x

22.6.11

လားရှိုးမှကျောက်မဲသို့



မကြာခင် နွေရာသီကျောင်းပိတ်ရက် ကုန်ဆုံးသွားလို့ ကျမအစ်ကိုလည်း မန္တလေးဘော်ဒါကျောင်းကို ပြန် သွားရသလို ကျမတို့လည်း ကျောင်းပြန်တက်နေရပါပြီ။ တူတူးကတော့ အဲဒီအချိန်မှာ အသက် ၅နှစ်ပြည့် ခဲ့ပြီမို့ သူငယ်တန်းကို စတက်ရပါတယ်။ ကျမတို့မောင်နှ သုံးယောက်ကျောင်းသွားပြီဆိုရင် အိမ်မှာ မေမေ၊ ကူကူး၊ ပူစူးမ၊ နှင်းကြည်နဲ့ အီဒစ်တို့ ကျန်ခဲ့ပါတယ်။ ကျမတို့လားရှိုးကို ပြောင်းလာပြီး ၆လပင်မပြည့်သေး ဖွားဖွားနဲ့ အဒေါ်တွေ လိုက်လာကြပြီး ဖွားဖွားက သူတို့ပြန်ရင် ကျမတို့ မောင်နှမသုံးယောက်ကိုပါ တစ်ခါ တည်း ခေါ်သွားဖို့ရာ ဖေဖေ့ကိုခွင့်တောင်းတဲ့အခါ ဖေဖေက အထက် အောက် သားသမီးတွေ စိတ်ဝမ်းကွဲ ကုန်မှာစိုးတာရယ်။ ဖခင်တစ်ယောက်အနေနဲ့ သားသမီးကို တာဝန်မယူနိုင်တဲ့ ဖခင်တစ်ယောက် အဖြစ် မခံနိုင်တာကြောင့် ဖွားဖွားတို့ရဲ့ ဆန္ဒကို ငြင်းဆိုခဲ့ပါတယ်။ ဖွားဖွားလည်း ပြောမရတဲ့အဆုံး ရန်ကုန်ကို ပြန် သွားပါတယ်။ ကျမတို့နေတဲ့အိမ်နဲ့ မလှမ်းမကမ်းမှာ ဦးသောင်းစိန်ဆိုတဲ့ ပညာရေးမှူးနဲ့ ဇနီးဖြစ်သူ အန်တီ ဂရေးလုံ၊ သူ့သမီးဟယ်လင်တို့ မိသားစုနေပြီး အိမ်နှစ်အိမ်လည်း မကြာခင် မိတ်ဆွေများဖြစ်သွားကြပါတယ်။ တစ်ခါတစ်ရံ ကျောင်းပိတ်ရက်တွေကို ဟယ်လင့်ဆီမှာ သွားပြီး ကျောင်းစာကြည့်တတ်သလို ဟယ်လင်က ကျမဆီလာပြီး စာကြည့်တတ်ပါတယ်။ ဒါပေမယ့် ဖေဖေ မေမေတို့က ကျမတို့ကို တခြားအိမ် သွားလည်တာ မျိုးကို မနှစ်သက်တာကြောင့် နောက်ပိုင်းမှာ ဟယ်လင်ပဲ ကျမဆီကို အလာများပါတယ်။


လာရှိုးသို့ပြောင်းရွှေ့လာပြီး တစ်နှစ်ပင် မပြည့်သေး ကျောက်မဲသို့ ထပ်မံပြောင်းရွှေ့ရန်အတွက် ဖေဖေ့ထံ သတင်းရောက်လာပြန်တယ်။ ကျိုက်ထိုမှလားရှိုးသို့ ပြောင်းရွှေ့လာစဉ်ကကဲ့သို့ ကျမတို့တစ်တွေ ထုပ်ပိုး ရပြန်ပေါ့။ ဒီတစ်ခေါက်တော့ ကျမအရင်လောက် အလုပ်မရှုပ်ပါ။ နှင်းကြည်၊ အီဒစ်တို့အပြင် ဟယ်လင်တို့ ကလည်း ကျမတို့ ပစ္စည်းထုပ်ပိုးတာကို လာပြီးကူညီလုပ်ကိုင်ပေးသလို ဖေဖေ့တပည့်တွေလည်း လာရောက် ကူညီပေးကြပါတယ်။ ကျမတို့ မောင်နှမသုံးယောက်ကို ကျောင်းပြောင်းရန်အတွက် ကျောင်းထွက်လက်မှတ် ကို ဖေဖေ့တပည့်တစ်ယောက်က လုပ်ပေးပါတယ်။ ပြောင်းရွှေ့ရန်အတွက် ခရီးမထွက်ခင် တစ်ရက်မှာ ကျမခေါင်းကြီးကိုက် ရောဂါဖြစ်တဲ့အတွက် အိပ်ယာထဲမှာ ခွေနေရပြီး ဘာအလုပ်မှ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပါ။ ခေါင်းကြီးကိုက်ရောဂါရဲ့ ပြင်းထန်မှုကြောင့် ထင်ပါတယ်။ လားရှိုးမှကျောက်မဲသို့ ပြောင်းရွှေ့ခဲ့ ပုံရဲ့ တစ်စိတ်တစ်ဒေသ အပိုင်းလေးကို ကျမရဲ့ ဦးနှောက်မှာ ဘယ်လိုမှ ပြန်ဖော်ထုတ်လို့မရပါဘူး။ ကျမ သတိရသလောက်ကတော့ ကျောက်မဲကို ရောက်ရောက်ခြင်း ကျမကုတင်တစ်ခုမှာ လှဲရင်းအိပ်ပျော်သွားပါ တယ်။ အိပ်ယာက နိုးလာတဲ့အခါမှာတော့ ခေါင်းကိုက်ဝေဒနာ ပျောက်နေပါပြီ ဒါကြောင့် ကျောက်မဲအိမ်ကို လိုက်ကြည့်တဲ့အခါ တစ်ထပ်ပျဉ်ထောင်အိမ်ကို ကျယ်ကျယ်ပြန့်ပြန့်လေး ဆောက်ထားပြီး ခြံကလည်း အတော်လေးကျယ်ပါတယ်။ ခြံထဲမှာ ပန်းပေါင်းစုံ စိုက်ပျိုးထားတာ တွေ့ရပါတယ်။ အိမ်ရဲ့နောက်ဖက်မှာ အလုပ်သမား တန်းလျားတစ်ခုရှိပြီး ခြံစိုက်သူ ကားမောင်းသူ မိသားစုတို့နေကြပါတယ်။ ကြက်ခြံ ဝက်ခြံ တို့ကိုလည်း တွေ့ရပါတယ်။

ကူကူးလည်း ပြေးလွှားဆော့ကစားနိုင်တဲ့အရွယ်ကို ရောက်လာသလို ပူစူးမလေးလည်း ထိုင်နိုင်တဲ့အရွယ် ကို ရောက်လာသည့်အခါမှာ စနေနေ့ညလိုမျိး ဖေဖေအလုပ်အားတယ်ဆိုရင် ကျမတို့မိသားစုအားလုံး ဂျစ်ကားနဲ့ ကျောက်မဲမြို့လယ်ရှိ ရုပ်ရှင်ရုံကိုဖေဖေက လိုက်ပို့ပေးပါတယ်။ ကျမတို့နေတဲ့နေရာနဲ့ ကျောက်မဲ မြို့ထဲကို မိနစ်(၃၀)ခန့်သွားရပြီး လမ်းခုလတ်မှာ ထုံးသုတ်ထားတဲ့ စေတီဖွေးဖွေးတစ်ဆူကို ဖြတ်သွားရလေ့ ရှိပါတယ်။ အဲဒီအချိန်ကာလက ကျမ ဗုဒ္ဓဘာသာမဟုတ်သေးပါ။ ဖေဖေက ဗုဒ္ဓဘာသာ မေမေက ခရိယာန်၊ ကျမနေခဲ့တဲ့ကျောင်းတွေကလည်း ခရိယာန်ကျောင်းများပင်။ ဒီလိုမိဘနှစ်ပါးက ပေါက်ဖွားခဲ့ပြီး ဟိုမရောက် ဒီမရောက် အသက်အရွယ်မှာပင် ဗုဒ္ဓဘာသာထဲသို့ ဝင်ခါစ မွေးမေမေက ဆုံးခဲ့တယ်။ လက်ရှိ ကျွေးမေမေ ကလည်း ယခင်မွေးမေမေနဲ့ နာမည်တူ ဘာသာတူ ဖြစ်တာကြောင့် ကျမတို့မောင်နှမတွေဟာ မိရိုးဖလာ ကိုးကွယ်ရတဲ့ ဘာသာဝင်လည်း မဟုတ်။ ယုံကြည်ချက် ခံယူချက်ကြောင့် ကိုးကွယ်ရတဲ့ ဘာသာဝင်လည်း မဟုတ်ပဲ။ မေမေဘုရားကျောင်းသွားရင် လိုက်သွားတတ်ပေမယ့် ဘာခံယူချက်မှ မရှိခဲ့ပါဘူး။ ဘာသာရေးမှာ ဟိုမရောက်သည်မရောက် ဖြစ်နေချိန်ပါ။

ကျမအတွက် ထူးခြားချက်တစ်ခု ရှိခဲ့ပါတယ်။ အိမ်ကနေ ကျောက်မဲမြို့ထဲကို သွားတိုင်း ထုံးဖွေးဖွေးစေတီကို  ၊ဖြတ်ရပြီး ဖြတ်တိုင်းလည်း ကျမရတဲ့မုန့်ဖိုးထဲကနေ ၂၅ပြားဖြစ်စေ ၁၀ပြားဖြစ်စေ ကျမအမြဲလှူပါတယ်။ အလိုလိုနေရင်း အဲဒီဘုရားနားရောက်ရင် လှူချင်စိတ်က တားမရအောင် ပေါ်လာတာကြောင့် သွားတိုင်း လှူ ဖြစ်ခဲ့ပါတယ်။ အဲဒီအသက်အရွယ် အချိန်ကာလတုန်းက ကျမ ဘာကြောင့်လှူတယ်ဆိုတာကို ကိုယ်တိုင် မသိခဲ့ပါဘူး။ ဘုရားရှိခိုးကျောင်းကို တနင်္ဂနွေနေ့တွေမှာ မေမေနဲ့လိုက်သွားတိုင်း အလှူငွေထည့်ပါတယ်။ ထည့်တိုင်းလည်း ကျမမှာရှိတဲ့မုန့်ဖိုးကို တစ်ဝက်ထည့်ပြီး ကျန်တစ်ဝက်ကို ထုံးဖွေးဖွေးနဲ့စေတီလေးအတွက် အမြဲချန်ထားတတ်ပါတယ်။ ကျမအသက် ၂၀ နှစ်ကျော်မှသာ ဗုဒ္ဓဘာသာကို ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ကူးပြောင်းလာခြင်း ဖြစ်သလို ကျမတို့မောင်နှမတွေဟာ မိမိခံယူချက်နဲ့ မိမိနှစ်သက် ယုံကြည်ရာဘာသာကို လွတ်လပ်စွာ ကိုးကွယ်ကြပါတယ်။ မိဘတွေကဘာသာရေးနဲ့ပတ်သက်ပြီး ပိတ်ပင်တားမြစ်တာမျိုး မရှိခဲ့ပါ။

မနက်စောစော ကျောက်မဲမြို့ထဲကို မေမေနဲ့ ဟင်းစားအတွက် ဈေးသွားဝယ်တိုင်း ခေါပုတ်(သို့) တို့ဟူးနွေး (သို့) တို့ဟူးတုံးအဖြူ တို့ကို အမြဲဝယ်ပါတယ်။ ကျမတို့ တစ်အိမ်လုံး ရှမ်းစာကို နှစ်သက်သလို ကျမစားဖူး သမျှ ခေါပုတ်တွေထဲမှာ ကျောက်မဲမြို့မှာ ကျမစားခဲ့ဖူးတဲ့ ခေါပုတ်လောက် အရသာရှိပြီး နူးညံ့တဲ့ခေါပုတ် မျိုး နောက်ထပ်မတွေ့ဖူးသေးပါဘူး။ ကျမရဲ့ ချက်ပြုတ်ရေးအလုပ်တွေကို ရက်အနည်းငယ်ပဲလုပ်ရပြီး နောက် ပိုင်းမလုပ်ရတော့ပါဘူး။ ချက်ပြုတ်တာဝန်ကို အနောက်တန်းလျားမှာနေတဲ့ အဒေါ်ကြီးတွေက ဆက်ပြီး ချက်ပြုတ်ပေးတဲ့အတွက် ဖြစ်ပါတယ်။ ကလေးတွေရဲ့ တာဝန်ကျတော့လည်း နှင်းကြည်နဲ့အီဒစ်တို့ကတာဝန် ယူထားရတာကြောင့် ကျမကအိမ်ကိုထိန်းသိမ်း စောင့်ရှောက်ရတဲ့တာဝန်ကို ယူရပါတယ်။ သန့်ရှင်းရေး၊ ချက်ပြုတ်တဲ့သူတွေ အဆင်ပြေမပြေ၊ ကလေးထိန်းတွေဘာလိုလဲကအစ မေမေကမေးရင်ဖြေနိုင်အောင် လိုက်လိုက်မေးထားပြီး မှတ်ထားရပါတယ်။ အဲဒီလို အသက် ငယ်ရွယ်စဉ်မှာပဲ စည်းကမ်းစနစ်တကျနဲ့ စီမံ ကွပ်ကဲခဲ့ရတဲ့ အကျိုးဆက်ကတော့ ကျမဘဝ တိုးတက်မှုအတွက် လမ်းစပဲဖြစ်ခဲ့ပါတယ်။ ကျောက်မဲမှာ ကျမတို့မိသားစု နှစ်နှစ်နေခဲ့ရပြီး မန္တလေးတောင်ခြေရင်းကို ပြောင်းရွှေ့ခဲ့ရပြန်ပါတယ်။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz