x

26.6.11

အရာရာဟာ အနတ္တ



ကျမတို့ လောကီလူသားအားလုံး ကြုံတွေ့နေရသမျှ အရာရာဟာ အစိုးမရပါဘူး။ ဖြစ်ချင်တာကို မျှော်လင့်နေ သည့်တိုင် သူ့သဘောသူဆောင်ပြီး ဖြစ်သင့်တာကိုပဲ အတားအဆီးမရှိ ဖြစ်သွားလေ့ရှိပါတယ်။ ဘယ်သူ့ ဘယ်ဝါကိုမှရိုးမယ်ဖွဲ့ပြီးအပြစ်တင်နေလို့လည်း မရတဲ့လောကကြီးထဲမှာကျမတို့တစ်တွေ ‘ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ’ လို့သာ ခံယူပြီး ရင်ဆိုင်လာရ မှန်သမျှကို အကောင်းဆုံးဖြစ်အောင်ဆောင် ရွက်သင့်တယ် လို့ ထင်ပါတယ်။


ဒီလိုနိဒါန်းတွေ ပျိုးနေရတဲ့အကြောင်းရင်းကတော့ ကျမ ဒီကနေ့ နေ့လည် ၂နာရီကို လေယာဉ်ကွင်း ဆင်းမှာ မို့ ညက အိပ်ရာမဝင်ခင် မနက်စောစော သားအမိတွေ အိပ်ယာကနေထပြီး တစ်ခုခု ဆင်းစားကြမယ်ပေါ့။ ကျမတို့နေရတဲ့နေရာ တိုက်ခန်းကနေ ၅မိနစ်လောက် လမ်းလျှောက်လိုက်ရင် MRT နဲ့ စုံလင်လှတဲ့ စားသောက်ရုံကိုရောက်ပါတယ်။ အေးအေးဆေးဆေး အနီးပတ်ဝန်းကျင်ကို လျှောက်ကြည့်ပြီးမှပြန်လာမယ်။ ပြီးမှရေချိုးပြင်ဆင် လေယာဉ်ကွင်းဆင်းမယ်ပေါ့။ ဒါကတော့ ကြိုတင်စီစဉ်ထားတဲ့ အတွေးလေးတွေပါ။ တကယ့် လက်တွေ့ကျတော့ မနက် ၇နာရီလောက် အိပ်ယာကနိုးပါတယ်။ ကိုယ်လက်သန့်စင်ပြီးတာနဲ့ ဘုရားကို သောက်တော်ရေ သုံးတော်ရေ ရေပူရေချမ်းကပ်၊ ဘုရားပန်းလဲ အမွှေးတိုင်ပူဇော် ဘုရား ဆွမ်းတော်ကပ်။ ပြီးတာနဲ့ နေပူလာရင် အဝတ်တွေနေဓာတ်ရအောင် အထူးသဖြင့် သူတို့လေးတွေ သုံးနေတဲ့ မျက်နှာသုတ်ပုဝါတွေကို ထုတ်လှန်းပါတယ်။ကျမဒီကိုရောက်တည်းက မနက်တိုင်းလုပ်နေကျ အလုပ်တစ်ခု ပါ။ မနက် ၈နာရီခွဲတဲ့အထိ သားတို့အားလုံး အိပ်ကြတုန်းလေ။ သူတို့မှာ ဒီလိုပိတ်ရက်လေးတွေပဲ အေးအေး လူလူ နားရတာမို့ ကျမလည်း မနှိုးဖြစ်ပဲ ရတဲ့အချိန်လေးမှာ ဝါသနာအရ ဘလော့ဂ်တွေ လိုက်ဖတ်တယ်။ တစ်ချို့ပို့စ်တွေမှာ သင်ခန်းစာ ဖော်ထုတ်လို့ရသလို သံဝေဂရစရာတွေ ဗဟုသုတတွေ စုံစုံလင်လင်တွေကို ဖတ်ရှုမှတ်သားခွင့်ရပါတယ်။

၁၀နာရီလောက်မှ သားတွေနိုးလာပြီး အောက်မဆင်းဖြစ်တော့ပါ။ ကျမအတွက် လိုမယ်ထင်တာလေးတွေ သူတို့တွေလုပ်ပေးပြီး အောက်ဆင်းပြီး စားမဲ့အစီအစဉ် ပျက်သွားတဲ့အတွက် ရှိတာနဲ့ပဲ မနက်စားဖို့ရာပြင် ဆင်ကြတယ်။ အလွယ်တကူ မြန်ဆန်စားသောက်လို့ရတဲ့ ပေါင်မုန့် ကြက်ဥကြော် ကြက်အူချောင်းကြော် နဲ့ ကော်ဖီလေ။ သားတို့ပြင်ဆင်နေချိန်မှာတော့ ကျမက ဒီပို့စ်လေးကို ရေးနေတယ်။

အနတ္တဆိုတဲ့ ခေါင်းစဉ်ကိုရေးရင်း ဆက်စပ်နေတာလေးကို ရေးမိခဲ့တယ်။ သားနှစ်ယောက်စလုံး ဆေးပညာ သင်ခွင့်ရခဲ့ပေမယ့် ကျမရဲ့ ကံကြမ္မာက ဆရာဝန်တစ်ယောက်ရဲ့ မိခင်ဖြစ်ဖို့ရာ ကံဇာတာ မပါခဲ့တာမို့ သားနှစ်ယောက်စလုံး ပညာသင်နှစ်တွေမကုန်ဆုံးခင် သူတို့ရဲ့ ခံယူချက်အတိုင်းရေခြားမြေခြား တိုင်းတစ်ပါး ကို သွားရောက်ပြီး ဘဝကိုစတင်ရင်ဆိုင်ခဲ့ကြပါတယ်။ နိုင်ငံခြားမှာ ပညာသင်စရိတ် အတော်လေးမြင့်လွန်း တာမို့ ပညာတစ်ခုတည်းသာ ဦးတည်ပြီး သင်ကြားနေမယ်ဆိုရင် ကုန်ကျမှုစရိတ်အတွက် ဖြေရှင်းဖို့ရန် မလွယ်ကူလှပါဘူး။ ဒါကြောင့် အလုပ်လုပ်ရင်း ပညာကို ဆည်းပူးမယ်ဆိုပြီး ဘဝရှင်သန်ရေးအတွက် ဆုံးဖြတ်ချက်ချခဲ့တယ် ပင်ပန်းမှုမှန်သမျှကို မသိကျေးကျွံပြုကာ ကြမ်းတမ်းကောက်ကွေ့တဲ့ လမ်းတွေ ကို လျှောက်လှမ်းခဲ့ကြတယ်။

ကျမအတွက် ဒီအသက်အရွယ်အထိ ရရှိခဲ့တဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေအရ အနတ္တသဘောတရားကို ၊ကောင်းကောင်းကြီး သဘောပေါက် နားလည် လက်ခံခဲ့ပါတယ်။ တကယ်တော့ အရာရာမှာ အစိုးမရတဲ့ သဘာဝတရား၊ မမျှော်လင့်တဲ့အချိန်တွေမှာ ကျရောက်လာတဲ့ လောကဓံတရား အဲဒီလိုတရားတွေကြောင့် ကျမရဲ့ အနာဂါတ်အတွက် ရေးဆွဲထားတဲ့ စီမံကိန်းတစ်ချို့ဟာ အကောင်အထည်ဖော်မရခဲ့သည့်တိုင် ‘လိုတာမရ ရတာမလို’ တဲ့လောကကြီးထဲမှာ လက်ရှိတွေ့ကြုံနေရတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံး ၊ဖြစ်အာင် လုပ်ဆောင်ဖို့ပဲမဟုတ်ပါလား။ အားလုံးသော ဆွေမျိုး မိသင်္ဂဟတို့ ရွှင်လန်းချမ်းမြေ့ပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz