x

20.6.11

ခရီးတစ်ထောက် ပဲခူးရောက်



ကျမရဲ့မောင်လေး ကူကူး တစ်နှစ်ပြည့်မွေးနေ့ပြီးဆုံးပြီး မကြာခင်မှာပဲ ဖေဖေ လားရှိုးကိုပြောင်းရွှေ့ဖို့ဖြစ် လာတော့ ကျမတို့တစ်အိမ်သားလုံး မောင်လေးကူကူးကလွဲပြီး တူတူးအပါအဝင်ပစ္စည်းတွေသိမ်းဆည်း ကြရပါတော့တယ်။ တူတူးကလည်း သူ့ရဲ့ ကစားစရာတွေ ညီလေးကူကူးရဲ့ ကစားစရာတွေကို စုပုံပြီး ပုံးလွတ်တစ်ခုမှာ ထည့်သိမ်းနေသလို ကျန်တဲ့အိမ်တွင်း ပစ္စည်းများကိုတော့ သူ့တာဝန်နဲ့သူ ခွဲခြားသိမ်းဆည်း ကြပါတယ်။ ကျမကတော့ မီးဖိုချောင်အသုံးအဆောင်တွေကို လတ်တစ်လော သုံးမဲ့ပစ္စည်းတွေသာချန်ပြီး  ၊နှစ်ပတ်အတွင်း အသုံးမလိုတော့မည့် ပစ္စည်းတွေကို ထင်းရူးသေတ္တာထဲကို စီစီရီရီ ထည့်သိမ်းပါတယ် ဖန်ခွက် ကြွေပန်းကန် အပိုတွေကို သတင်းစာ၊ အသုံးမလို စာရွက်တွေနဲ့ ပတ်ပြီး ထည့်ပါတယ်။ အိမ်ရှေ့ဧည့် ခန်းမှာ ခင်းထားတဲ့ ထိုင်ခုံတွေကိုလည်း ဖေဖေ့ရုံးက အကူနှစ်ယောက်က ဂုံနီအိတ်အစတွေနဲ့ ပတ်ပြီးချုပ်ကြ ပါတယ်။ တစ်နေရာနဲ့တစ်နေရာ အပြောင်းမှာ အပျက်အစီး နည်းနိုင်သမျှနည်းအောင် မည်သို့မည်ပုံ ထည့် သိုရမယ်ဆိုတာကို မေမေကသင်ပေးပြီး ပြုလုပ်ကြခြင်းဖြစ်ပါတယ်။ မေမေကိုယ်တိုင်ကတော့ ကိုယ်လေး လက်ဝန်နဲ့မို့ ညွှန်ကြားတာလောက်ပဲ ပြုလုပ်ပြီး ခက်ခက်ခဲခဲမဟုတ်တဲ့ အလုပ်တွေကိုတော့ ဝင်လုပ်ပါတယ်။ ဒီကြားထဲ ကျမခေါင်းကြီးကိုက်ရောဂါ ဝင်လာတာနဲ့ တစ်ရက်လောက် အလုပ်ရော ကျောင်းပါ ပျက်ကွက် ခဲ့ပါတယ်။ ကျမအလုပ်တွေကို နှင်းကြည်က ဒိုင်ခံလုပ်ပြီး သူလည်း လားရှိုးကိုကျမတို့နဲ့အတူလိုက်ပါမှာဖြစ် တဲ့အတွက် တစ်အိမ်လုံး ဝမ်းသာနေကြပါတယ်။


ကျမတို့ပြောင်းရွှေ့ဖို့ရန်အတွက် ခရီးမထွက်ခင် သုံးရက်လောက်အလိုမှာတော့ ဖေဖေရဲ့ တပည့် တစ်ယောက်က ကျမတို့ညီအစ်မနှစ်ယောက်အတွက် ကျောင်းနှုတ်ထွက်စာကို ကျောင်းအုပ်ဆရာကြီးဆီကို သွားတောင်းပြီး နောက်တစ်ရက်ကစလို့ ကျမတို့ ညီအစ်မနှစ်ယောက် ကျောင်းကိုသွားစရာ မလိုတော့ ပါဘူး။ ကျောင်းမတက်ရတဲ့ ရက်တွေမှာ ထုပ်ပိုးတဲ့အလုပ်ကို အပြီးလုပ်ကြရပါတယ်။ ဒီလိုနဲ့ ကျမတို့ တစ်တွေပြောင်းရွှေ့မဲ့ရက်ကို ရောက်လာပါတယ်။ မီးရထားနဲ့ပြောင်းရွှေ့ရမှာဖြစ်တဲ့အတွက် ကျမတို့မနက် အစောကြီးအိပ်ယာမှ ထကြရပြီး အဲဒီနေ့မှာတော့ ဖေဖေ့တပည့်တွေလာပို့တဲ့ ကော်ဖီ မုန့်တို့ကိုသာ စားကြရ ပါတယ်။ ရထားခရီးလမ်းဖြစ်တဲ့အတွက် သီးသန့် ပစ္စည်းပို့ကား တစ်စီးက ပစ္စည်းတွေတင်ပြီး ဘူတာကို ၊ခေါက်တုန့်ခေါက်ပြန် သွားပါတယ်။ ဖေဖေအပါအဝင် ကျမတို့မိသားစု အားလုံးကတော့ နောက်ဆုံး အခေါက်မှ ဘူတာကိုဆင်းပါတယ်။ ဘူတာရောက်တဲ့အခါမှာ အရေးကြီးအသုံးလိုမဲ့ အင်္ကျီထည့်အိတ်များ ကူကူးအသုံးအဆောင်ပစ္စည်းများ အစားအသောက်ခြင်းများနဲ့ လမ်းမှာအရေးလိုက သုံးနိုင်ရန်အတွက် အပိုပစ္စည်းများထည့်တဲ့ အိတ်တွေကိုတော့ ကျမတို့ ရထားတွဲမှာ တင်ပြီး ကျန်သော အိမ်သုံးပစ္စည်း အားလုံး ကို ရထားရဲ့ပစ္စည်းတွဲမှာထည့်ပါတယ်။

ကျမတို့မောင်နှမတွေက ခရီးထွက်ရင် ရထားနဲ့သွားတာကို ကားလမ်းထက် ပိုနှစ်သက်ကြပါတယ်။ နှစ်သက် ရခြင်းရဲ့ အကြောင်းရင်းကတော့ ဘူတာတွေမှာ ရထားခေတ္တဆိုက်တဲ့အခါမှာ ဈေးသည်တွေဆီကနေ မုန့်ဝယ်စားရတာကိုပါပဲ။ ‘ရေ ရမယ် ရေ ရေ’ ၊ ‘ကောက်ညှင်းထုပ် ပူပူလေး’ ၊ ‘ဘဲဥပြုတ်’ အစရှိတဲ့ တစာစာအော် ရောင်းနေတဲ့ ဈေးသည်တွေရဲ့ အသံကို ကျမအရမ်းသဘောကျပါတယ်။ ဘာဖြစ်လို့ ဆိုတာ ကိုတော့ ဒီကနေ့အထိ မသိခဲ့ပါဘူး။ အခုအရွယ် အသက်ရလာတဲ့အခါမှာတော့ ခရီးကို ရထားနဲ့ သွားရင် ရေ အပါအဝင် အစားအသောက် အပြည့်အစုံကို ၊ခြင်းနဲ့သယ်ယူသွားပြီး လမ်းမှာဝယ်စားတဲ့ အလေ့အထ ကတော့ ပျောက်သွားပါပြီ။ ရထားခုတ်မောင်းနေတဲ့အချိန် ထွက်ပေါ်လာတဲ့ ဂျုံးဂျုံးဂျက်ဂျက် အသံကိုလည်း ကျမနှစ်သက်သလို ရထားခေါင်းတွဲက ဥသြဆွဲသံကိုလည်း ကျမသဘောကျတယ်။ ရထားသွားနေချိန် ကျမ မျက်နှာပေါ်လေတိုးနေတာကအစ ကြည်နူးနေတတ်ပါတယ်။ ဒါကကျမတစ်ယောက်တင် မဟုတ်ပါဘူး ညီမလေး မောင်လေးတို့လည်း ကျမလိုထပ်တူ ခံစားကြရတယ်ဆိုတာ သူတို့ပြောပြလို့သိထားခဲ့ပါတယ်။ ဒီလိုနဲ့ ရထားဟာ ပဲခူးဘူတာကို ဆိုက်ရောက်လာချိန်မှာတော့ ဖေဖေ့မိတ်ဆွေတစ်ချို့က လာပြီး နှုတ်ဆက် ကြပါတယ်။ တခြားအတွဲတစ်တွဲ ချိတ်ဖို့ရန်အတွက် အနည်းဆုံးနောက်ထပ် ၂နာရီကြာအောင် စောင့်ရမှာ ၊ဖြစ်တဲ့အတွက် ကျမတို့ မိသားစုကို ဖေဖေ့မိတ်ဆွေတစ်ဦးက ဘူတာနဲ့နီးတဲ့ သူ့ရဲ့အိမ်ကို ခေါ်သွားပြီး နားနားနေနေ နေစေပါတယ်။

သူတို့ မိသားစုတွေအားလုံးလည်း သဘောကောင်းကြပါတယ်။ ဖေဖေ့မိတ်ဆွေရဲ့ မိခင်ဖြစ်သူ ဖွားဖွား တစ်ယောက်က မေမေ့မျက်နှာကို ကြည့်ပြီး “သမီး ပုံစံကိုကြည့်ရတာ ပုံမှန်တော့ မဟုတ်ဘူး၊ ဗိုက်နာနေ လားဟင်” လို့ မေးလိုက်သံကြောင့် အခန်းတွင်း ရှိရှိသမျှသော သူအားလုံးရဲ့ မျက်လုံးတွေဟာ မေမေ့ မျက်နှာဆီကို ရောက်သွားကြပါတယ်။ မေမေက “နည်းနည်းလေးပဲနာတာပါ သိတ်တော့မနာပါဘူး” လို့ ပြန်ဖြေတဲ့အခါမှာတော့ အဲဒီဖွားဖွားက “အမလေး မြတ်စွာဘုရား၊ ဒီလောက်ဝေးတဲ့ခရီးကို ဆက်သွား လို့ ဖြစ်ပါ့မလားကွယ်” ပြောပြောဆိုဆို ဖေဖေ့ဖက်လှည့်ပြီး တစ်ဆက်တည်း “ကိုကြည် မင်းမိန်းမကို ဆရာဝန်တော့ ပြမှဖြစ်မယ် ငါတော့ သိတ်မထင်ဘူး” လို့ ပြောပြောဆိုဆို သူတို့အသိ ဆရာဝန်တစ်ယောက် ကို လှမ်းခေါ်ပြီး မေမေ့ရဲ့ အခြေအနေကို စစ်ခိုင်းပါတယ်။ စစ်ဆေးပြီးတဲ့အခါမှာ ဆရာဝန်က “အစ်မ ခရီး ဆက်လို့တော့ မဖြစ်ဘူး ဒီညလောက် အစ်မမွေးလိမ့်မယ်” လို့ ပြောတာကြောင့် အာမေဋိတ်သံ တစ်ယောက် တစ်မျိုးဆီနဲ့ တစ်ခန်းလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်။ တခနအကြာမှာ ဖေဖေက စဉ်းစားနေရာကနေ “ဒါဆိုရင် မာဂရက်တို့ အားလုံးကို ပဲခူးမှာပဲ ကျနော် ထားခဲ့တော့မယ်။ ကျနော်ကတော့ လိုက်သွားမှဖြစ်မယ်။ လားရှိုးရောက်ရင် လူကြီးကိုသတင်းပို့ပြီး ကျနော်ပြန်လာခေါ်မယ်” လို့ပြောပြီး ဖေဖေထွက်သွား ချိန်မှာတော့ ၊မေမေ့ကို ပဲခူးဆေးရုံတင်ဖို့ ပြင်ဆင်ကြပါတယ်။

ပဲခူးဆေးရုံကို မေမေတက်နေတဲ့အချိန်မှာ ကူကူးလေးကို နှင်းကြည်ကထိန်းပြီး ဖေဖေ့မိတ်ဆွေအိမ်မှာပဲ တူးမာ တူတူးတို့နဲ့အတူထားခဲ့ရပါတယ်။ ကျမကတော့ မေမေနဲ့ အဖော်အဖြစ် ဆေးရုံကို လိုက်သွားရပြီး ညဥ့် သန်းခေါင်မှာတော့ မေမေက နောက်ထပ်ညီမလေး ‘ပူစူးမ’ ကိုမွေးပါတယ်။ မနက်ရောက်တော့ ဖေဖေ့ မိတ်ဆွေအိမ်က အဒေါ်နှစ်ယောက် ရောက်လာပြီး စားစရာတွေပေးရင်း မေမေနဲ့ ကလေးကို ကြည့်ကြ ပါတယ်။ ကလေးရောလူကြီးရော ကျန်းမာတဲ့အကြောင်းကို ဖေဖေ့ဆီသတင်းပို့ပေးမယ်လို့လည်း မပြန်ခင် ၊မေမေ့ကိုပြောသွားကြပါတယ်။ ‘ပူစူးမ’ ရဲ့ အသားလေးတွေက နီရဲနေပြီး ရွှေဝါရောင် ဆံပင်မွှေးမျှင် ရှည်ရှည်ကလေးနဲ့ အရမ်းကို ချစ်စရာကောင်းပါတယ်။ လက်ကလေးတွေ ခြေထောက် ကလေးတွေက ၊သေးသေး ကွေးကွေးနဲ့ နူးနူးညံ့ညံ့လေးမို့ ဖျစ်ညှစ်ခြင်လောက်အောင် အသည်းယားစရာကောင်းပါတယ်။ ‘ပူးစူးမ’ ကတော့ လူ့လောကထဲ ရောက်ပြီဆိုတာနဲ့ တစ်ချိန်လုံး မရပ်မနား အော်ငိုနေပါတော့တယ်။ အတော်ကြာကြာအထိ မနားတမ်းအော်ငိုနေတဲ့အတွက် မေမေလည်း ကောင်းကောင်းမအိပ်ရပါဘူး။ မိုးလင်းစပြုချိန်မှာ မေမေက “လုလုရေ ကလေးကို ကြည့်ထားပေးပါအုံး၊ မေမေ့ ခေါင်းတွေလည်း လေးနေပြီး ဘယ်လိုဖြစ်နေလဲမသိဘူး” လို့ ကျမကိုပြောတော့ ကျမလည်း ပူစူးမကို ကောက်ချီလိုက်ပါတယ်။ ကျမလက်ထဲရောက်တာနဲ့ ပူစူးမက အငိုတိတ်သွားပြီး ခနအကြာမှာ အိပ်ပျော်သွားပါတယ်။ တစ်နေ့လုံး လာသမျှဧည့်သည်တွေကို မေမေ့အစား ကျမကပဲ ဒိုင်ခံပြီး ဖြေပေးနေရသလို နေမကောင်းဖြစ်နေတဲ့မေမေ ကတော့ တစ်နေ့လုံးမှိန်းနေပါတယ်။ ပူစူးမကလည်း တစ်နေ့လုံး မနိုးတမ်းကို အိပ်နေပါတော့တယ်။ သူနာပြု ဆရာမလေးက ပူးစူးမကို ၃နာရီခြား နှိုးနှိုးပြီး မေမေ့ရဲ့ နို့ချိုကိုတိုက်ကျွေးစေပါတယ်။ အိပ်ပျော်ပျော်သွားတဲ့ ပူစူးမကို မရမက နှိုးပြီးတိုက်ရလောက်အောင်ကို အအိပ်မက်တဲ့ ညီမလေးပါ။ နေဝင်လို့ ညရောက်ပြီဆိုရင် ပူစူးမ နိုးပါပြီ။ တစ်ညလုံး မအိပ်တော့ပါ။ နေ့နဲ့ည လွဲနေတဲ့ ပူစူးမကို ထိန်းရတဲ့ကျမလည်း နေ့ဖက်ပူစူးမ အိပ်တာနဲ့ လိုက်အိပ်ရပါတယ်။ မေမေကတော့ လာတဲ့ဧည့်သည်တွေကို နေမကောင်းတဲ့ကြားက ဧည့်ခံနေ ပြီး ကျမနိုးလာတဲ့အခါမှာတော့ မေမေကအနားယူပါတယ်။ ကျမတို့တည်းတဲ့ အိမ်ကဖွားဖွားက မေမေ့ကို “ကလေးက နေ့နဲ့ညလွဲနေတယ်ဆိုရင် သောက်ရေအိုးထဲက ရေနဲ့ ကလေးကို မျက်နှာသစ်ပေးရတယ်ကွဲ့” လို့ ရှေးအယူအဆ အတိုင်းပြောတဲ့အတွက် အိပ်ရေးပျက်တဲ့ ကျမလည်း ဟုတ်လိုဟုတ်ငြား ပူစူးမကို မျက်နှာ သစ်ပေးပါတယ်။ ဒါပေမယ့် ပူစူးမကတော့ သူ့အတွက် နေ့ကိုအိပ်ချိန် ညကနိုးချိန်အဖြစ်သာ သတ်မှတ်ထား ပုံရပါတယ်။

(၃)ရက်မြောက်တဲ့နေ့မှာ မေမေ ဆေးရုံကဆင်းဖို့ရာအတွက် ကျမတို့တည်းခိုတဲ့ အိမ်က အိမ်ရှင်ဖေဖေ့ သူငယ်ချင်းနဲ့ သူ့အမျိုးသမီးတို့က ကားနဲ့လာကြိုပါတယ်။ မေမေ ပူစူးမနဲ့ ကျမတို့ အိမ်ကိုရောက်ပြီဆိုတာနဲ့ ကူကူး တူတူး တူးမာနဲ့ နှင်းကြည်တို့ အပြေးအလွှားလာကြိုကြပြီး ကူကူးက ကျမလက်ထဲက ပူစူးမလေးကို ဇွတ်ဖက်ပြီး နမ်းပါတော့တယ်။ ကလေးကအရမ်းငယ်နေတဲ့အတွက် ထိခိုက်မှာစိုးတဲ့ ကျမအတွက် အရိပ် တကြည့်ကြည့် လုပ်ရတဲ့အလုပ်တစ်ခု ပိုလာပါတယ်။ မေမေကတော့ တည်းခိုတဲ့အိမ်ကို ပြန်ရောက်မှပဲ သက်တောင့်သက်သာ နားရပါတော့တယ်။ ပူစူးမ မွေးပြီး (၁၀)ရက်အကြာမှာ ဖေဖေပြန်ရောက်လာပြီး မိသားစုကို ပဲခူးကနေ လားရှိုးသို့ ခေါ်ဆောင်သွားပါတယ်။ လားရှိုးအိမ်က နှစ်ထပ်တိုက်အိမ်ဖြစ်ပြီး ကျိုက်ထို အိမ်ထက် ပိုပြီးကျယ်ပါတယ်။ အိပ်ခန်းတွေလည်း အပေါ်ထပ်ရော အောက်ထပ်မှာပါ အများကြီးပါသလို ခြံထဲမှာလည်း ပန်းတွေစိုက်ထားပြီး အတော်လေးလှပါတယ်။ ရှမ်းပြည်ရဲ့ သဘာဝရှုခင်းတွေကိုကျမအတွက် ပထမဦးဆုံးအကြိမ် မြင်တွေ့ရတာမို့ ကြည့်လို့မဝပါဘူး။ ဘယ်နေရာကို ကြည့်ကြည့် တောင်တွေပတ်လည် ဝိုင်းနေတဲ့ ရှုခင်းလေးကို ကျမအရမ်းသဘောကျပါတယ်။ လားရှိုးရောက်ပြီး တစ်ပတ်လောက် အကြာမှာပဲ ပူစူးမကို ထိန်းဖို့အတွက် ကျမထက် အသက် (၅)နှစ်လောက်ကြီးတဲ့ ‘အီဒစ်’ လို့ခေါ်တဲ့ ကချင်တိုင်းရင်းသူ တစ်ယောက် ရောက်လာပါတယ်။ ကျမလည်း တာဝန်ပေါ့သွားတာမို့ တခြားအိမ်အလုပ်တွေမှာ ပိုပြီးအား ထည့်လို့ ရပါတယ်။ လားရှိုးရောက်ပြီး ချက်ခြင်းဆိုသလို ကျမတို့ညီအစ်မနှစ်ယောက်ကို ကျောင်းအပ်ပြီး  ၊ကျောင်းပြန် တက်ရပါတယ်။ လွတ်သွားတဲ့ ကျောင်းစာတွေကို အတန်းပိုင်ဆရာမက ပြန်သင်ကြားပေးပြီး အချိန်ပိုတွေမှာလည်း အိမ်ကိုလာပြီး စာသင်ပေးပါတယ်။ မကြာခင်မှာပဲ စာမေးပွဲဖြေရပြီး ညီအစ်မနှစ်ဦး စလုံး စာမေးပွဲအောင်ခဲ့ပါတယ်။ နွေရာသီကျောင်းနှစ်လပိတ်ချိန်မှာတော့ ကျမရဲ့အစ်ကိုလည်း မန္တလေး ကနေ ကျမတို့ဆီကို အလည်ရောက်လာပါတယ်။ မောင်နှမတွေစုမိကြပြီဆိုတော့ ပျော်မဆုံး မော်မဆုံး တစ်ပြုံးပြုံးပေါ့။ စကားတွေလည်းပြောမဆုံး တောသုံးထောင်ပါပဲ။ အပျော်ဆုံးကတော့ တူတူးထင်ပါတယ်။ ကျမအစ်ကိုက တူတူးကို အစစအရာရာ ဦးစားပေးပြီး ကစားသလို ကျွေးစရာရှိလည်း တူတူးကိုရအောင် လိုက်ရှာပြီးကျွေးပါတယ်။ ကျမ မှတ်မှတ်ရရ အကြောင်းအရာလေး တစ်ခုကတော့ လားရှိုးရဲ့ရာသီဥတုက ၊နွေဆိုသည့်တိုင် မနက်ပိုင်းတွေမှာ အတော်လေးအေးလွန်းပါတယ်။ နေထွက်လာတာနဲ့ မေမေက အပေါ် ထပ် အိမ်ရှေ့ဝရံတာမှာ ဖျားခင်းပြီး ၄င်းဖျာပေါ်မှာ မှို့ရာခင်းကာ (၃)လသမီး ပူစူးမကို နေလှမ်းပြီး နေဓာတ် အမြဲလိုပေးပါတယ်။ မေမေ့အလစ်မှာ အစ်ကိုက အော်ငိုနေတဲ့ ပူစူးမကို သနားလို့ဆိုပြီး သူ့ကိုယ်လုံးနဲ့ နေကို ကာပေးလေ့ရှိတာမို့ မေမေက ပူစူးမက နေရောင်ဓာတ်လိုနေတဲ့အကြောင်း အစ်ကိုနဲ့ ကျမတို့တစ်တွေ နားလည်အောင် ရှင်းပြပါတယ်။ အားချိန်တွေမှာတော့ အစ်ကိုက ကျမကိုကျိုက်ထိုအတွေ့အကြုံတွေမေးပြီး သူနဲ့ပြန်မတွေ့မီ အတောအတွင်း ကျမတို့ ဖြတ်သန်းခဲ့ရတဲ့ အကြောင်းလေးတွေကို စိတ်ဝင်တစား မေးပြီး နားထောင်ပါတယ်။ နောက်ဆုံးတော့ ပဲခူးသူမလေး ပူစူးမ အကြောင်းကိုရောက်သွားပြီး ‘ခရီးတစ်ထောက် ပဲခူးရောက်” ခဲ့စဉ်က အဖြစ်အပျက်များကိုကျမက အစ်ကိုဖြစ်သူကို ပြန်ပြောပြခဲ့ပါတယ်။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz