x

28.6.11

တာလေမှာနေစဉ်ကာလ



ကျမတို့မိသားစု တာချီလိတ်မှာ တစ်နှစ်တာမျှ အချိန်ကြာနေခဲ့ရပြီး တာလေရွာကို ပြောင်းဖို့ အကြောင်း ဖန်လာပြန်တော့ အစ်ကိုတစ်ယောက် ဒီတစ်ခေါက်တော့ မန္တလေး ဘော်ဒါဆောင်မပြန်ရတော့ပဲ ရန်ကုန်မြို့ မင်္ဂလာဒုံမှာ ဖွင့်ထားတဲ့ အောင်ဆန်းသူရိယ လှသောင်းကျောင်း ဘော်ဒါဆောင်ကို ဝင်တော့မယ်လို့သိရပါ တယ်။ ဖေဖေရဲ့ ပြောပြချက်အရတော့ တာလေရွာမှာ အထက်တန်းကျောင်းမရှိပဲ အမြင့်ဆုံးက အလယ်တန်း ကျောင်းပဲရှိတာမို့ အစ်ကို့ကို ရန်ကုန်သို့ပို့ရတယ်လို့ သိရပါတယ်။ အစ်ကိုနဲ့ နောက်ထပ်တစ်ကြိမ် ပြန်ဝေးရ ပြီပေါ့။ ဒီတစ်ခေါက်တော့ မောင်နှမတစ်တွေ အတူတူပြန်နေကြဖို့ရာ ဖြစ်နိုင်ဖို့လမ်း ပိုလို့လှမ်းသွားပြီဆိုတာ ကြိုတင်တွက်ခဲ့မိပါတယ်။

တာချီလိတ်ကနေ မထွက်ခွာမီ တစ်ပတ်လောက်အလိုမှာ အစ်ကိုက ရန်ကုန်မြို့ကို လေကြောင်းကနေ ဖေဖေ့တပည့်တစ်ယောက်နဲ့အတူ ပြန်သွားတဲ့နေ့မှာ မောင်နှမတစ်တွေ အားလုံး ဝမ်းနည်းစွာနဲ့ တာချီလိတ် မြို့မှာ ကျန်ခဲ့ကြပါတယ်။ တစ်ပတ်ပြီးတဲ့အခါမှာတော့ ကျမတို့ ကုန်းလမ်းယာဉ်တန်းနဲ့ တာချီလိတ်ကနေ တာလေကို စတင်ပြောင်းရွှေ့ကြရပါတယ်။ ကားတန်းကြီးက အရှည်ကြီးဖြစ်သလို လူတွေကလည်း မိသားစု အလိုက် တော်တော်များပါတယ်။ တစ်ခါမှ တွေ့ကြုံခဲ့ဘူးခြင်း မရှိတဲ့အတွက် အလိုလိုနေရင်းပျော်နေပါတယ်။ ရုပ်ရှင်တွေထဲမှာ ကြည့်ရသလိုပါပဲ မြို့ကြီးတစ်မြို့ရှိ မိသားစု အသိုက်အမြုံများ ပြောင်းသကဲ့သို့ ခံစားရ ပါတယ်။ တာချီလိတ်နဲ့ တာလေဟာ တကယ်တော့ (၂၉) မိုင်သာရှိသော်လည်း ကျမတို့ တစ်နေ့လုံးလုံး ကားစီးရပါတယ်။ ပုံမှန်တော့ နေ့ဝက်ခရီးသွားရတယ်ဆိုပေမယ့် အခုလို ကားတန်းရှည်ကြီးနဲ့ တစ်နေရာမှာ ရပ်လိုက် ကားတွေ စုစည်းလိုက် ပြန်ထွက်လိုက်နဲ့ ညဖက်မှောင်စပျိုးမှသာ တာလေရွာကို ကျမတို့ ရောက် လာကြပါတယ်။ တစ်လမ်းလုံးတွင်လည်း တော တောင်တွေသာ မြင်နေရပြီး လမ်းတစ်လျှောက်လုံး ရွာသေး ရွာငယ်မျှပင် မတွေ့ရလောက်အောင် ထူထပ်တဲ့တောကို ကားလမ်းကျဉ်းကျဉ်းဖြင့်သာ ထွင်းဖောက်ထား တာမျိုးဖြစ်ပါတယ်။ မျက်နှာချင်းဆိုင်မှ ကားများလာသည်မှာလည်း မရှိသလောက်ဖြစ်ပြီး တစ်ခါတစ်ရံ လာသောကားရှိပါက တစ်ဖက်ဖက်မှာ ဘေးဖက်သို့ အတတ်နိုင်ဆုံး ကပ်၍ ရပ်ထားရပြီး တစ်ဖက်ကားကို ဦးစားပေးသွားခိုင်းရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။

တာလေရွာကို ဝင်လာပြီလို့ ဖေဖေပြောတဲ့အခါမှာတော့ မဲမှောင်ပိန်းပိတ်နေတာမို့ သဲသဲကွဲကွဲဘာမှ မမြင် ရပါ။ တိုက်တန်းလေးတွေကို ဖြတ်သွားရာမှာ နီးနီးကပ်ကပ် ကားမီးထိုးလို့သာ မြင်လိုက်ရပြီး ကားမီးကျော် သွားတာနဲ့ အမှောင်အတိ ဖြစ်သွားပါတယ်။ တာလေရွာကို စဝင်တာနဲ့ ကားတွေအားလုံး အလျှိုလျှို ကိုယ့် လမ်းကို သွားကြတဲ့အတွက် ကျမတို့ကား တစ်စင်းသာလျှင် တောင်ကုန်းတစ်ခုပေါ်သို့ တက်သွားပါတယ်။ အတော်မြင့်တဲ့တောင်ကုန်းတစ်ခုအပေါ်သို့ ရောက်တဲ့အခါမှာ တိုက်အိမ်တစ်လုံးကို ကားမီးကြောင့် ထင်ထင် ရှားရှား မြင်လိုက်ရပြီး အိမ်ရှေ့ကို ကားရပ်လိုက်တဲ့အခါမှာတော့ အိမ်ထဲမှ ဖေဖေ့တပည့် နှစ်ယောက်ထွက် လာပါတယ်။ “ကဲ ရောက်ပါပြီ ဒါကတော့ ဖေဖေတို့နေမယ့်အိမ်ပဲ။ မနက်ကျမှ လျှောက်ကြည့်ကြပေါ့။ ဒီညတော့ မှောင်မှောင်မဲမဲနဲ့ ဘာမှမြင်ရမှာလဲ မဟုတ်ဘူး” လို့ ဖေဖေက ပြောပြောဆိုဆို ကားပေါ်ကဆင်း သွားတော့ ကျမတို့လည်း နောက်ကနေ လိုက်ဆင်းကြပါတယ်။ အိမ်ထဲမှာ မီးအိမ်လေးတွေ ထွန်းညှိထားပြီး စားစရာတွေ စားပွဲပေါ်ပြင်ထားပေးတာ တွေ့ရတဲ့အတွက် ဗိုက်ဆာလာတဲ့ ကျမတို့မောင်နှမတစ်တွေ ခြေ လက်ဆေးပြီး မိသားစု စုံတာနဲ့ ညစာကို စားသောက်ကြပါတယ်။ ကျမဘာဟင်းတွေစားခဲ့တယ်ဆိုတာတော့ ပြန်စဉ်းစားလို့ မမှတ်မိတော့ပေမယ့် ဆာဆာနဲ့ စားကောင်းတာတော့ အသေအချာပါပဲ။

မနက်အိပ်ယာမှ ထပြီး ပစ္စည်းတွေ သူ့အခန်းကိုယ့်အခန်း ခွဲကြပါတယ်။ ဖေဖေ မေမေ ကူကူး ပူစူးမ နဲ့ ဟတ်စကီးတို့က တစ်ခန်း၊ ကျမ တူးမာနဲ့ တူတူးက တစ်ခန်း၊ နှင်းကြည် အီဒစ်တို့က တစ်ခန်း နဲ့ အပိုအခန်း တစ်ခန်း စုစုပေါင်း အိပ်ခန်း လေးခန်းရှိပြီး ထမင်းစားခန်း မီးဖိုခန်းတို့မှာ အတော်လေးကျယ်ပါတယ်။ ရေချိုး ခန်း အိမ်သာကတော့ အိမ်အတွင်းမှာ နှစ်စုံရှိပြီး အိမ်အပြင်ဖက်မှာ တစ်စုံရှိပါတယ်။ အိမ်ရဲ့နောက်ဖေးဖက် မှာ မြေပိုတွေရှိသလို အဲဒီမြေပိုတွေကနေ တောင်ပေါ်ကို ဆက်တက်သွားရတဲ့ လှေခါးထစ်များ ရှိပါတယ်။ ကျမလည်း တောင်ပေါ် ဖက်ကို အဝေးကြီးအထိ ဆက်မသွားကြနဲ့လို့ ဖေဖေကပြောထားတာကြောင့် အောက် ဖက်ဆင်းတဲ့ ကားလမ်း ဖက်ကို ပြန်လှည့်လာပြီး စူးစမ်းပါတယ်။ ကားလမ်းက အိမ်ဆီသို့ အတက်လမ်း တစ်လမ်းနဲ့ အဆင်းလမ်း တစ်လမ်း ဖောက်ထားပြီး အိမ်ရဲ့ ညာဖက်ကနေ အောက်ကိုဆင်းတဲ့ လူသွား လမ်းကျဉ်းလေး တစ်လမ်းကို တွေ့ရတဲ့အတွက် ကျမတို့ မောင်နှမအကြီးသုံးယောက် အောက်ကိုဆင်းကြ ပါတယ်။ အတော်လေးကြာတော့ ရေများစီးဆင်းနေတဲ့ ချောင်းတစ်ခုကို ရောက်သွားပြီး အဲဒီချောင်းရဲ့ အစပ်တွေမှာ နီနီရဲရဲ သီးနေတဲ့ အပင်ကြီးတွေကို တွေ့ရပါတယ်။ ဖေဖေ့တပည့်တစ်ယောက် နောက်ကလိုက် လာပြီး ကျမတို့ကို ဖေဖေ ကခေါ်ခိုင်းလိုက်တယ်ဆိုလို့ နောက်ပြန်လှည့်ခဲ့ရပါတယ်။ အဲဒီဦးလေးကိုမေး ကြည့်တော့ အခုနက ကျမတို့ မြင်ခဲ့ရတဲ့ အပင်နဲ့အသီးဟာ ရေသဖန်းပင်နဲ့ရေသဖန်းသီးလို့ သိရပါတယ်။ တောတောင်သဘဝ ရှုခင်း၊ ချောင်းရေလေးတွေ တစ်သွင်သွင်းစီးနေပြီး ငှက်ပေါင်းစုံအသံလေးတွေ ကြားနေ ရတဲ့ တာလေကို ပြောင်းရွှေ့ ခဲ့ရတာ ကျမအတွက်တော့ ရင်ထဲမှာ အမှန်တကယ်ကို ကြည်နူးပြီး ပီတိဖြစ်နေ ရပါတယ်။

နောက်တစ်နေ့ ကျမတို့နေတဲ့ အိမ်ကနေ ၁၅ မိနစ်လောက်သွားရပြီး (ခရီးဝေးလို့မဟုတ်ပါ လမ်းကြမ်းလို့ အချိန်ကြာမောင်းရခြင်းပါ) တံတားတစ်ခုကို ဖြတိလိုက်တဲ့အခါမှာတော့ ကျောင်းသေးသေးလေးတစ်ခုကို မြင်ရပါတယ်။ တကယ်တော့ အဲဒီကျောင်းဟာ မူလတန်းကျောင်းပဲဖြစ်ပြီး ၅ တန်းကို အထူးတိုးချဲ့ အတန်း အဖြစ် ဖွင့်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကျောင်းမှာပဲ ကျမက ၅ တန်း ညီမလေးက ၃တန်း တူတူးကတော့ သူငယ်တန်းကြီး စတက်ကြရတယ်။ ကျမတက်တဲ့အတန်းမှာ ကျောင်းသား ၃ယောက်နဲ့ ကျောင်းသူ ၄ယောက် စုစုပေါင်း ၇ယောက်ပဲရှိပါတယ်။ တကယ်တော့ ကျမတို့မောင်နှမတွေ အားလုံး တက်သင့်တဲ့အတန်းထက် ငယ်ပြီးတက်ကြရပါတယ်။ အကြောင်းကတော့ ကျမရဲ့ မကြာခနဖြစ်တတ်တဲ့ ခေါင်းကြီးကိုက်ရောဂါကြောင့် အတန်းတက်နောက်ကျ ခဲ့ရသလို ညီမလေးကျပြန်တော့ ကျမတို့ဆီကို ပြန်ရောက်လာပြီးမှ မြန်မာစကား မြန်မာစာကို လည်လည်ဝယ်ဝယ် စတင်ပြောတတ်ချိန်ရောက်မှ အတန်းစတက်ရပြန်တယ်။ တူတူးတစ်ယောက်ကတော့ စာလဲတော်သည့်တိုင် ကျောင်းမပျော်သဖြင့် နောက်ကျပြန်တယ်။ တကယ်တော့ အဲဒီအသက်အရွယ် အချိန်ကာလတုန်းက ပညာရေးဆိုတာ မိမိဘဝရဲ့ တစ်သက်စာအတွက် မည်မျှအရေးကြီးတယ်ဆိုတာ ဂဂနန မသိခဲ့ရိုးလည်းအမှန်ပါ။ စာမေးပွဲမဖြေဖြစ်လည်း အရေးမကြီးပါဘူး နောက်ထပ်ဖြေရတာပဲလို့ ပေါ့ပေါ့တန်တန် တွေးခဲ့တာလည်း အကြိမ်ကြိမ်ပါ။

ကျမတို့အတန်းမှာ သင်တဲ့ ဆရာ ဆရာမတွေလည်း တိုင်းရင်းသား ဆရာ ဆရာမများ ဖြစ်သဖြင့် စကားဝဲတာ ကို မနည်းလိုက်ပြီး နားထောင်ရင်းကနေ သူတို့ရဲ့ အသံကိုရင်းနှီးလာပြီး အဆင်ပြေလာပါတယ်။ ကျမတို့ အားလုံးကို စိတ်ရှည်စွာနဲ့ သင်ပေးကြပါတယ်။ ကျမမှာ သူငယ်ချင်း မစိုးငြိမ်းဆိုတာ ရခဲ့ပါတယ်။ သူ့ရဲ့ မိဘတွေက တာလေရွာထဲက ခေါက်ဆွဲဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီး သူ့ရဲ့ ညီမ မစိုးသိန်းကတော့ တူးမာနဲ့ တစ်တန်းတည်း သူငယ်ချင်းတွေဖြစ်လာပါတယ်။ သူတို့ညီအစ်မနှစ်ယောက်ဟာ အလွန်စိတ်သဘောပြည့်ဝ ကြသလို သူတို့ရဲ့မောင်လေး စိုင်းဟာလည်း တူတူးနဲ့ကစားဖော် ကစားဖက်ဖြစ်လာပါတယ်။ ကျမတို့ မောင်နှမသုံးယောက် ကျောင်းသွားတိုင်း သူတို့မောင်နှမသုံးယောက်ကို ဝင်ကြိုလေ့ရှိသလို ကျောင်းပိတ်ရက် များမှာ သူတို့မောင်နှမတွေ ကျမတို့အိမ်ကို လာလည်တတ်ပါတယ်။ တစ်နေ့ ကျမရဲ့ အတန်းမှာ စာသင်ရင်း တင်မြင့်ဆိုတဲ့ ကျောင်းသားတစ်ယောက် စာသင်ခုံကနေ အောက်သို့ ပစ်လဲပြီး တက်နေတာကို တွေ့ရတော့ ကျမ အရမ်းကြောက်လန့်သွားပါတယ် ကျမရဲ့ ပထမဦးဆုံးအကြိမ် တွေ့ဘူးချင်းဖြစ်တဲ့အတွက် ကြောင်ငေး ပြီးကြည့်နေမိချိန်မှာ သူ့ပါးစပ်ကနေ အမြှုပ်များ ထွက်လာပြီး ကျမတို့ရဲ့ အတန်းပိုင်ဆရာက တင်မြင့်ရဲ့ ပါးစပ်ထဲကို ထမင်းစားဇွန်းတစ်ချောင်းထည့်ကာ သော့တစ်ခုနဲ့ တင်မြင့်ရဲ့ ကောက်နေတဲ့လက်ကိုဖြောင့်ပြီး လက်ဖဝါးထဲကို နယ်နှိပ်တာတွေ့ရပါတယ်။ ကျမက “ စိုးငြိမ်း တင်မြင့်ဘာဖြစ်တာလဲဟင်” လို့မေးတော့ စိုးငြိမ်းက “သူက အဲဒီလိုပဲ ခနခန ဝက်ရူးပြန်တတ်တယ် သူဝက်ရူးပြန်ရင် လျှာမကိုက်မိအောင် ဆရာက ပါးစပ်ထဲကို ဇွန်းအမြဲထည့်ပေးရတယ်လေ အကြောတွေပြေအောင် သော့နဲ့ လက်ဖဝါးကို နယ်ပေးတာ” လို့ စိတ်ရှည်စွာ ပြန်ဖြေပါတယ်။ ဒါကတော့ ကျမရဲ့ တာလေကျောင်းတက်စဉ်က ပထမဦးဆုံးသော ထူးဆန်းတဲ့ ဖြစ်ရပ်လေးကို မှတ်တမ်းတင်ခြင်းဖြစ်ပါတယ်။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz