x

19.6.11

အစကောင်းမှအနှောင်းသေချာ



ကျမစာတွေအများကြီးရေးပြီး စာဖတ်သူတွေအတွက် ပို့စ်တွေအများကြီး တင်ချင်တဲ့ဆန္ဒရှိပါတယ်။ ဒါပေမယ့် ကိုယ်ရေးလိုက်တဲ့စာရဲ့ ဆိုလိုရင်းအဓိပ္ပာယ်ကို တိတိကျကျမရေးနိုင်တဲ့အခါမှာ စာဖတ်သူတွေ မပီပြင်တဲ့ စာအရေးအသားပေါ်အဓိပ္ပာယ်ကောက် လွဲမှားပြီး သွားမှာကိုတော့ စိုးရိမ်သား။ ဒါကြောင့်လည်း ပို့စ်တစ်ခုကို တင်တော့မယ် ဆိုရင် ‘ဘာတင်ရကောင်းပါ့မလဲ’ လို့ အချိန်ပေးစဉ်းစားရပါတယ်။ တချို့ဘလော့ဂ်ဂါတွေနဲ့ စကားစပ်မိလို့ ကျမပြောဖြစ်တဲ့အခါမှာတော့ တစ်ချို့သူတွေက ကိုယ်တင်ချင်တဲ့ ပို့စ်ကို လက်တမ်း ချရေးနိုင်ကြတယ်လို့ သိရပါတယ်။ တကယ့်ကိုအားကျစရာပါပဲ။ ကျမအတွက်တော့ အခက်အခဲမရှိပဲ  ၊ရှောရှောရှူရှူ တင်ဖို့လွယ်တဲ့ ပို့စ်ကတော့ ကိုယ်တွေ့ဖြစ်ရပ်လေးတွေ တင်ရတာ အဆင်အပြေဆုံးဖြစ်ပါ တယ်။


အခုလို စကားပလ္လင်ခံနေရခြင်းရဲ့ အကြောင်းရင်းကတော့ အခုပို့စ်ကို ကျမတင်ရကောင်းနိုး ကောင်းနိုးနဲ့ စဉ်းစားနေတာ တစ်ရက်ကျော်သွားလို့ပါ။ တချို့ကတော့ဖြစ်နိုင်ပါ့မလားပေါ့ တွေးမိကြမှာအမှန်ပါပဲ။ နည်းနည်းများ အပိုစာသားတွေရေးနေလားလို့လည်း အထင်မခံချင်လို့ပါ။ တကယ်တန်းကျတော့လည်း အဖြစ်မှန်တွေကို ကျမရဲ့မှတ်တမ်းလေးအဖြစ်သိမ်းထားချင်တာရယ်ပါ။ ကျမရေးတာတွေဟာ အမှန်တွေပဲ ဆိုတာ အနည်းဆုံးတော့ ဒီပို့စ်ကို ဖတ်နေတဲ့ ကျမရဲ့ဆွေမျိုးအသိုင်းအဝိုင်းရှိနေတာမို့ ကျမရေးတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီပို့စ်ကိုတင်သည့်တိုင် ဒီကနေ့အထိ ကျမရဲ့ဘဝနဲ့ယှဉ်ပြီး ချစ်ခဲ့ရသော ကျေးဇူးရှင်ဖေဖေ နဲ့ ကျမရဲ့အခုလို အေးအေးချမ်းချမ်းနေနိုင်တဲ့ ဘဝအခြေအနေမျိုး ရောက်အောင် တွန်းအားပေးပို့ခဲ့တဲ့ ကျမရဲ့ကျွေးမိခင်တို့ကို စေတနာမေတ္တာအရင်းခံနဲ့ လေးလေးစားစား ဦးတင်ကန်တော့နေဆဲပါ။ (ကျမဒီပို့စ်ကိုရေးနေတဲ့အချိန်မှာ ကျမဖေဖေဟာ ကွယ်လွန်သွားပေမယ့် ကျမရဲ့ကျွေးမိခင်ကတော့ အသက် ၇၉နှစ်ရှိပြီး ကျမတို့မောင်နှမတွေရဲ့ ထောက်ပံ့မှုနဲ့ အေးချမ်းစွာသက်ရှိထင်ရှား ရှိနေဆဲပါ)

ကျမတို့မောင်နှမလေးယောက်အတွက် မေမေအသစ်ဟာ မောင်လေးကူကူးကို မွေးဖွားပြီးတဲ့နောက်မှာ ကျမတို့တစ်တွေ ဖေဖေ့ရဲ့တာဝန်ကျရာ ကျိုက်ထိုမြို့ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ကျမရဲ့ဘဝအသစ်ဟာ လည်း ကျိုက်ထိုမှာပဲ စတင်ခဲ့ပါတယ်။ ဖေဖေက အချိန်များများ ရုံးမှာပဲအချိန်ကုန်နေရပြီး အိမ်မှာ မေမေ အသစ်ရယ် တစ်နှစ်တောင်မပြည့်သေးတဲ့ မောင်လေးကူကူး၊ ညီမလေးတူးမာနဲ့မောင်လေး တူတူး အိမ်သား အားလုံးဖေဖေအပါအဝင် စုစုပေါင်း ခြောက်ယောက်ရှိပြီး ကျမကို အစစအရာရာ သင်ကြားပေးဖို့ မန္တလေးက ဦးလေးအောင်ခင် (ဖေဖေ့တပည့်တစ်ယောက်) ယာယီလိုက်လာခဲ့ပါတယ်။ မေမေအသစ်မှာလည်း မကြာ ခဏ တက်တက်နေတတ်တဲ့ မောင်လေးကူကူးကို အရိပ်တကြည့်ကြည့်နဲ့ အချိန်ပြည့်ထိန်းကျောင်းနေရပါ တယ်။ ဖေဖေက ကျိုက်ထိုရောက်ပြီး နောက်တစ်နေ့ မနက်မှာ ကျမကို “လုလုက အခုအိမ်မှာ လူကြီး လုပ်ရတော့မယ်နော် မောင်လေးက ငယ်သေးတော့ မေမေက လုလုကိုပဲအားကိုးရမှာ ဖေဖေကလည်း အလုပ်အတော်များမယ် လုလုသိချင်တာရှိရင် ဦးလေးအောင်ခင်ကိုမေးပေါ့” လို့ပြောခဲ့တာကြောင့် ကျမ အရင်လို ကလေးလုပ်နေလို့ မရတော့ဘူးဆိုတာ အသက်(၉)နှစ်ကျော်ပေမယ့် နားလည်ခဲ့ပါတယ်။ ကျမ အထက် အစ်ကိုဖြစ်သူကလည်း မန္တလေးမြို့မှာ ဘော်ဒါနေခဲ့ပြန်တော့ အိမ်ရဲ့တာဝန် ခပ်များများဟာ ကျမ ပုခုံးပေါ်ကျလာပါတော့တယ်။ ကျမလည်း အသက်အရွယ်နဲ့မမျှအောင် အိမ်ရဲ့တာဝန်တွေကို ထမ်းဆောင် ရတဲ့တိုင် လှုပ်ရှားမှုတိုင်းမှာ ကျမပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်နေရလို့ ထင်ပါရဲ့ မကြာခဏနေမကောင်း ဖြစ် တတ်တဲ့ကျမ နေမကောင်းဖြစ်တာကို မေ့လျော့နေခဲ့ပါတယ်။ သို့ပေမယ့် အသက်(၇)နှစ်က ရထားခဲ့တဲ့ ကျမရဲ့ခေါင်းကိုက်ဝေဒနာ (Migraine) ကတော့ ထုံးစံအတိုင်း မထင်မှတ်ရင် မထင်မှတ်သလို ဝင်ဝင်လာ တတ်ပြီး အဲဒီခေါင်းကိုက်ဝေဒနာ ဝင်လာပြီဆိုရင်တော့ မေမေအသစ်က ကျမကို ဘာမှမလုပ်စေတော့ပဲ ၊ဆေးသောက်ခိုင်းပြီး အိပ်ယာထဲမှာပဲနားနားနေနေ ထားပါတယ်။

ကျမနေ့စဉ် မနက် ၅နာရီလောက်မှာ အိပ်ယာမှထရပြီး ဦးလေးအောင်ခင်နဲ့ ဈေးကိုလိုက်သွားရပါတယ်။ သူဈေးမှာ ဘယ်ဆိုင်တွေကိုသွားပြီး ဘာတွေဝယ်တယ်ဆိုတာကို လိုက်ကြည့်ရင်းဈေးနှုန်းတွေကိုလည်း ကျမရဲ့ခေါင်းထဲမှတ်နေရပါသေးတယ်။ နေ့စဉ်ဝယ်တာကတော့ ဟင်းချက်ဖို့ အသားတစ်မျိုး နှစ်မျိုး ၊ကြော်ရန်အတွက်အရွက် ဟင်းချို ဒါမှမဟုတ် ချဉ်ရည်ချက်ဖို့ ဟင်းသီးဟင်းရွက် တစ်မျိုးမျိုးတို့ကို ဝယ်လေ့ ရှိပါတယ်။ နံနံပင်၊ ငရုပ်သီးတောင့်တို့ကိုလည်း အဆစ်တောင်းတတ်ပါသေးတယ်။ အိမ်အပြန် လမ်းခုလတ် မှာ အီကြာကွေးဖြစ်စေ နံပြားဖြစ်စေဝယ်တတ်သလို တစ်ရံတစ်ခါမှာတော့ ဈေးထဲမှာပဲ ကောက်ညှင်းပေါင်း အကြော်တို့ကို ဝယ်တတ်ပါတယ်။ အိမ်ပြန်ရောက်ပြီဆိုရင် ထမင်း ဟင်းချက်ဖို့ရာကိုပြင်ဆင်ရပါတယ်။ အလုပ်စလုပ်ရတဲ့ နေ့ရက်တွေမှာတော့ ကျမ မန္တလေးမှာနေတုန်းက ထမင်းချက်တဲ့ ဦးလေးထွန်းအောင်ကို သတိရမိသလို တစ်အိမ်လုံး စားသောက်ဖို့အတွက် မနက်တိုင်းဈေးသွားတဲ့ ဖွားဖွားကိုလည်း သတိရမိတယ်။ ထမင်းစားပြီးရင် ပန်းကန်တွေ သယ်သွားပြီးဆေးပေးတဲ့ အဒေါ်တွေကိုလည်း သတိရပြန်တယ်။ သူတို့ တစ်တွေကို သတိရပေမယ့် အချိန်ကြာကြာတော့ သတိရနေလို့မရပါဘူး။ တစ်ပတ်လောက်အကြာမှာ ကျမ ကိုယ်ကျမ သတိမရအောင် စိတ်ကိုထိန်းရင်းနဲ့ အရင်လို တမ်းတမ်းတတ သိတ်မရှိတော့ပါဘူး။

ဈေးကနေပြန်ရောက်ပြီ ဆိုတာနဲ့ ကျမရဲ့ တစ်နေ့တာလုပ်ငန်းတာဝန်ဟာ စတင်ရပါတော့တယ်။ အသက် (၉)နှစ်သာ ရှိသေးတဲ့ အတွက် ကျမအရပ်ဟာ အိမ်ရဲ့မီးဖိုဆောင်မှာသုံးနေတဲ့ မီးဖိုအမြင့်ကို မမှီပါဘူး။ ဒါကြောင့် ထမင်းအိုး ဟင်းအိုးချက်ပြီဆိုရင် သစ်သားခုံအကြီးတစ်လုံးပေါ်တက်ပြီး ကျမ ထမင်းဟင်းတို့ကို ချက်ပြုတ်ရပါတယ်။ ဈေးကပါလာတဲ့ အသား ငါး ဟင်းသီးဟင်းရွက်တွေကို မကိုင်ခင် အရင်ဆုံး သစ်သား တုံးတွေနဲ့ မီးမွှေးပြီး မီးဖိုရပါတယ်။ မီးခိုတွေ တလူလူကြားမှာ လူလည်းအသက်ရှူရတာ မွမ်းကျပ်နေပေမယ့် ရက်အနည်းငယ် ကြာလာတဲ့အခါမှာတော့ အဆင်ပြေလာပါတယ်။ ထမင်းအိုးကနည်းနည်းကြီးနေတဲ့အတွက် ထမင်းရည်ငှဲ့ပြီဆိုရင်တော့ ဦးလေးအောင်ခင်ကို အကူအညီတောင်းရပါတယ်။ ကျမလုပ်ရတဲ့ ချက်ပြုတ်တဲ့ အလုပ်တွေဟာ ခက်မယ်လို့ထင်ပေမယ့်လည်း ဦးလေးအောင်ခင်ရဲ့ သင်ကြားပြသမှုကြောင့်၊ ကျမကိုယ်တိုင် ဝါသနာပါတာကြောင့် မကြာခင်အချိန်မှာပဲ ကျမအတွက် ဒီအလုပ်တွေဟာ ထမင်းစားရေသောက်လို လွယ်ကူလာပါတယ်။

ကျမဈေးကနေ အိမ်ပြန်ရောက်လာတဲ့အခါတိုင်းမှာ ညီမငယ်လေးကိုအိပ်ယာကနှိုးပြီး အိမ်ရဲ့သန့်ရှင်းရေးကို လုပ်စေပါတယ်။ သူကငယ်ရွယ်တဲ့အတွက် ကျန်တဲ့အလုပ် လျှော်ဖွပ်ကြမ်းတိုက် အလုပ်တွေကိုကျမကပဲ သိမ်းကျုံးပြီး လုပ်လေ့ရှိပါတယ်။ ကျမလုပ်တိုင်း ဦးလေးအောင်ခင်က ကူညီလုပ်ပေးပါတယ်။ မနက် ၈နာရီ ထိုးတာနဲ့ ညီအစ်မနှစ်ယောက် ရေချိုး မုန့်စားပြီး ၈နာရီခွဲမှာ ကျောင်းသွားရပါတယ်။ တူတူးကတော့ (၄)နှစ် သာရှိသေးတာမို့ အိမ်မှာပဲ အငယ်ဆုံးမောင်လေး ကူကူးကိုထိန်းနေတဲ့ မေမေအသစ်နဲ့အတူ ကျန်နေခဲ့တယ် ကျမနဲ့ညီမလေး ကျောင်းကနေ နေ့လည်ထမင်းစားချိန် ပြန်လာချိန်မှာတော့ ကျမတို့နဲ့အတူ မောင်လေး တူတူးက ထမင်းလာစားလေ့ရှိပါတယ်။ မောင်နှမသုံးယောက်ထမင်းစားပြီးတဲ့အချိန်မှာ ကျမပန်းကန် ခွက်ယောက်တွေဆေးကြောပြီး ကျောင်းပြန်သွားဖို့ပြင်ဆင်ရပါတယ်။ ညနေကျောင်းကပြန်ရောက်ချိန် မှာတော့ ညနေစာအတွက်ထမင်း တစ်အိုးသာချက်ရန်ကျန်ပါတယ်။ ကျမကျောင်းဖွင့်ရက်များမှာ မနက်ပိုင်း ဟင်းချက်လျှင် ညနေစာအတွက်ပါ ပိုချက်ပြီး ဟင်းကိုညနေစာအတွက် တစ်ဝက်ဖယ်ထားလေ့ ရှိပါတယ်။  သို့သော်လည်း ကျောင်းပိတ်ရက်များမှာတော့ မနက်စာနဲ့ ညနေစာကို သီးသန့်စီခွဲပြီးချက်ပါတယ်။ ကျမမောင်လေးတွေ နှစ်ယောက်ဟာ အသက်အားဖြင့် သုံးနှစ်ကွာပါတယ်။ တူတူးက ကူကူးကို အရမ်း ချစ်ပါတယ် ကျမတို့ညီအစ်မနှစ်ယောက် ကျောင်းကပြန်လာပြီဆိုရင် သူ့ညီလေးအကြောင်းကို မနားတမ်း ဆက်တိုက်ပြောရတာအမောပါ။ ကူကူးကျောပူခေါင်းပူ ဖြစ်ပြီဆိုရင်လည်း တူတူးတစ်ယောက် သူ့အနားမှာ အချိန်ပြည့်နေနေတတ်ပါတယ်။ ကျိုက်ထိုရောက်ပြီး မကြာမီမှာ နှင်းကြည်ဆိုတဲ့ ကျမနဲ့အသက်ရွယ်တူတဲ့ ၊ကောင်မလေးတစ်ယောက် ကူကူးကို ထိန်းဖို့ရာ အိမ်ကိုရောက်လာပါတယ်။ ကျမရဲ့မီးဖိုချောင်အလုပ်တွေ ကို နှင်းကြည်က အားရင်အားသလို လာကူတဲ့အတွက် အရင်ထက်သက်သာသွားပါတယ်။ ကျမရဲ့ ဘဝမှာ အတိတ်က အရိပ်ကလေးတွေဟာ အခုလို ပို့စ်တစ်ခုအဖြစ်တင်ရင်းနဲ့ ပျောက်ကွယ်လုဆဲဆဲ အကြောင်း အရာလေးတွေ ထပ်ခါထပ်ခါ ပေါ်လာတဲ့အတွက် ပို့စ်တင်ခွင့်အကြောင်း ဖန်လာတာကိုပဲ ဝမ်းသာမိပါတယ်။

သုံးလခန့်အကြာမှာတော့ ဦးလေးအောင်ခင်က သူ့နေရပ်ဒေသကိုပြန်သွားပါတယ်။ ကျမလည်း အလုပ်ကို အတော်လေးလုပ်တတ်ကိုင်တတ် ချက်တတ် ပြုတ်တတ်ပြီမို့ အရာရာကို လွယ်လွယ်ကူကူလုပ်ကိုင်ရင်းနဲ့ပဲ အချိန်တွေကိုကျော်ဖြတ်ခဲ့ရပါတယ်။ တစ်နေ့ဖေဖေက ကျမကိုပြောခဲ့တဲ့စကားတစ်ခွန်းကို ကျမရဲ့ရင်ထဲမှာ ဒီကနေ့အထိ စွဲနေတာကတော့ “လုလုအခု ဒီအသက်ငယ်ငယ်လေးနဲ့ အားလုံးကို လုပ်တတ်ကိုင်တတ်လာပြီ ဒါဖေဖေရဲ့ မျှော်လင့်ချက်ပဲ လုလုမွေးမေမေက မဆုံးခင်အသက်ကိုလုနေရတဲ့ အချိန်မှာတောင် မရမက အားယူပြီး ‘လုလုကိုဂရုစိုက်ပေးပါ’ လို့ မှာဖြစ်အောင်မှာခဲ့တာကို ဖေဖေနားထဲမှာ မမေ့ဘူး။ ဒါကြောင့် လုလုရဲ့ ဘဝကို အခြေခိုင်အောင် ဖေဖေလုပ်ပေးရမယ်။ လူဆိုတာ ‘အစကောင်းမှ အနှောင်းသေချာ’ ဆိုတဲ့ စကားအတိုင်း လုလုဘဝကို အခြေခိုင်အောင် ဖေဖေလုပ်နေတယ်ဆိုတာ တစ်နေ့သဘောပေါက်လာမှာပါ” လို့ ပြောခဲ့တဲ့စကားကို အဲဒီတုန်းကတော့ အဓိပ္ပာယ်ဘယ်လောက်အထိ လေးနက်တယ်ဆိုတာကို မသိခဲ့ရိုး အမှန်ပါ။ ကျမနားလည်တဲ့အရွယ်မှာတော့ အတိုင်းအဆမရှိတဲ့ ဖေဖေ့ရဲ့စေတနာမေတ္တာကို နားလည်လာ ပါတယ်။

ကျမရဲ့မွေးမေမေ ကျမကိုစိတ်မချဖြစ်ရတာလည်း ဖြစ်ချင်စရာပါပဲ။ ကျမငယ်ငယ်က ဘယ်လောက်အထိ ထုံသလဲ နုံသလဲဆိုရင် မှတ်မှတ်ရရ မန္တလေးမှာမေမေမဆုံးခင်က ဖွားဖွားက တစ်နေ့ မနက်စာအတွက် အီကြာကွေး ဝယ်လာပါတယ်။ “တီးတို လုလုတို့ ကော်ဖီလာသောက်ကြ” လို့ဖွားဖွားကပြောတိုင်း ထမင်း စားခန်းကို ကျမရဲ့အစ်ကိုက အမြဲဦးအောင်ရောက်တတ်ပါတယ်။ ကျမဝင်လာတော့ သူက “လုလု ဒီမှာကြည့် ပါအုံး အီကြာကွေးက တစ်ခုကနည်းနည်း ရှည်ထွက်နေတယ် အဲဒီတော့ ညီညီမျှမျှ ဖြစ်သွားအောင် ကိုကိုက အကြီးဆိုတော့ အပိုကိုစားလိုက်မယ်နော်” လို့ပြောတော့ ကျမက “ကိုကိုပြောသလို ညီညီညာညာဖြစ်အောင် လုပ်နော်” လို့ ပြန်ပြောတော့ သူက ရှည်နေတယ်ဆိုတဲ့ အပိုင်းကို ကိုက်စားလိုက်ပါတယ်။ “တွေ့လားလုလု အခုမှညီသွားပြီ။ ကဲ လုလုကအငယ်ဆိုတော့ ကြိုက်တာအရင်ရွေး” တဲ့။ အဲဒီလောက်အထိ နုံ အ ခဲ့တဲ့ကျမပါ ဖွားဖွားကတော့ ဘာမှဝင်မစွက်ပဲ ကျမတို့နှစ်ယောက်ပြောဆိုနေတာကို ရီပဲနေပါတယ်။ ဒါကလည်း ပို့စ်ရေးနေရင်း ပေါ်လာတဲ့အတိတ်က ဖြစ်ရပ်တစ်ခုပါ။

တစ်နေ့ ကူကူးအသက် တစ်နှစ်ပြည့်မွေးနေ့မှာ မေမေက နှာစေးချောင်းဆိုး ဖြစ်နေတဲ့ ကူကူးအတွက် ပျော် ရွှင်အောင် မွေးနေ့ကိတ် အိမ်ပုံစံကြီးကြီးလှလှလေး ဝယ်တယ်။ အနီးအနားအိမ်က ကလေးတွေကို ဖိတ်ပြီး ၊မွေးနေ့ပွဲလေးကျင်းပပါတယ်။ ကိတ်မုန့်အိမ်ကလေးရဲ့ ခေါင်းတိုင်ဟာ ချော့ကလက်နဲ့ လုပ်ထားကာ အိမ် ကလေးရဲ့ ခြံစည်းရိုးလေးတွေကို ဝေဖာမုန့်လေးတွေနဲ့ ကာယံထားပါတယ်။ မွေးနေ့စစချင်းပဲ ၊မေမေသတိ မထားမိစဉ် မေမေ့ပေါ်ကနေ ကိတ်မုန့်ခေါင်းတိုင်ကို ကူကူး လှမ်းချိုးလိုက်ပြီး ပါးစပ်ထဲကို ထည့်ပါတော့ တယ်။ မေမေလည်း ချောင်းဆိုးနေတဲ့ကူကူးအတွက် စိုးရိမ်ပြီး ခေါင်းတိုင်ကို ကူကူးလက်ကနေ ပြန်လု လိုက်တော့ ဒေါသကြီးတဲ့ ကူကူး အော်ငိုပြီး တက်သွားပါတယ်။ တစ်အိမ်လုံးလည်း ပြာယာခတ်ကုန်ကာ ခြေ မ ကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ပါတော့တယ်။ ကျမတို့အိမ်နဲ့ သုံးခြံကျော်လောက်မှာရှိတဲ့ ဆရာဝန်ရဲ့အိမ်ကို ဖိနပ်ဗလာနဲ့ ကျမပြေးခေါ်လိုက်ပါတယ်။ ကျမနဲ့ဆရာဝန်တို့ ပြန်ရောက်လာချိန်မှာတော့ ကူကူးသတိ လစ်နေပါပြီ။ သူ့ညီလေးရဲ့ အဖြစ်အပျက်ကို ကြည့်ပြီးချောင်ထဲမှာ ထိုင်ငိုနေတဲ့ တူတူးကိုတွေ့ပေမယ့် ကျမ မချော့အားပါ။ ဆရာဝန်က ကူကူးကို သတိလစ်နေတာပြန်ကျအောင် ကုသပေးပြီး တခနအကြာမှာမှ ကူကူးပြန်သတိရလာပါတယ်။ အဲဒီအချိန်ကျမှ ကျမတူတူးကို သတိရပြီး သူထိုင်တဲ့ချောင်လေးနားကို သွားကြည့်တော့ ခွေခွေလေးအိပ်ပျော်နေတာကို တွေ့ရတဲ့အခါကျမ သူ့ကိုပွေ့ချီပြီး သူ့ကုတင်ပေါ်ကို သွားတင်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ ကျမတို့ကျိုက်ထိုမှာ တစ်နှစ်ကျော်နေသားကျလာတဲ့ တစ်နေ့မှာတာ့ ကျမရဲ့ဖေဖေလားရှိုးကို အလုပ်တာဝန်အရ ပြောင်းရွှေ့ဖို့ရာ သတင်းရောက်လာပြန်တယ်။ မေမေက အဲဒီ အချိန်မှာ ဒုတိယကိုယ်ဝန်ကိုလွယ်ထားတဲ့အချိန်ပါ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz