x

24.6.11

တစ်ဝဲလည်လည်



ကျောက်မဲကနေ ကျမတို့မိသားစု မန္တလေးဖက် ၊ပြောင်းရတော့မယ် ဆိုတော့မြူနှင်းတွေ အုပ်ဆိုင်းနေတဲ့ ၊တောင်တန်းကြီးတွေနဲ့ သဘာဝရှုခင်းတွေကို ကျမတွေ့ရဖို့တော့ ဝေးပြီဆိုပြီး စိတ်မကောင်းဖြစ်မိခဲ့ပါတယ်။ ဘယ်တတ်နိုင်မလဲလေ ဖေဖေ့ရဲ့အရိပ်ကို ခိုနေရတဲ့ ကျမတို့အဖို့ မိမိပျော်ရာဒေသမှာ နေခဲ့လို့မှမရတော့ ဖခင်နောက်ကိုသာ လိုက်ရမယ် မဟုတ်ပါလား။ ရှမ်းပြည်တစ်ခွင်မှာ နေခဲ့ရတဲ့အချိန်လေးတွေကို ကုန်မြန် လွန်းတယ်လို့ ထင်ခဲ့မိသလို ရှမ်းပြည်ဖက်ကိုလည်း တစ်နေ့နေ့တစ်ချိန်ချိန် ၊ပြန်ရောက်ပါစေရယ်လို့ ကျမ ကြုံရင်ကြုံသလို လှူခဲ့တဲ့ ထုံးဖွေးဖွေးစေတီလေးကို အာရုံပြုပြီး ဆုတောင်းခဲ့မိတယ်။


ကျမတို့မိသားစု နေထိုင်ဖို့ရာ မန္တလေးတောင်ခြေရင်းနားက တိုက်ခန်းလေးတစ်ခန်းရတယ်။ မန္တလေး ကို ပြောင်းလာရတာကို ပျော်တဲ့အချက်တစ်ချက်ကတော့ ကျမရဲ့ အစ်ကိုနဲ့အရင်လို ခွဲပြီးမနေရတော့ဘူးဆို တဲ့ အသိစိတ်ကြောင့်ပျော်မိတယ်။ အတိတ်ကအဖြစ်အပျက်ကလေးတွေလည်း အလိုလိုခေါင်းထဲဝင်လာတဲ့ အတွက် ကျမအစ်ကိုရဲ့ ကျောင်းပိတ်ရက် တစ်ရက်မှာ အရင်နေခဲ့ဖူးတဲ့ အိမ်ကြီးကို သွားကြည့်ဖို့ဖေဖေ့ကို အစ်ကိုက ခွင့်တောင်းတယ်။ ဝင်းလက်နေတဲ့ ဖေဖေရဲ့ မျက်နှာ တမဟုတ်ခြင်း ညှိုးနွမ်းသွားတာကိုတွေ့ရ တဲ့အခါမှာတော့ “ဒီလိုဆိုလည်း မသွားတော့ဘူးလေ ဘာရယ်လို့မဟုတ်ပါဘူး ဖေဖေရဲ့ ကိုယ်နေခဲ့အိမ် ကြည့်ချင်ရုံ သက်သက်ပါ” လို့ ကျမက ပြာပြာသလဲ ဖေဖေ့ကို ပြန်ပြောလိုက်တော့ ဖေဖေက “သွားချင်သွား ကြလေ သိတ်တော့မကြာနဲ့နော် ခြံအပြင်ကပဲကြည့်ပေါ့ ခြံထဲဝင်ရင် သူများတွေ အားနာစရာကောင်းပါ တယ်” လို့ ပြောတာကြောင့် ကျမတို့မောင်နှမ သုံးယောက် အစ်ကို၊ ကျမနဲ့ တူးမာတို့ ကားပေါ်တက်မယ် လုပ်တုန်း “တူတူးလည်း လိုက်မယ် တူတူးလည်း လိုက်မယ်” ဆိုပြီး ပြေးလာတာကြောင့် တူတူးကိုပါ ကျမ တို့ ခေါ်သွားကြပါတယ်။ နန်းတွင်း အရှေ့ဖက်မုဒ်ဦးတံခါးပေါက်က ဝင်ခဲ့ကြပြီး ကျမတို့မေမေ ဖွားဖွား အဒေါ်တွေနဲ့ အတူနေခဲ့တဲ့ အိမ်ကြီးအရှေ့ကို ရောက်ခဲ့တယ်။ ကျမတို့ ကစားခဲ့တဲ့ နေရာဟောင်းလေးတွေ တက်ခဲ့တဲ့ မန်ကျည်းပင်တွေ သူခိုး ပုလိပ်တန်း ကစားခဲ့တဲ့ တောင်ကုန်းလေးတွေကို မြင်ရတဲ့အခါမှာ စိတ်ထဲ မှာ ဖော်ပြလို့မရတဲ့ ဝမ်းနည်းကြေကွဲလွမ်းဆွေးမှုလေးတွေ တင်္ဒဂ စိုးမိုးလာခဲ့ပါတယ်။ ‘အော် ဒါကြောင့်ဖေဖေ က မသွားစေချင်တာကိုး’ လို့ စိတ်မှာပေါ်လာတယ်။ တူတူးကတော့ ဘာမှမှတ်မိပုံမရပါ။ ကားပေါ်မှာသီချင်း ကိုအော်ဆိုနေပါတယ်။ ကျမတို့နေခဲ့တဲ့အိမ်ကနေ ကျောင်းပိတ်ရက်တွေမှာ သွားကစား ဖူးတဲ့ ဗုတ္တလုတ်ကံ ကိုပါ တစ်ပတ်ပတ်ကြည့်ပြီး အိမ်ကိုပြန်လာခဲ့ပါတယ်။

မန္တလေးကို ပြောင်းပြီး နှစ်လခန့် အချိန်ကြာလာသည်အထိ အစ်ကိုဖြစ်သူကို အိမ်သို့ပြန်မခေါ်သေးသလို ၊မေမေက ထုပ်ပိုးထားတဲ့ ပစ္စည်းတွေကို ပြန်ဖွင့်ခြင်းမရှိပါ။ ကျမက မီးဖိုချောင် ထုပ်ပိုးပစ္စည်းတွေကို ဖွင့်ဖို့ လုပ်တိုင်း မေမေကမဖွင့်နဲ့အုံး ခနနေအုံးနဲ့ပဲ အချိန်တွေကုန်လွန်နေပါတယ်။ မနက်စာ ညစာကိုတော့ ကျမ တို့အိမ်နဲ့ သုံးအိမ်ကျော်လောက်မှာရှိတဲ့ ဖေဖေ့မိတ်ဆွေ ဦးလေးခင်မောင်မောင်နဲ့ ဒေါ်လေးမြတို့အိမ်ကို ပုံမှန်သွားသွားစားရပါတယ်။ ဦးလေးနဲ့ဒေါ်လေးတို့မှာ သားသမီးမရှိတဲ့အတွက် အိမ်ကအမြဲလိုလို တိတ် ဆိတ်နေပါတယ်။ တစ်နေ့ ညနေဖေဖေက “ဒီအိမ်မှာက ခနပဲနေမှာ ဖေဖေတို့ ပြောင်းရမဲ့နေရာက တာချီလိတ် နောက်တစ်ပါတ်ဆို ပြောင်းတော့မယ်” လို့ပြောတော့ ကျမက “တာချီလိတ်ဆိုတာ ဘယ်မှာလဲ” လို့ ဖေဖေ့ကိုပြန်မေးပါတယ်။ ဖေဖေက “ရှမ်းပြည်ဖက်မှာပဲလေ ယိုးဒယားနယ်စပ်မှာပေါ့ တံတားလေးပဲ  အလယ်မှာခြားတာ တံတားကျော်တာနဲ့ ယိုးဒယားနိုင်ငံထဲကိုရောက်တာ” လို့ပြန်ရှင်းပြရင်း “လောလော ဆယ်သုံးတဲ့ ပစ္စည်းတွေလည်း သေချာပြန်ထုပ်ပိုးကြအုံးနော် အချိန်ကသိတ်မရှိတော့ဘူး” လို့မေမေ့ကို ကြည့်ပြီး ပြောပါတယ်။ ဒါကြောင့်ကျမရဲ့ အစ်ကို ကျမတို့ဆီ ပြန်လာပြီးမနေတာပဲလို့သိလိုက်ပါတယ်။ ဒါဆိုရင် ကျောက်မဲက ထုံးဖြူစေတီလေးမှာ လှူခဲ့တဲ့အလှူ တောင်းတဲ့ဆုဟာ မထင်မှတ်ပဲ ပြည့်လာတယ် ဆိုပြီး ဝမ်းသာနေမိတယ်။

တစ်ရက် နှစ်ရက် သုံးရက် တဖြည်းဖြည်းနဲ့ ကျမတို့ တာချီလိတ်ကိုပြောင်းဖို့ရက် နီးကပ်လာတာနဲ့အမျှ မန္တလေးမှာ ရှိတဲ့ဖေဖေ့မိတ်ဆွေ မေမေ့မိတ်ဆွေအိမ်တွေကနေ တစ်လှည့်စီ ထမင်းစားဖိတ်ကြွေးရာကို သွားစားရင်းနဲ့ ပြောင်းရွှေ့မဲ့ရက်ကို ရောက်လာပါတယ်။ ကျမတို့ဒီတစ်ခါ ခရီးသွားရင် အရင်လို ကားနဲ့ ရထားနဲ့ မဟုတ်တော့ပဲ လေယာဉ်ခရီးစဉ်နဲ့ သွားရမယ်လို့ ဖေဖေစပြောတဲ့နေ့ကစပြီး မောင်နှမတွေ အားလုံး တစ်ကြိမ်တစ်ခါမျှ မစီးဖူးသော လေယာဉ်ပျံကြီးကို စီးရတော့မယ်ဆိုပြီး စကားကြုံတိုင်းမောင်နှမ တစ်တွေ ဝိုင်းဖွဲ့ပြောကြပြီး အပျော်ကြီး ပျော်နေကြရင်း ခရီးသွားမဲ့ရက်ကိုရောက်လာပါတယ်။

မနက်စာ ကော်ဖီနဲ့မုန့်စားပြီးချိန်မှာ ကျမတို့လေယာဉ်ကွင်းကို ဆင်းကြပါတယ်။ ကျမတို့စီးမဲ့လေယာဉ်ဟာ တာချီလိတ်ကို တစ်လလျှင် တစ်ကြိမ်သာထွက်ပြီး လတိုင်း (၈) ရက်နေ့မှာထွက်တဲ့ ဒါကိုတာလေယာဉ် ပင်ဖြစ်ပါတယ်။ အခုခေတ်လေယာဉ်ပျံတွေလို ဇိမ်ကျကျ တစ်ခုံချင်းမဟုတ်ပဲ ဘေးတိုက်ခုံအရှည်ကြီး ဖြစ် ပါတယ်။ လူတွေအားလုံး လေယာဉ်ပေါ်မှာ ဘေးတိုက်ထိုင်ကြရပြီး ပတ်ဖို့ခါးပတ် ပါ မပါ ကျမ မမှတ်မိတော့ ပါဘူး။ လေယာဉ်ထွက်တာနဲ့ လူတိုင်း မိမိလဲပြိုကျမသွားအောင် တစ်ခုခုကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားရတာကို ကျမမှတ်မိပါသေးတယ်။ အချိန် ၃နာရီကျော်လောက် စီးရပြီး တာချီလိတ်မြို့ကို ကျမတို့ နေ့ လည်မှာ ရောက်ခဲ့ပါတယ်။ ကျမတို့ နေရတဲ့အိမ်က တော်တော်ကျယ်ပြီး တာချီလိတ်မြို့ရဲ့အလယ်မှာရှိပါ တယ်။ ယခင်က ထိုအိမ်ကို သစ်သီးယိုစုံ လုပ်ငန်းလုပ်တဲ့ ရှမ်းတရုတ် သူဌေးတစ်ယောက် ပိုင်ဆိုင်ပြီး ယိုးဒယားဖက်ကို အပြီးထွက်သွားတယ်လို့ သိရပါတယ်။ ဒါကြောင့်အဲဒီအိမ်ရဲ့ အောက်စတိုခန်းထဲမှာ သစ်သီးယိုစုံ အမျိုးမျိုးကို သေတ္တာအလိုက် သိုသိမ်းထားတာတွေ့ရပါတယ်။ ကျမတို့ကို နေရာထိုင်ခင်းကစပြီး အစစအရာရာကူညီတဲ့ ဦးလေးဘကြည် က ကျမတို့ကို သစ်သီးယိုများ ကြိုက်သလိုစားလို့ ရတယ်လို့ပြော သွားတဲ့အတွက် မောင်နှမတွေ စားချင်စိတ်ပေါ်လာတိုင်း သစ်သီးယိုထုတ်တွေကို သွားသွားယူပြီး စားကြပါ တယ်။ အိမ်ရဲ့ ပတ်လည်မှာတော့ လမြိုင်သီးပင်တွေ ပတ်ချာလည်ရှိပြီး လမြိုင်သီးတွေ သီးပြီဆိုရင် အိမ် အပေါ်ထပ်ကနေ လွယ်လွယ်ကူကူ ချွေယူပြီး စားလို့ရပါတယ်။ လမြိုင်သီးရဲ့ပုံစံက လိုက်ချီးစ်သီးကဲ့သို့ဖြစ်ပြီး အရသာကတော့ အချိုပေါ့ပြီး အရသာအနည်းငယ်ကွာပါတယ်။

ကျမတို့မောင်နှမတွေလည်း တာချီလိတ်အထက်တန်းကျောင်းမှာ စပြီးတက်ရတဲ့အချိန်မှာ ကျမတို့ရဲ့ အစ်ကို လည်း တာချီလိတ်မှာ ကျောင်းဆက်တက်ပါတယ်။ ပူစူးမက အသက် ၂နှစ်ရှိပြီး ကူကူးက ၃နှစ် မို့အိမ်မှာပဲ ကလေးထိန်းတွေနဲ့ နေခဲ့ရပါတယ်။ မေမေနောက်ထပ်မောင်လေးတစ်ယောက် ‘ဟတ်စကီး’ ကို တာချီလိတ် နေအိမ်မှာပဲ သူနာပြုဆရာမခေါ်ပြီး မွေးဖွားခဲ့ပါတယ်။ ဟတ်စကီး လေယာဉ်တွေ ပေါ်ခါစ အချိန်တွင် မွေးဖွားတဲ့အတွက် ဟတ်စကီးလို့ နာမည်ပေးခဲ့ခြင်းဖြစ်တယ်လို့ ဖေဖေကပြောပါတယ်။ ဟတ်စကီးကို မွေးလာတဲ့အခါမှာ ကူကူးရဲ့အထိန်းတော် နှင်းကြည်နဲ့ ပူစူးမရဲ့အထိန်းတော် အီဒစ်တို့ အရင်ထက်အလုပ်ပိုများလာပါတယ်။ ထမင်း ဟင်းချက်တဲ့တာဝန်ကိုတော့ ဦးလေးဘကြည်က ထမင်းချက် တစ်ယောက် ပေးထားတာမို့ ကျမအိမ်ပြန်ရောက်ရင် ဟတ်စကီးကို ထိမ်းတဲ့အလုပ်ပဲ လုပ်ရပါတယ်။ ဟတ်စကီးကို ချီထားရင် ခနလေးနဲ့ လက်ညောင်းပြီး ဘယ်လက်ကနေ ညာလက် ၊ ညာလက်ကနေဘယ်သို့ မကြာခန ပြောင်းချီရပါတယ်။ ပူစူးမကို ထိန်းစဉ်ကနဲ့ မတူပါဘူး။ မေမေမွေးတဲ့ အငယ်သုံးယောက်မှာ ဟတ်စကီးက အထွားဆုံးဖြစ်ပြီး မွေးစကပင် ၁၀ပေါင်ခန့်ရှိတယ်လို့ သူနာပြုဆရာမကပြောပါတယ်။ ဟတ်စကီးရဲ့ ညာဖက်လက်တစ်ချောင်းလုံး နီရဲနေပြီး မွေးရာပါအမှတ်ဖြစ်ပါတယ်။

တာချီလိတ်မှာ ကျမတို့နေစဉ်ကာလ ကျောင်းပိတ်ရက်များမှာ မေမေနဲ့ ယိုးဒယား တစ်ဖက်ကမ်းကို တစ်ခါ တစ်ရံဈေးဝယ် ထွက်ပါတယ်။ ကျမရောက်ဖူးတဲ့ ဆိုင်တွေကတော့ မယ်ဆိုင်၊ အိုပီ ဆိုတဲ့ ဆိုင်ကြီးနှစ်ဆိုင် နဲ့အခြား ဆိုင်သေးသေးလေးတွေဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရအောင် ကွာခြားနေပါပြီ။ ယိုးဒယားဖက်တွင် တာချီလိတ်မှ လှမ်းမြင်နေရသော တောင်ကုန်းလေးနဲ့ အတူစေတီ တစ်ဆူရှိပါတယ်။ ဦးအောင်ဇေယျ တည်ထားခဲ့တဲ့စေတီလို့လည်း သိရပါတယ်။ ထိုအချိန်က တိုးတက်မှု မရှိသေးသော ယိုးဒယားနိုင်ငံနယ်စပ်မှာ မြန်မာလူမျိုးများ ပုဆိုးကွက်များနှင့် ယိုးဒယားဖက်သို့ အလည်ပတ် လာခြင်း ခွင့်မပြုရခြင်း အကြောင်းရင်းမှာ ပုဆိုးကွက်များနဲ့ မြန်မာများကို ယိုးဒယားဖက်မှာမြင်လျှင် ယိုးဒယားလူမျိုးများ အထိတ်တလန့် ဖြစ်ကြသည်ဟူသော ပါးစပ်ရာဇဝင်ကြောင့်ဖြစ်ပါတယ်။

ကျမတို့ တာချီလိတ်မှာ အေးချမ်းစွာနေနေချိန်မှာတော့ ဖေဖေတစ်ယောက်က တပည့်များနဲ့အတူ တာချီလိတ်မှ (၂၉) မိုင်ဝေးသော တာလေရွာသို့ တစ်ပတ်ကို (၃) ရက်ခန့် သွားလိုက် လာလိုက် လုပ်နေရပါ တယ်။ ထိုစဉ်က လမ်းများမှာ ကြမ်းတမ်းလွန်းတဲ့အတွက် (၂၉) မိုင်ခရီးကို နေ့ဝက်ကျိုးအောင် သွားရပါ တယ်။ ဖေဖေ့ရဲ့ ပြောပြချက်အရ ကျမတို့ တာချီလိတ်မှာ တစ်နှစ်ခန့်နေပြီးလျှင် တာလေသို့ ပြောင်းရွှေ့ ရမယ်လို့ပြောပါတယ်။ ဘယ်လိုဖြစ်ဖြစ် ကျမတော့ပျော်ပါတယ် ကျမနှစ်သက်သဘောကျခဲ့တဲ့ ရှမ်းပြည်ရဲ့ အငွေ့အသက်တွေကို ကျမပြန်ထိတွေ့ခွင့်ရခဲ့သလို အဆုံးအစ မရှိတဲ့ ရှမ်းတောင်တန်းပြာကြီးတွေ အထဲမှာ ပဲ ကျမ တစ်ဝဲလည်လည်ရှိနေပြီ မဟုတ်ပါလား။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz