x

25.6.11

မုန့်ဟင်းခါးနဲ့နှုတ်ဆက်ပွဲ



မနက်ဖြန် ကျမရန်ကုန်ပြန်တော့မယ်ဆိုတော့ ဒီကနေ့ ကျမနေတဲ့အိမ်မှာ ညီအစ်မတွေ ဆုံကြတယ်။ အဆင် သင့်အထုပ် မုန့်ဟင်းခါးပဲ ချက်စားကြတယ်။ အဆင်သင့်ထုပ်ဆိုတော့ အချိန်ကုန်သက်သာ မြန်ဆန်ပြီး မုန့်ဟင်းခါး နှစ်သက်သူတွေအတွက် အဆင်ပြေတယ်လေ။ ကျမအခုချက်တဲ့ နန်းသပြေ အဆင်သင့်ချက် မုန့်ဟင်းခါးထုပ်ကတော့ ကျမတို့ ညီအစ်မတွေ နှစ်သက်တာမို့ လူကြုံရှိရင် ညီမတွေနဲ့ သားတွေအတွက် ဒီတံဆိပ်ပဲ ပို့လေ့ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းတော့ မတူတာမို့ တချို့ မိတ်ဆွေ သူငယ်ချင်းတွေလည်း တခြားတံဆိပ်တွေကို အသုံးပြုကြပါတယ်။ အညွှန်းကလဲ ပါပြီးသားမို့ မခက်ခဲပါဘူး။

အရည်တည်ထားတဲ့အချိန်မှာ ကြက်သွန်နီဥတစ်လုံးလေးတွေနဲ့ ကြက်ဥ ၅လုံးလောက်ကို အမာပြုတ်ပြီး အကွင်းလိုက်လေးတွေ စိတ်ထည့်လိုက်တယ် ဆိုရင်ပဲ အတော်လေး ပြည့်စုံတဲ့ မုန့်ဟင်းခါးအရည်ကို ရပါပြီ။မုန့်ဖတ်အခြောက်ကလည်း ၁၀မိနစ်လောက်ရေအေး စိမ်ထားပြီး ပြန်ပြုတ်လိုက်ရင် ရန်ကုန်က မုန့်ဖတ်အတိုင်းပါ။ အပိုစာလေးတွေဖြစ်တဲ့ နံနံပင်၊ သံပုရာသီး၊ ငရုပ်မှုန့်တို့ကိုတော့ မုန့်ဟင်းခါးနဲ့ တွဲဖက် စားသုံးဖို့ရန် အဆင်သင့်ပြင်ဆင်ထားရင်ဖြင့် အရသာရှိသော မုန့်ဟင်းခါးကို စားသုံးနိုင်ပါပြီကွယ်။


ရန်ကုန်မှာတော့ ကျမအဆင်သင့်ထုပ်ကို ဝယ်ချက်ခဲပါတယ်။ ကျမချက်ပြုတ် ချုပ်လုပ်တတ်တာ မှန်သမျှ အားလုံး ကျမရဲ့ မွေးစားသမီးတွေကို လက်ထပ်သင်ပေးထားတာမို့ သူတို့ကိုယ်တိုင်ချက်တဲ့ မုန့်ဟင်းခါးကို ကျမ မကြာခန စားသုံးရပါတယ်။ အခွင့်အခါ ကြုံတဲ့အခါ ကျမပို့စ်တစ်ခုအဖြစ် တင်ပေးပါ့မယ်။

ထွေရာလေးပါး

၁ရက်နေ့ ဇွန်လထဲက သားတို့ဆီကို ရောက်နေတဲ့ ကျမ မနက်ဖြန် ၂၆ရက်နေ့ ဇွန်လမှာ ရန်ကုန်ကိုပြန်မယ် ဆိုတော့ ကျန်ခဲ့တဲ့ သားနှစ်ယောက်နဲ့ တူလေးတွေတော့ အရင်ကလိုပဲ ဖြစ်သလို ချက်ပြုတ် စားသောက် ၊နေထိုင်ရတော့မှာပေါ့လေ။ သူတို့လေးတွေရဲ့ လုပ်ရှားမှုကို ကျမနေ့စဉ်ကြုံတွေ့နေရတော့ ဘဝကို ခက်ခက် ခဲခဲ ရုန်းကန်နေရမှန်း ကျမနားလည်ပါတယ်။ သူတို့ဘဝကို ကျမအခြေခိုင်မာစေချင်တာလဲ ကျမရဲ့ ဆန္ဒ တစ်ခုပါပဲ။ ဘဝမှာ တန်ဖိုးရှိရှိ အချိန်တွေကို ကုန်လွန်စေချင်ပါတယ်။ ဆွမ်းမှန်မှန်မတင်နိုင်တဲ့ ဘုရားစင်မှာ သစ်သီးဆွမ်းတော့ ကပ်ထားဖို့ သူတို့လေးတွေကို မှာရပါတယ်။ ဘုရားပန်းလည်း မနွမ်းစေဖို့ပြောတော့ တူလေးက တစ်ခါတစ်ရံ ဘုရားပန်းတောင် လဲချိန်မရှိလို့ဆိုပြီး မနွမ်းပန်းကို တင်ထားပါတယ်တဲ့။ မနွမ်းပန်း ဆိုတာတော့ စက္ကူပန်းနဲ့လုပ်ထားတဲ့ ပန်းအတုပါ။ သောက်တော်ရေလေး မှန်မှန်လဲပေးနိုင်တာကိုပဲ ကျေးဇူး တင်ရမလိုဖြစ်နေတယ်။ 


ကျမတို့မိသားစုနဲ့ ခင်မင်တဲ့ ဆရာတစ်ယောက်က ကျမသားနှစ်ယောက်ကို ပြောခဲ့တဲ့ စကားကို သတိရမိ ပါတယ်။

“သားတို့ အခုသူများတွေ လွယ်လွယ်ကူကူ နေနေတဲ့အချိန်မှာ ကိုယ်က ခက်ခက်ခဲခဲ နေပါ။ တစ်ချိန် သူများတွေ ခက်ခဲတဲ့အချိန်ရောက်ရင် ကိုယ့်အတွက် လွယ်ကူတဲ့အချိန်တွေဖြစ်လာလိမ့်မယ်”

ကျမခင်ပွန်းဟာ သူ့သားတွေကို တစ်နှစ် တစ်ကြိမ် ခွင့်ပြန်လာရင် ဆုံးမလေ့ရှိတယ်။ သားတို့ကို ဆုံးမတဲ့ စကားတွေထဲက တစ်ချို့စာသားလေးတွေကို ကျမအတော်လေး နှစ်သက်မိပါတယ်။

“သားတို့ရဲ့ ဖိုးဖိုးက တောမှာကြီးပြင်းပြီး ဖေဖေ့ကို လူတစ်လုံး သူတစ်လုံးဖြစ်အောင် မြို့ပေါ်မှာ ပညာ တတ်အောင် သင်စေပြီး ဖိုးဖိုးဘဝထက် မြင့်အောင် ကြိုးစားစေခဲ့တယ်။ ဒီလိုပဲ သားတို့ကိုလည်း ဖေဖေ့ ဘဝ ထက် မြင့်အောင် ကြိုးစားပြီး တိုးတက်စေချင်တာ ဖေဖေ့ဆန္ဒပဲ” လို့ ဆုံးမဖူးပါတယ်။

တိုင်းတစ်ပါးကို ပညာသင်ဖို့ မထွက်ခွာခင် သားတို့ဖေဖေ ပြောခဲ့တဲ့စကားလေးကို ကျမမှတ်မိပါသေးတယ်။
“အခု သားတို့က ရေတွင်းထဲက ဖားလေးတွေလိုပဲ ကိုယ်နေနေတဲ့ အရပ်ဒေသမှာ အေးအေးချမ်းချမ်း နေနေ ရတော့ ဘဝအကြောင်း နားမလည်ဘူးလေ။ ကိုယ်နေတဲ့ နေရာလေးကိုလည်း ပင်လယ်ပြင်ကြီးထင်နေကြ တာ။ အခု သားတို့ကို ဖေဖေက သမုဒ္ဒရာကြီးထဲကို လွှတ်တော့မှာ မကြာခင် တွေ့ကြုံလာမဲ့ မုန်တိုင်းအမျိုးမျိုး ကြားမှာ ကိုယ့်ဘဝအသက်ရှင် ရပ်တည်နိုင်ဖို့အရေး ကိုယ်တိုင်ကြိုးစားရတော့မယ် ရင်ဆိုင်လာသမျှ အခက် အခဲအားလုံးကို ကိုယ်ပိုင်ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချပြီး လုပ်ဆောင်ရမယ်။ အဲဒီလောကကြီးထဲမှာ သားတို့ ကျင်လည်သွားပြီဆိုရင် တစ်ချိန် ရေတွင်းလေးထဲပြန်ရောက်လာရင် ကိုယ်ကဘုရင်ပဲလေ” တဲ့။

တစ်လကို နှစ်ကြိမ် သားတို့နဲ့ဖုန်းပြောဖြစ်တိုင်း သားတို့ဖေဖေပြောလေ့ရှိတဲ့စကားက

“ကိုယ့်ရဲ့ ခံယူချက်၊ ရည်မှန်းချက်ကို ဘယ်လို အနှောင့်အယှက် အတားအဆီးမျိုး လာရောက်ဟန့်တားနေ ပါစေ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာနဲ့ မပျောက်မပျက်အောင် ထိန်းသိမ်းနိုင်တယ်ဆိုရင် ကိုယ့်ဘဝရဲ့ အဆုံး သတ်ကတော့ အောင်မြင်မှုပဲ” 

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz