x

10.6.11

အားပေးသင့်ပါတယ်



လွန်ခဲ့တဲ့ နှစ်ရက်က အွန်လိုင်းမှာ ညီမလေးတစ်ယောက်နဲ့ စကားစမြည်ပြောခဲ့တာလေးပါ “အစ်မရေ စင်င်္ကာပူက ဘလော့ဂါ တစ်ယောက်ရေးတာကို ဖတ်ဖူးတယ်။ နောင်လာနောက်သားတွေကို ဘလော့ မရေးဖို့ ပြောချင်ပါတယ် တဲ့။ အိမ်မရှင်းဖြစ်၊ ထမင်းဟင်းမချက်ဖြစ်၊ အလုပ်ပျက်လို့ဆိုလား” အဲဒီလိုကြား ရတော့ ကျမဒါနဲ့ပတ်သက်ပြီး ပို့စ်တစ်ခုအနေနဲ့တော့ တင်မယ်လို့ စိတ်ကူးခဲ့ပါတယ်။ ကျမရဲ့အမြင်နဲ့ယူဆ ချက်ကတော့ ဒီဘလော့ဂ်မှာ ပို့စ် စတင်ပြီးရေးခဲ့တဲ့ (၂၃-၄-၂၀၁၁) ရက်နေ့မှာ ‘နော်ဝေးကစေတနာ ရှင်မလေးအတွက်’ ခေါင်းစဉ်နဲ့ အစပြိုးခဲ့ပါတယ် ရက်ဆက်မဟုတ်တောင် အဆင်ပြေရင် ပြေသလို ရက်ခြား ပြီး ပို့စ်လေးတွေကို ကျမရေးခဲ့ပေမယ့် ကျမရဲ့ အဓိကအလုပ်တွေ ဒီကနေ့အထိ တစ်ခုမှ ပျက်ကွက် မှုမရှိ ခဲ့တာတော့ အမှန်ပါ။ တစ်ခုတော့ရှိတယ်လေ ဘယ်လိုအလုပ်ဖြစ်ဖြစ် တဖက်စွန်းမရောက်ဖို့တော့ အရေး ကြီးတာပေါ့။ လုပ်ချင်တာထက် လုပ်သင့်တာကို ဦးစားပေးရမယ်မဟုတ်လား။ ကျမကို ထမင်းကျွေးထားတဲ့ အလုပ်တွေကို ဦးစားပေးလုပ်ရသလို အိမ်ရဲ့ အခြားသော ဝေယျာဝစ္စတွေကိုလည်း နေ့စဉ်မှန်မှန် လုပ်ရပါ တယ်။


ပိုတဲ့အချိန်လေးမှာတော့ ဝါသနာအရ ဘလော့ဂ်ကို ဖွင့်မိတာပါပဲ။ ဒီဘလော့ဂ်မှာ ပို့စ်လေးတွေရေးပြီး တင်တာရယ်။ အချိန်ရရင် ရသလို ဘလော့ဂ်လေးတွေ လိုက်ဖတ်ရတာကိုက ကျမရဲ့ စိတ်ကိုပျော်ရွှင် ကြည်နူးမှုကို ဖြစ်စေပါတယ်။ ပို့စ်တစ်ခုခုကို ရေးနေရတဲ့အချိန်မှာလည်း ကျမရဲ့ စိတ်ကိုစုစည်းမှုရရှိစေပြီး တည်ငြိမ်အေးချမ်းမှုအား ပိုကောင်းတယ်လို့ ယူဆမိပါတယ်။ ကျန်းမာရေး ရှုထောင့်ကကြည့်ရင်လည်း စိတ်ညစ်တာ စိတ်ရှုပ်ထွေးမှုရှိတာ မဖိတ်ခေါ်ပဲ ဝင်ဝင်လာတတ်တဲ့ စိတ်ကိုအနှောင့်အယှက် ဖြစ်စေ တာလေးတွေအားလုံး အချိန်အတိုင်းအတာတစ်ခုအထိတော့ မေ့ထားပြီး စိတ်ပေါ့ပါးမှု ရတာပေါ့နော်။ ကျမအထူး သတိထားတာကတော့ ပို့စ်ရေးနေတဲ့အချိန်မှာ ကျန်းမာရေးအတွက် ဆီးချုပ် ဝမ်းချုပ် မဖြစ်စေဖို့  တော့ ပိုပြီးဂရုစိုက်ပါတယ်။ ကျမဇွဲ ဘယ်လောက်ရှိရှိ ဒီနေရာမှာတော့ တစ်လွဲဆံပင်ကောင်းလို့ မဖြစ်ဘူးလေ။


                             ချက်ပြုတ်ချိန်တန်တော့လည်း ချက်ပြုတ်ဖို့ အာရုံစိုက်ခဲ့ပါတယ်


                                 အိမ်အတွင်း အပြင်သန့်ရှင်းရေးလည်း မလစ်ဟင်းစေရပါဘူး

 ဆရာတော်တစ်ပါးရဲ့ တရားတော်မှာ “လူတိုင်းလူတိုင်းဟာ နေ့စဉ်အလုပ် သုံးမျိုးဖြစ်တဲ့ ကာယကံ ဝစီကံ မနောကံ ဆိုတဲ့ အလုပ် သုံးမျိုးကိုပဲ လုပ်ကြပါတယ်။ အလုပ်ကို လုပ်တဲ့အခါမှာလည်း ကုသိုလ်ဖြစ်တဲ့ အလုပ် နဲ့ အကုသိုလ်ဖြစ်တဲ့အလုပ် နှစ်မျိုးရှိပြီး ဒေါသ လောဘ မောဟ မပါတဲ့ အလုပ်ကတော့ ကုသိုလ်အလုပ်ဖြစ် ကာ ဒေါသ လောဘ မောဟ ပါသွားတဲ့အလုပ်ကတော့ အကုသိုလ်အလုပ်ဖြစ်ပါတယ်” လို့ ကျမ နာခဲ့တဲ့ တရားတော်အရဆိုရင် ဘလော့ဂါတစ်ယောက် ပို့စ်ကိုရေးနေတဲ့အခါမှာ ကာယကံ အလုပ်ကို လုပ်နေတာပါ။ သူလုပ်နေတဲ့အလုပ်မှာ ဒေါသ လောဘ မောဟ ကင်းငြိမ်းတဲ့အတွက်ကြောင့် ကုသိုလ်ဖြစ်စေတဲ့ အလုပ်ကို သူ လုပ်နေခြင်းဖြစ်တယ်လို့ ကျမယူဆပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခံယူချက်ခြင်း မတူတာမျိုး လည်း ရှိတဲ့အတွက် ကိုယ့်ရှုထောင့်ကနေ ကိုယ်ကြည့်ရင်တော့ အားလုံးဟာ အမှန်ပဲလို့ ထင်မြင်ယူဆပြီး ကျမအခုလို ရေးမိတာပါ ဒါကလည်း အတ္တလူသားများရဲ့ လူ့သဘာဝပဲမို့ ကျမရေးတဲ့အထဲမှာ တကယ်လို့များ တဖက်သတ်အမြင် ဖြစ်နေခဲ့တယ်ဆိုရင်ဖြင့် နားလည် ခွင့်လွှတ်ပေးစေလိုပါတယ်။


လူရယ်လို့ဖြစ်လာရင် တစ်ဦးတစ်ယောက်ထဲ အထီးကျန်စွာ မနေသင့်ပါဘူး ပတ်ဝန်းကျင် အသိုင်းအဝန်း မိတ်ဆွေအပေါင်းအသင်းဆိုတာ အနည်းနဲ့အများ ဆိုသလိုတော့ရှိသင့်တယ် မဟုတ်ပါလား။ တနည်း အားဖြင့်တော့ တစ်အုံနွေးနွေး ဖြစ်နေတဲ့ စိတ်ရဲ့ ခံစားချက်ကို မျှဝေပေးနိုင်ခဲ့တယ်ဆိုရင် စိတ်ဖိစီးမှုလည်း ၊လျော့ပါးသွားစေနိုင်မှာပါ။ ကျမဒီပို့စ်လေးကို တင်တာဟာလည်း ‘နောင်လာနောက်သားတွေကို ဘလော့ မရေးဖို့ ပြောချင်ပါတယ်’ ဆိုတဲ့ ဘလော့ဂ်ဂါကို ဆန့်ကျင်ဖက် အနေနဲ့ရေးခြင်း မဟုတ်ပါပဲ ကျမရဲ့ ထင်မြင် ယူဆချက် သက်သက်ကိုသာရေးခြင်းပါ။

        ဘလော့ဂ်ရေး ဘလော့ဂ်ဖတ် လုပ်နေပေမယ့်လည်း လူမှုရေးတွေမှာလည်း မပျက်ကွက်ခဲ့ပါဘူး

             အလုပ်တွေအားလို့ ညပိုင်းဆိုရင်တော့ ဘလော့ဂ်ရေး ဘလော့ဂ်ဖတ်လုပ်ပါတယ်

ကျမကတော့ ဘလော့ဂ်ရေးသူတွေကို အားပေးချင်သလို ဘလော့ဂ် ဖတ်သူတွေကိုလည်း အားပေးချင်ပါ တယ်။ ကိုယ်မသိသေးတဲ့ အကြောင်းအရာ ဗဟုသုတတွေ အများကြီးကိုလေ့လာခွင့် သိရှိ မှတ်သားခွင့် ရလာပါတယ်။ မိတ်ဆွေ အပေါင်းအသင်းများလည်း တိုးပွားလာပြီး အချင်းချင်း သူ့အခက်အခဲ ကိုယ့်အခက် အခဲ ကူညီဖြေရှင်းကြပါတယ်။ ဘာသာရေးဘလော့ဂ် နည်းပညာ ဘလော့ဂ် သုတ ရသ ဘလော့ဂ် များစွာ ကို ကျမလေ့လာခွင့် ရခဲ့ပါတယ်။ ကျမကနေတဆင့် ကျမနဲ့ဆက်နွယ်လျက်ရှိတဲ့ ဆွေမျိုးသားချင်းနဲ့ မိတ်ဆွေ များလည်း ဘလော့ဂ်လောကထဲကို ရောက်ရှိလာပြီး ကျမနဲ့အလားတူ စာကောင်းပေကောင်းများကို ဖတ်ခွင့် ရရှိခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘလော့ဂ်ရေးသူ ဘလော့ဂ်ဖတ်သူတို့ကို “အားပေးသင့်ပါတယ်”

မေတ္တာဖြင့်
အန်တီတင့်



ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz