x

21.6.11

သေကံမရောက် သက်မပျောက်



ကျိုက်ထိုအကြောင်းကို အစ်ကိုဖြစ်သူကမေးတော့ ကျမလည်း ကျိုက်ထိုမှာ တစ်ပတ်တောင် မပြည့်ပဲ ရက်ပိုင်းလောက်သာနေရပြီး နွေရာသီကျောင်းပိတ်ရက် ကြီးကုန်ဆုံးသွားလို့ မန္တလေးသို့ပြန်သွားရတဲ့ အစ်ကို့ အကြောင်းစဉ်းစားမိတယ်။ “လုလု မှတ်မိသေးလား ကိုကိုတို့ သုံးယောက် ဆေးရုံရောက်တဲ့ အကြောင်းလေ” လို့ အစ်ကိုကကျမကို သတိတရမေးလိုက်ပါတယ်။ ကျမက“ကိုကိုကလည်း မှတ်မိတာပေါ့ ဘယ်လိုလုပ်ပြီး မေ့မှာလည်း” လို့ ပြန်ပြောပြီး အတိတ်ရဲ့ အတိတ်ပုံရိပ်တွေ ကို ကျမပြန်စဉ်းစားမိပါတယ်။


ကျိုက်ထိုကိုရောက်ပြီး (၃)လလောက်ကြာတော့ အစ်ကိုဖြစ်သူ စာမေးပွဲကြီး ဖြေပြီးသွားလို့ နွေရာသီကျောင်း ပိတ်ရက်မို့ ကျမတို့ဆီကိုအလည်လာပါတယ်။ ကျမတို့လည်း စာမေးပွဲအောင်ကြတယ်ဆိုတော့ ကျမတို့ မိသားစုများအားလုံးပြန်လည် ဆုံဆည်းပြီး ပျော်ပျော်ပါးပါးရှိနေချိန် တစ်မနက်မှာ ကျမကတော့ ထုံးစံအတိုင်း မီးဖိုထဲမှာ အလုပ်ရှုပ်နေချိန် အိမ်ရှေ့ခန်းကနေ မေမေက “တူတူးလဲ မတွေ့ပါလား တူတူး တူတူး” လို့ ခေါ်သံ ကြားတာနဲ့ ကျမလည်း တူတူး အိပ်ယာဆီကို အပြေးကလေး သွားကြည့်တော့ တူတူးက မလှုပ်မယှက် အိပ်ပျော်နေတာကို တွေ့ရတဲ့အတွက် “တူတူး တူတူး ထတော့လေ ဘယ်အချိန်ရှိနေပြီလဲ” လို့  ကျမ ကပြောပြောဆိုဆို သူ့ကိုလှမ်းကိုင်လိုက်တော့ တစ်ကိုယ်လုံး ခြစ်ခြစ်တောက်ပူနေပါတယ်။ ကျမလည်း လန့်ဖြန့်သွားပြီး မေမေ့ကိုပြောပြလိုက်တဲ့အခါမှာ မေမေက ကျမတို့ မောင်နှမ သုံးယောက်အိပ်ခန်းကို ဝင်လာပြီး တူတူးရဲ့ နဖူးကို စမ်းကြည့်တယ်။ “ဟင် ဘယ်အချိန်ထဲက ဖျားနေတာပါလိမ့်။ ရေခဲတင်ပေးထား လိုက် မေမေဆရာဝန်ကို ခေါ်လိုက်မယ်” ဆိုပြီး အခန်းထဲကနေ မေမေထွက်သွားတဲ့အချိန် ကျမလည်း ရေခဲ ကို ဇလုံထဲထည့်ပြီး ရေအနည်းငယ်ထည့်ကာ သဘက်အသေးလေး နှစ်ထည်ကို သေတ္တာထဲက ယူပြီး တူတူး ဆီကိုပြန်လာပါတယ်။ သူ့ကို ရေခဲဖတ် အုပ်ပေးနေရင်း ဆရာဝန်အလာကိုစောင့်နေပါတယ်။ အစ်ကိုဖြစ်သူ ကလည်း တူတူးနေမကောင်းဖြစ်တယ်ဆိုတာနဲ့ တူတူးအနားမှာ လာထိုင်ပြီး ကျမရဲ့လှုပ်ရှားမှုကို ကြည့်နေ ပါတယ်။ ကျမက “ကိုကို ခနတူတူးကို ကြည့်ထားအုံး လုလု ရေနွေးသွားတည်လိုက်အုံးမယ် ဆရာဝန်လာရင် လိုလိုမယ်မယ်ပေါ့"  ဆိုပြီး အစ်ကိုဖြစ်သူကို တာဝန်လွှဲပေးခဲ့ပါတယ်။ မီးဖိုကချက်လက်စတွေကို လက်စသပ် ပြီးတဲ့အချိန်အထိ ဆရာဝန်ကရောက်မလာ၊ တူတူးရဲ့အဖျားကလည်း မကျ၊ တူတူးပါးစပ်ကလည်း ကယောင် ကတမ်း လျှောက်ပြောနေတော့ ကျမတို့အားလုံး စိုးရိမ်လာကြတယ်။

နေ့လည်လောက်မှာ ဆရာဝန်ရောက်လာပြီး စမ်းသပ်ခါ ဆေးတစ်လုံးတူတူးကို ထိုးပေးပါတယ်။ မနက် နေ့ လည် ည သောက်ရန်အတွက်လည်း စားဆေးတွေပေးပြီး ဆရာဝန်က “တကယ်လို့ မနက်ဖြန်အထိ အဖျား မကျဘူးဆိုရင် ထပ်လာခဲ့ပါ့မယ်” လို့ မေမေ့ကိုပြောပြီး ပြန်သွားပါတယ်။ မေမေနဲ့ကျမတို့ အလုပ်ရှုပ်နေချိန် မှာ ကူကူးကလည်း ကျောပူခေါင်းပူ ထလာပြန်တယ်။ တအီအီဖြစ်နေတဲ့ ကူကူးကို တစ်ခါပြန်ပြီး မေမေက ဂရုစိုက်ရပြန်ပါတယ်။ ကူကူးက နေမကောင်းတဲ့အတွက် ၊နှင်းကြည်ရဲ့လက်ပေါ်မှာလည်း သူ မနေပါ။ ၊နှင်းကြည်ချီလိုက်တိုင်း သူ့ရဲ့ခန္ဓာကိုယ်လေးကို ကော့လှန်လိုက်ပြီး လျောလျောချကာ မေမေ့ဆီပဲ ငိုငိုယိုယို နဲ့ ဇွတ်အတင်းထိုး လိုက်နေတဲ့အတွက် မေမေလည်း တစ်ပူကနေ နှစ်ပူဖြစ်လာပါတယ်။ ခရီးသွားနေတဲ့ ၊ဖေဖေ့ကိုလည်း အိမ်ရဲ့ အပူတွေ မကူးစက်လိုတာကြောင့် အဖြစ်အပျက်တွေကို အကြောင်းမကြားတော့ပါ။ ကျမနဲ့မေမေ လူမမာနှစ်ယောက်နဲ့ ဒေါင်ချာစိုင်းနေပါတော့တယ်။ ညဖက်ရောက်တော့ တူတူးရဲ့ ဘေးတစ် ဖက်တစ်ချက်ဆီမှာ အစ်ကိုနဲ့ကျမတို့ တူတူးကိုစောင့်ရင်း အိပ်ပျော်သွားကြတယ်။ တူးမာတစ်ယောက် ကတော့ မေမေနဲ့အတူ ကူကူးနားမှာ သွားစောင့်အိပ်ပါတယ်။ မနက်မိုးလင်းတဲ့အခါမှာတော့ ကျမခေါင်းတွေ တစ်ခုလုံး ပေါက်ကွဲတော့မလို ခံစားနေရပြီး တစ်ကိုယ်လုံးလည်း မီးပုံထဲရောက်နေသလို ပူလောင်နေကာ အိပ်ယာကနေ လန့်နိုးလာပါတယ်။ တူးတူးကို ကမန်းကတန်း စမ်းကြည့်လိုက်တော့ ငြိမ်သက်နေပြီး အပူက ယမန်နေ့ကအတိုင်းပင် လျော့မသွားပါ။ ဆေးတွေတိုက် ဆေးတွေထိုးပေးနေသော်လည်း သက်သာပုံမရပါ။ တူတူးရဲ့ နောက်တစ်ဖက်မှာ အိပ်နေတဲ့ အစ်ကို့ကို ကျမလှမ်းပြီး နှိုးပါတယ်။

“ကိုကို ကိုကို ထ ထ၊ လုလုတော့ နေလို့မကောင်းဘူး မေမေ့ကို သွားပြောပေးပါအုံး” လို့ ပြောတော့ အစ်ကို က မျက်လုံးဖွင့်ကြည့်ပြီး “ကိုကိုလည်း နေမကောင်းဘူး လုလုရာ တစ်ကိုယ်လုံးလည်း နာနေတာပဲ” လို့ ကျမကိုပြန်ပြောပါတယ်။ ကျမလည်း အားယူပြီး ကျုံးအထမှာ မိုက်ခနဲဖြစ်သွားပြီး အရာရာဟာ မှောင်မိုက် သွားပါတော့တယ်။ ဘယ်လောက်ကြာကြာ ကျမအိပ်ပျော်နေတယ်ဆိုတာ မသိပါဘူး ကျမနိုးလာတဲ့အခါ မှာတော့ ဖေဖေ့ကို အရင်ဆုံးတွေ့ရလို မေမေ တူးမာ နဲ့ ဆရာဝန်ကိုလည်း ကျမတွေ့ရပါတယ်။ တူတူးဖက် ကို စောင်းကြည့်လိုက်တော့ တူတူးလည်း မူလအတိုင်း ပက်လက်လေးအိပ်ပျော်နေပြီး တူတူးဘေးဖက်မှာ အစ်ကိုလည်း အလားတူ အိပ်ပျော်နေပါတယ်။ ဖေဖေက“လုလု သတိရပြီလား” လို့မေးတော့ ကျမက “ဟုတ်” ဟူသော စကားတစ်လုံးကို မနည်းအားယူပြီး လေသံလေးနဲ့ပြန်ဖြေခဲ့ပါတယ်။ ပြန်ပြီးမှေးကနဲ ပျော် သွားပါတယ်။ နောက်တစ်ကြိမ်နိုးလာချိန်မှာတော့ မျက်လုံးကိုဖွင့်နိုင်ဖို့ပင် ခက်ခဲနေတာကြောင့် ငြိမ်နေ ချိန်မှာတော့ ဖေဖေ့အသံက နားထဲရောက်လာပါတယ်။“ ဒီလိုဆိုရင်တော့ ဒီညပဲ သုံးယောက်စလုံးကို သထုံဆေးရုံကို တင်မှဖြစ်မယ်” ဆိုတဲ့အသံကြားပြီး ကျမပြန်အိပ်ပျော်သွားပြန်တယ်။

ကျမသတိရလာတဲ့အခါမှာတော့ ကျမတို့ မောင်နှမသုံးယောက်စလုံး ဆေးရုံကိုရောက်နေကြပါတယ်။ ကျမရဲ ညာဖက်ကုတင်မှာ တူတူးကိုတွေ့ရပြီး တူတူရဲ့ ဘေးကုတင်မှာ အစ်ကိုဖြစ်သူကို တွေ့ရပါတယ်။ မောင်နှမ သုံးယောက်စလုံး သထုံဆေးရုံကို ရောက်နေတာပဲဖြစ်မယ်လို့ ကျမခန့်မှန်းမိပါတယ်။ ကျမရဲ့ တစ်ကိုယ်လုံး ကို အလေးတစ်ခုခုဆွဲထားသလို လေးလံနေပါတော့တယ်။ ခေါင်းကိုက်ဝေဒနာကလည်း ဖိစီးနေတာမို့ အခံရ ခက်နေပါတယ်။ သူနာပြု ဆရာမကို ကျမတို့မောင်နှမသုံးယောက်အတွက် သီးသန့်ထားပေးထားပါတယ်။ ကျမတို့ မောင်နှမသုံးယောက်ကို ကြည့်ပြီး ဖေဖေရဲ့ မျက်နှာဟာ မှိုင်တွေနေပြီး စိတ်မကောင်းဖြစ်နေပုံရ ပါတယ်။ အစ်ကိုဖြစ်သူရဲ့ ညည်းတွားသံကိုလည်း ကျမကြားနေရသလို တူတူးရဲ့ ကယောင်ကတမ်း ပြောသံ ကိုလည်း စိတ်မကောင်းစွာ ကြားနေရပါတယ်။ ကိုယ်တိုင်ကလည်း မထနိုင်တာမို့ အစ်ကိုနဲ့မောင်လေးကို ကျမ ဘာမှ လုပ်ပေးနိုင်စွမ်းမရှိပါဘူး။ နေ့လည် မေမေ၊ ညီမလေး တူးမာတို့ ထမင်းချိုင့်နဲ့ ဆန်ပြုတ်လာပို့ ပါတယ်။ ဖေဖေလည်း ခရီးကမထွက်မဖြစ် ထွက်ရမှာမို့ ကျမတို့ လူမမာသုံးယောက်ကို မေမေထိန်းသိမ်းဖို့ မဖြစ်နိုငတာမို့ ရန်ကုန်ကိုပြန်ရောက်နေပြီဖြစ်တဲ့ ဖွားဖွားတို့ကို အကြောင်းကြားပြီး ခေါ်လိုက်ပါတယ်။ သတင်းရလျှင် ရခြင်းပဲ ဖွားဖွားနဲ့ အဒေါ်တွေရောက်လာကြပါတယ်။ ရက်တွေကြာလာပေမယ့်လည်း ကျမတို့မောင်နှမသုံးယောက်ရဲ့ အခြေအနေဟာ ကောင်းမွန်လာခြင်း မဖြစ်တဲ့အပြင် တစ်နေ့တစ်ခြား ပိုမိုဆုတ်ယုတ်၍ လာပါတော့တယ်။ အပေါ့အပါးသွားတာက အစ လူတွဲပေးမှသာ သွားနိုင်တဲ့အခြေအနေ မျိုးဖြစ်ပြီး မောင်လေးတူတူးကိုကြည့်လျှင် ဒူးနှစ်လုံးသာမြင်နိုင်လောက်အောင် ပိန်ချုံးလာပါတယ်။ လူမမာ သုံးယောက်စလုံး အရိုးပေါ်အရည်တင်တဲ့ အခြေအနေကို ဆိုက်ရောက်လို့နေပါတော့တယ်။

သထုံဆေးရုံမှာ ၁လခွဲကြာလာတဲ့တစ်နေ့မှာတော့ ကျမတို့မောင်နှမသုံးယောက်ကို အခန်းကျယ်ကြီး တစ်ခန်းသို့ ရွှေ့ပေးပါတယ်။ အဲဒီအချိန်မှာတော့ ကျမတို့သုံးယောက်စလုံး လမ်းပင်မလျှောက်နိုင်တော့ပါ။ သုံးယောက်စလုံး အသက်ကို ဖုတ်လိုက်ဖုတ်လိုက် ရှူနေရတဲ့အချိန်ပါ။ ဖေဖေလည်း ခရီးကရောက်မဆိုက် ၊ဆေးရုံသို့အပြေးအလွှားရောက်လာပါတယ်။ သုံးယောက်စလုံး မျက်လုံးပင်မဖွင့်နိုင်တော့ပဲ မှိန်းနေကြပါ တယ်။ ပထမတော့ ကျမတို့ကို ရွှေ့ပေးလိုက်တဲ့ အခန်းကို မသိပေမယ့် တဖြည်းဖြည်းနဲ့သိလာပါတယ်။ ကျမတို့ကို ထားတဲ့အခန်းကျယ်ကြီးထဲက လူနာတွေဟာ ဆရာဝန်လက်လျှော့လိုက်တဲ့ လူနာတွေဖြစ်တယ် ဆိုတာ သိရတဲ့အခါမှာတော့ ငါလည်းသေရတော့မှာပါလား ဆိုတဲ့ အသိစိတ်ကျမခေါင်းထဲကို တိုးဝင်လာပေ မယ့် ကြောက်စိတ်လည်းမရှိပါ အသက်ကိုသာ ပြင်းပြင်းရှူနေရတဲ့အာရုံမှတစ်ပါး ဘာမှထွေထွေထူးထူးလည်း မစဉ်းစားမတွေးတောနိုင်ပါ။ ကျမရဲ့ အစ်ကိုလည်း ကျမသို့နှယ်ဖြစ်ပါလိမ့်မယ်။ ကျမတို့မောင်နှမ သုံးဦးရဲ့ အိပ်ပျော်နေတဲ့အချိန်ဟာ သတိရတဲ့အချိန်ထက် ပိုများလာပါတယ်။ အသံလည်း လုံးဝမထွက်ကြတော့ပါ။ တစ်ခါတစ်ရံ ကျမရဲ့နားထဲမှာ ဆူညံသံကြောင့် လန့်နိုးလာတဲ့အခါမှာ ကျမမျက်စိရှေ့မှာ ပိတ်ဖြူနဲ့ခေါင်းမြီးခြုံ ထားတဲ့ အလောင်းကို ဆေးရုံကလူနှစ်ယောက်က တွန်းသွားတဲ့ တွန်းလှည်းကို မြင်ရပါတယ်။ ဖွားဖွားတို့က ကျမတို့မောင်နှမသုံးယောက်ကို နေ့တိုင်းလာကြည့်သလို မေမေနဲ့တူးမာလည်း နောက်ပိုင်းမှာ ဆန်ပြုတ်ယူ လာခြင်းမရှိတော့ပါဘူး။ ကျမတို့မောင်နှမသုံးယောက်စလုံး အစာလုံးဝမဝင်တော့သည့် အခြေ အနေကြောင့် ပါ။

တစ်နေ့ ဖေဖေ့သူငယ်ချင်း ဒေါက်တာသာလှိုင် ဖေဖေ့ရဲ့ဖိတ်ခေါ်မှုကြောင့် ရန်ကုန်မြို့ကနေ ရောက်လာပါ တယ်။ ကျမတို့မောင်နှမတွေရှိတဲ့ အခန်းထဲကို ဖေဖေနဲ့အတူ ဝင်လာပြီး ကျမတို့မောင်နှမ သုံးယောက်ကို စမ်းသပ်ပါတယ်။ အဲဒီနေ့မှာပဲ ဒေါက်တာက ကျမတို့သုံးယောက်ကို သီးသန့်ခန်းတစ်ခန်းကို ရွှေ့စေပြီး သူ ကိုယ်တိုင် ကျမတို့နဲ့အတူ ဆေးရုံမှာပဲနေပြီး ကုသမှုစတင်ပါတယ်။ ဘယ်လိုတွေ ကုသတယ်ဆိုတဲ့ အသေး စိတ်တော့ ကျမလည်း မမှတ်မိတော့ပါဘူး။ ကျမတို့မောင်နှမသုံးယောက်ဖြစ်တာဟာ တိုက်ဖိုက်လို့ခေါ်တဲ့ အူယောင်ငန်းဖျား ဖြစ်ပြီး နေ့စဉ်အစာဝင်နေတာမို့ ရောဂါဟာ မပျောက်သည့်အပြင် ပို၍ဆိုးလာတာလို့ သိရ ပါတယ်။ နောက်ဆုံးအခြေအနေအထိ ရောက်ခဲ့တဲ့ကျမတို့ မောင်နှမသုံးယောက်ဟာ သေကံမရောက် သက် မပျောက်ပဲ နှစ်ပတ်ကြာတဲ့အခါမှာ ပြန်ပြီးထူထူထောင်ထောင်ဖြစ်လာပါတော့တယ်။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz