝန်ကျ သူနာပြု ဆရာမတစ်ယောက် ကျမ အခန်းထဲသို့ ဝင်လာပါတယ်။ ချက်ခြင်းဆိုသလို အရိပ်မဲကြီး ပျောက်သွားပါတော့တယ်။ ဆရာမ တံခါးဖွင့်သံ နဲ့အတူ အိပ်ပျော်နေတဲ့ တူမလေးနှစ်ယောက်လည်း နိုးလာပြီး ကျမအနားကို ရောက်လာပါတယ်။ ကျမမှာ အသက်ကို ပြင်းပြင်းရှူနေရပါတယ်။ ကျမကို ကြည့်ပြီး သူနာပြု ဆရာမလေးက “ဟင် အန်တီ ဘာဖြစ်လို့လဲ ဟင် ချွေးတွေရွှဲနေပါလား ဗိုက်ကအရမ်းနာနေလို့လား” လို့ ကျမကို ဆက်တိုက်မေးပေမယ့် ကျမမဖြေနိုင်ပါ အသက်ကိုသာ မှန်မှန်ရှူနေပြီး မကြာမီမိနစ်ပိုင်းက ဖြစ်ပျက်ခဲ့တာကို ပြန်ပြီးတွေးတောနေမိပါတယ်။
ဒီကိစ္စကို ဖွင့်ပြောတော့ရော ဘယ်သူက ယုံမှာတဲ့လဲ ကျမကိုယ်တိုင်တောင် ယုံကြည်ဖို့ခက်ခဲနေတဲ့ အကြောင်းအရာ တစ်ခုက လက်တွေ့ဖြစ်ခဲ့တာလေ။

အိပ်ရေးတွေ ဆက်တိုက်ပျက်ခဲ့တာကြောင့် ထင်ပါရဲ့ မနက် ၁၀နာရီလောက်မှာ ကျမ နိုးတစ်ဝက် အိပ်တစ် ဝက် အခြေအနေကို ရောက်ခဲ့ပါတယ်။ အိပ်မက်တစ်ခုကို မြင်မက်ပါတယ် အိပ်မက်ကတော့ ကျမ ချောက် ကမ်းပါးအစပ်မှာ ရပ်နေတုန်း ချောက်ကမ်းပါးထဲကနေ တစ်ဦးတစ်ယောက်က ကျမကို ဆွဲချပါတယ် ကျမပြုတ်ကျတဲ့အချိန်မှာ ကျမရဲ့ သားအကြီးက ခပ်လှမ်းလှမ်းမှာ ရပ်နေပြီး သားအငယ်ကတော့ ကမ်းပါး ထိပ်နားမှာ ရှိနေတာမို့ ကျမကို လှမ်းပြီးဆွဲထားလိုက်ပါတယ် ကျမကို အပေါ်ပြန်ရောက်အောင် ဆွဲတင်ဖို့ရာ သူ့ရဲ့ အစ်ကိုကြီးကို လှမ်းခေါ်လိုက်ပြီး သားနှစ်ယောက်က ကျမကို ကမ်းပါးပေါ်ပြန်ရောက်အောင် ဆွဲတင် လိုက်ပါတယ်။ ကျမပြန်နိုးလာပါတယ်။ တစ်ခါ ကျမ ပြန်အိပ်ပျော်သွားချိန်မှာ အိပ်မက်တစ်ခု ထပ်မက်ပြန် ပါတယ် ကျမ တစ်ယောက်တည်း သုဿာန်တစ်ခုထဲမှာ လမ်းလျှောက်နေပါတယ် အရှေ့ခပ်လှမ်းလှမ်းမှာ ကျမရဲ့ခင်ပွန်းနဲ့ သားနှစ်ယောက်ဟာ အုတ်ဂူတစ်ခုရှေ့မှာ ငုတ်တုတ်လေးတွေ ထိုင်နေတာကိုမြင်တော့ ‘ဘာဖြစ်လို့ သူတို့ ဒီကိုရောက်နေကြပါလိမ့် ဘယ်သူဘာဖြစ်လို့ပါလိမ့်’ ဆိုပြီး သူတို့အနားကို ကျမသွားခဲ့ ပါတယ် အနားရောက်တော့ သားအဖ သုံးယောက် ထိုင်ပြီး ကြည့်နေတဲ့ အုတ်ဂူရဲ့ နာမည်ကို အနီးကပ်သွား ဖတ်လိုက်တော့ “ဟင် ငါ့နာမည်ပါလား” လို့ ကျမ တအံ့တသြဖြစ်သွားပါတယ်။ ကျမလန့်နိုးခဲ့ပါတယ် နိုးလာ တဲ့အချိန်မှာ ကျမအနားမှာ ဘိုးဘွားလက်ထဲကတည်းက မိသားစုအလိုက် စဉ်ဆက်ကိုးကွယ်ခဲ့တဲ့ ဂန္ဓာရုံ ဥယျာဉ်တိုက်က ဦးဇင်း နှစ်ပါးရောက်နေတာကို တွေ့ရပါတယ်။ ဦးဇင်းတို့ကို ဖြစ်ပျက်ခဲ့သမျှ အားလုံးကို အဒေါ်ငယ်ကနေတဆင့် လျှောက်ခိုင်းတော့ ဦးဇင်းတို့က ကျမအတွက် သရဏဂုံတည်ပေးပြီး ရွတ်ဖတ် သရဇ္ဈာယ်မှုတွေ ပြုလုပ်ပေးပါတယ်။ မကြာခင် ကျမကို သူနာပြုဆရာမက တွန်းလှည်းပေါ်တင်ပေးပြီး ဓာတ်မှန်ရိုက်အခန်းမှာ ဓာတ်မှန်ထပ်ရိုက်ပြန်ပါတယ်။ ဒီတစ်ခေါက် ကျမရဲ့ ဝမ်းဗိုက်က ၈၇ စင်တီမီတာ အထိရောက်နေပြီ ဖြစ်ပါတယ်။ ကျမစိတ်ထဲမှာ မကြာခင် ကျမရဲ့ ဝမ်းဗိုက်ကြီး ပေါက်ထွက်တော့မည်ဟု ခံစားရပါတယ်။

နေ့လည် နှစ်နာရီမှာ ဆရာဝန်ကြီးက ဓာတ်မှန်ရဲ့ အဖြေကိုကြည့်ပြီး နှစ်နာရီအတွင်း ခွဲစိတ်ရမယ်လို့ပြော ပါတယ်။ ကျမရဲ့ ခင်ပွန်းကို ခွဲစိတ်ရန် သဘောတူကြောင်း လက်မှတ်ရေးထိုးခိုင်းပါတယ်။ ဆွေမျိုးများအား လုံးလည်း ဆေးရုံမှာ ရှိနေကြတာမို့ သွေးလှူမဲ့သူတွေ စာရင်းကိုတောင်းပါတယ် သွေးလှူသူတွေကလှူ စစ် တဲ့သူတွေစစ်နဲ့ အဒေါ်တွေလည်း ဆေးရုံမှာရှိတဲ့ ဘုရားခန်းထဲမှာ ကျမအတွက် သွားရောက် ဆုတောင်းပေး ကြတယ်လို့ သိရပါတယ်။ စကားကြုံတုန်းလေး ပြောရရင်ဖြင့် ကျမတို့က ဆွေမျိုးအတော်လေးများတဲ့ အသိုင်းအဝိုင်းဖြစ်ပေမယ့် ပြဿနာ ကြီးငယ်မရှိခဲ့ကြပါဘူး။ မိသားစုတိုင်းက အလှူရေစက် လက်နဲ့မကွာ ဆိုသလို အလှူအတန်း ဝါသနာထုံကြသူများဖြစ်တဲ့အတွက် အမြဲလိုလို တစ်အိမ် မဟုတ် တစ်အိမ် မှာဆွေမျိုး များ အားလုံး ဆုံတတ်ကြပါတယ်။ အခက်အခဲရှိရင်လည်း ဝိုင်းဝန်းဖြေရှင်းတတ်တဲ့ ချစ်စရာကောင်းတဲ့ အသိုင်းအဝိုင်းထဲမှာ ကျမသန္ဓေတည်ခဲ့ရတာမို့ ကျေနပ်မိတာအမှန်ပါ။

ကျမရဲ့ လက်နှစ်ဖက် နဲ့ ခြေထောက်တို့မှာ ဆေးပိုက် သွေးပိုက်များနဲ့ ရှုပ်ပွနေပါတယ်။ သူနာပြုဆရာ မ  နှစ်ဦးက ကျမကို ဘီးလုံးတပ် ကုတင်နဲ့ ခွဲစိတ်ခန်းမဆီကို ခေါ်ဆောင်လာချိန်မှာတော့ ကျမကုတင်ဘေး မှာ ဆွေမျိုး သားချင်းများအားလုံး လိုက်ပါလာတာကို ဝိုးတိုးဝါးတား ကျမမြင်နေရပါတယ်။ ကျမခင်ပွန်း ကတော့ ကျမကို ရတနာသုံးပါး အာရုံပြုရန် လှူတန်းခဲ့သမျှ ပြန်ပြီး သတိကပ်ရန်တို့ကို မှာကြားနေသံများ လည်း ဝေးလိုက်နီးလိုက်ဖြင့် ကြားရပါတယ်။ ကျမပတ်ဝန်းကျင်မှာ ရှိသမျှသော သူအားလုံးကို ကျမအားယူ ပြီး မျက်စိဖွင့်ကာ တစ်ချက်လောက်ဝေ့ကြည့်ကာ စိတ်ထဲကနေ အားလုံးကို ရင်ထဲကနေ နှုတ်ဆက် လိုက်ပါ တယ်။ ထူးခြားမှုကတော့ ကျမ ဘာကိုမှ သံယောဇဉ် မတွယ်ပဲ ဖြတ်တောက်နိုင်ခြင်းပါ။ စိုးရိမ်ကြောင့်ကြမှု အလျင်းမဖြစ်ပါ။ ဝမ်းနည်းမှု ဝမ်းသာမှု ခံစားရခြင်းမဖြစ်ပါ။ ကျမရဲ့ နောက်ဆုံးခရီးကို အေးအေးချမ်းချမ်း ထွက်ခွာသွားချင်ပါတယ်။ နာကျင်တဲ့ဝေဒနာလည်း အဆုံးသို့ရောက်သွားပြီ ထင်ပါရဲ့။ ခံစားချက်များ ဟင်း လင်းဖြစ်သွားပါတယ်။ ‘ဓာရဏပရိတ်တော်’ ကိုကျမ ပြန်ရွတ်နိုင်ပါတယ်။ အေးချမ်းစွာရွတ်ရင်း ကျမရဲ့ ပြုပြု ခဲ့သမျှသော ဒါန သီလ ဘာဝနာ ကုသိုလ်အစုစုတို့ကို မြင်ယောင်ကာ အမျှအတန်းဝေပါတယ်။ ခွဲစိတ်ခန်းထဲ ကို ကျမရောက်လာပြီး မေ့ဆေးဆရာဝန်က ကျမကိုမေ့ဆေးထိုးပြီး တခဏအကြာမှာ ကျမ မြင်နေရတဲ့ အလင်းရောင်ဟာ တဖြည်းဖြည်းမှိန်လာပြီး မှောင်မဲသွားပါတော့တယ်။

ကျမတစ်ယောက်ထဲ မြူတွေကြားထဲမှာ လမ်းပျောက်နေပါတယ်။ စမ်းတဝါးဝါး လျှောက်သွားရင်း ကျမ ရဲ့ ရှေ့တည့်တည့်မှာ ရွှေတံခါးကြီး တစ်ခုကို မထင်မှတ်ပဲတွေ့လိုက်ရပါတယ်။ တံခါးကြီးရဲ့ အမြင့်ဟာ ၁၀ပေခန့်အမြင့်ရှိပြီး အကျယ် ၅ပေခန့်ရှိပါတယ်။ ရွှေရောင် တဖိတ်ဖိတ်တောက်နေတဲ့ တံခါးကြီးနားကို ကျမရောက်လာပြီး အလယ်ကနေ ဆွဲဖွင့်လိုက်တဲ့အခါမှာ ထူးဆန်းဖွယ်ရာ မြတ်ဗုဒ္ဓအဆူပေါင်း မျက်စိတစ် ဆုံးတွေ့ရပါတယ်။ ကျမ အံ့သြစွာနဲ့ပဲ လိုက်ဖူးနေမိပါတယ်။ အများစုသော ဘုရားများမှာ ရှေးဘုရားများ ဖြစ် ပါတယ်။ အမွှေးနံ့သာများနဲ့ အေးချမ်းသော ဘုံဗိမ္မာန်လေးကို ကျမရောက်သွားပြီး မကြာခင်မှာ “သတိရပြီ လားဟင်” ဆိုတဲ့ ကျမရဲ့ ခင်ပွန်းအသံကို ကြားလိုက်ရတဲ့အတွက် မျက်စိကို အသာအယာ ဖွင့်ကြည့်ပြီး ပြန် အိပ်ပျော်သွားပါတယ်။ ကျမ လူ့လောကကြီးထဲကနေ ထွက်ခွာချိန် မတန်သေးလို့ ထင်ပါရဲ့ ကျမအေးချမ်းစွာ လူ့ဘဝကြီးထဲကို ပြန်လည်ခြေချခွင့်ရခဲ့ပါပြီ သာသနာပြုရန် တာဝန်များ ကျန်သေးလို့ဖြစ်နိုင်ချေ ရှိပါတယ်။


၇-၇-၂၀၀၉ ရက်နေ့ မနက်၁၀နာရီမှာ ဆရာဝန်ကြီး ကျမရဲ့ အခြေအနေကို လာကြည့်ပါတယ်။ ဆရာဝန် ကြီးက ကျမကို “ခင်ဗျား အတော်ကံကောင်းတာပဲ ကျနော် လူနာတွေကို ခွဲစိတ်လာတာ အရေအတွက် မနည်းတော့ဘူး တစ်ခါမှ ခင်ဗျားလို လူနာမတွေ့ဖူးဘူး၊ အူမကြီးတစ်ခုခုဖြစ်တယ်လို့ ယူဆထားတာ၊ ဓာတ်မှန်ရိုက်တော့လဲ ဘာမှမပေါ်တော့ အူအတက်ပေါက်တာ မသိနိုင်ဘူးပေါ့။ အူအတက်ပေါက်ပြီးရင် ၆နာရီအတွင်း ခွဲရတာလေ အခုက ခင်ဗျားက အူအတက်ပေါက်ပြီး ၆ရက်ကြာမှ ခွဲခဲ့ရတာ ဒီလိုလူနာမျိုး ရှားတယ် မတွေ့ဖူးဘူး” လို့ပြောတော့ ကျမခင်ပွန်းက “ အဲဒါ ဘယ်လိုဖြစ်တာလဲ ဆရာ” လို့ ဆရာဝန်ကြီး ကို ပြန်မေးတော့ “တကယ်တော့ သူ့ရဲ့ အူအတက်က ပေါက်သွားပြီး ပေါက်တဲ့ ထိပ်မှာ ပြည် ကပြန်ဆို့နေ တာကြောင့် ဓာတ်မှန်ရိုက်လဲ မပေါ်တော့ပဲ ရောဂါရှာမရ ဖြစ်နေတာပေါ့၊ မသေချာတဲ့ အခြေအနေမှာ ကျနော်တို့လည်း ခွဲစိတ်လို့မဖြစ်ပါဖူး ဒါကြောင့် စောင့်ကြည့်ပြီး နေရတာပါ သူ့ဗိုက်ကို ဖွင့်လိုက်တော့ အူအ တက်ပေါက်တာ ဖြစ်နေတာကို မြင်လိုက်တော့ ကျနော်တို့အားလုံး ဝမ်းသာသွားတာပဲ” လို့ ရှင်းပြပါတယ်။

ဆေးရုံကနေ ၁၃-၇-၂၀၀၉ ရက်နေ့မှာ ကျမအိမ်ကို ပြန်ဆင်းခွင့် ရခဲ့ပါတယ် အိပ်ယာပေါ်မှာ တစ်လခန့်နေ ရန် ဆရာဝန်ကမှာပါတယ်။ သုံးလကျော်မှ ခရီးထွက်ရန်လည်း ဆက်မှာပြီး ရှောင်ရန် ဆောင်ရန် အစား အသောက်များ ဆေးများကိုပါ ရေးပေးခဲ့ပါတယ်။ ကျမရဲ့လက်တွေ့ ကြုံခဲ့ရတဲ့ ဂတိနိမိတ်နဲ့ အဂတိနိမိတ် များကိုပြန်စဉ်းစားရင်း ကျမရဲ့ မှတ်တမ်းလေးမှာ အမှတ်တရဖြစ်စေရန် ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ (ကျမအတွက် စိုးရိမ်ပေးခဲ့သော သူများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ပါတယ်)

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz