x

29.6.11

ထူးဆန်းဖွယ် အတွေ့အကြုံ



တာလေရောက်ပြီး ကျောင်းပိတ်ရက်တွေဆိုရင် ကျမတို့မောင်နှမတွေ အလွန်ပျော်ပါတယ်။ ပျော်ရခြင်း အကြောင်းရင်းကတော့ အိမ်ရဲ့ပတ်ဝန်းကျင်ဟာ တောတောင် သဘာဝရှုခင်းနဲ့ စမ်းချောင်းလေးရှိနေတာက အဓိကအကြောင်းရင်းပါ။ အချိန်အားပြီဆိုတာနဲ့ မောင်နှမတစ်တွေ သွားလည်လို့ရတဲ့နေရာ မှန်သမျှ နေရာ အနှံ့ လျှောက်လည်ရတဲ့အတွက် ပျော်ရခြင်းဖြစ်ပါတယ်။ ကျောင်းပိတ်ရက်ကိုသာ မျှော်ရတဲ့အလုပ် တစ်လုပ် တိုးလာတဲ့အတွက် အငယ်ဆုံးမောင်လေး ဟတ်စကီးကို ထိန်းဖို့ရာ မတင်ကြည်ဆိုတဲ့ အစ်မတစ်ယောက် ထပ်ရောက်လို့လာပါတယ်။ အိမ်မှာ ကူကူး ပူစူးမ ဟတ်စ်ကီးတို့မှာ အထိန်းတော်ကိုယ်စီနဲ့မို့ ကျမတို့ အနီး ပတ်ဝန်းကျင် လျှောက်လည်လို့ရတဲ့အချိန် ပိုများလာပါတယ်။ ဖေဖေကတော့ မကြာခနဆိုသလို “သတိလည်း ထားကြအုံးနော် တောနက်တော့ သားကောင်တွေဘာတွေ လာနေအုံးမယ်။ တောကိုရှင်းနိုင်သလောက် ရှင်းထားတယ်ဆိုပေမယ့် ပြောလို့ရတာမဟုတ်ဘူး ဘယ်ချောင်ကြားကနေ ပေါ်လာမယ်မသိဘူး"
လို့ ကြုံတိုင်းမှာပါတယ်။ ကျမရဲ့ ဖေဖေရောက်မှ တာလေရွာဟာ တာလေမြို့အဖြစ်သို့ တိုးချဲ့ပြောင်းလဲ လာတာလို့ ဖေဖေ့တပည့်တွေက ပြောပါတယ်။ တာလေရွာ သေးသေးလေးကို ပတ်လည်ရှိတောများ ရှင်းလင်းပြီး အိမ်ခြေများကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ကစပြီး ဖေဖေဦးဆောင်ဦးရွက်လုပ်ကာ တည်ဆောက် လာခဲ့ရာကနေ လက်ရှိအခြေအနေ ဖြစ်လာတယ်လို့ ပြောကြတော့ ဖေဖေ့ကို မေးကြည့်ပါတယ်။ ဖေဖေက “ဒါပေါ့ ဖေဖေ့ကိုတာဝန်ပေးလို့ တာလေကိုမြို့ဖြစ်အောင် တည်ရတာလေ။ ဖေဖေရောက်ခါစက တာလေရွာ က စုစုပေါင်း အိမ်လေးအလုံး ၂၀တောင်မရှိဘူး။ ပတ်လည်မှာလည်း တောတွေဖုံးနေတာ အဲဒီတောကို ဖောက်ထွင်းပြီး အိမ်တွေဆောက် မြို့ဖြစ်အောင်လုပ်ရတာ တစ်နှစ်လောက်ကြာတယ် ဒါကြောင့် မိသားစု အားလုံးကို တာချီလိတ်မှာ နေခိုင်း ထားရတာပေါ့” လို့ပြောပြပါတယ်။ ကျမတို့အိမ်တည်ရှိရာ တောင်ကုန်း ပေါ်ကနေ အောက်ဖက်ကို ကားနဲ့ဆင်းသွားတဲ့အခါ တောင်ရဲ့ အလယ်လောက်မှာ နောက်ထပ်တိုက်အိမ် တစ်လုံးရှိပြီး အဲ့ဒီအိမ်မှာ ဖေဖေ့အလုပ်မှာ ဒုတိယနေရာ တာဝန်ယူထားတဲ့ အန်ကယ် (နာမည်မမှတ်မိပါ) ရဲ့ မိသားစုအိမ်လေး ဖြစ်ပါတယ်။ အဲဒီအန်ကယ်တို့မှာ သမီးနှစ်ယောက်ရှိပြီး သမီးအကြီးက ညီမလေး တူးမာ နဲ့အတန်းတူ သူငယ်ချင်း နီနီအောင်ဖြစ်ပါတယ်။

ကျမဖေဖေဟာ အလုပ်များတဲ့အတွက် ကျမတို့နဲ့ တစ်ခါတစ်လေမှသာ တွေ့ရတဲ့အတွက် တာလေရောက်ပြီး သုံးလလောက်အကြာ ကျောင်းပိတ်ရက် တစ်ရက်မှာ မိသားစုတွေအားလုံးစုပြီး တာလေချောင်းဆုံဖက်ကို ပျော်ပွဲစားထွက်ကြပါတယ်။ ကျမတို့လည်း သူငယ်ချင်းတွေပါတဲ့အတွက် ပျော်မဆုံး မော်မဆုံး တပြုံးပြုံးပေါ့။ မိသားစုတိုင်းက ထမင်းဂျိုင့်ကြီး ဂျိုင့်ငယ်နဲ့ဆိုတော့ မြင်ရတာကိုပဲ အတော်ပျော်နေမိတယ်။ ရေစပ်ဆိုတော့ ပိုတောင်ပျော်စရာပေါ့။ လူကြီးတွေကတော့ ကလေးတွေကို ရေနစ်ဖက်မသွားဖို့ပဲ အော်နေကြရတယ်လေ။ အငယ်ဆုံးမောင်လေး ဟတ်စ်ကီးကတော့ လသားလေးမို့ အိမ်မှာမတင်ကြည်နဲ့ ထားခဲ့ပြီး ကူကူးနဲ့ပူစူးမ တို့တော့ သူတို့အထိန်းတော်ကိုယ်စီနဲ့ ပါလာကြတယ်။ ကျမမှာ အစ်မအကြီးဆုံးဖြစ်တော့လည်း အငယ်တွေ ကိုပဲ ဂရုစိုက်နေရတာမို့ ဟိုနားသည်နားတောင် ကျမ မသွားဖြစ်တော့ပါဘူး။ မလှမ်းမကမ်းမှာ တူးမာနဲ့ နီနီအောင်ရေကစားနေကြတယ်။ သူတို့ကစားတဲ့နေရာက ကျွန်းစွယ်လေးနှစ်ခုလို ဖြစ်နေပြီး အလယ် မှာတော့ ရေခံနေတယ် တခနအကြာမှာ တစ်ယောက်ကို အစွယ်လေး တစ်ဖက်ဆီမှာ ထိုင်နေကြပြီး သဲတွေနဲ့ အိမ်ဆောက်တန်း ကစားနေကြပါတယ်။ အဲဒီကျွန်းစွယ်လေးနှစ်ခုကြားကနေ နီနီအောင်က သစ်သား တုံးရှည်လေးနဲ့ တံတားလိုလုပ်ပြီး ဟိုဖက်ကူးလိုက် သည်ဖက်ကူးလိုက် ကစားပြန်တာကို ကျမတွေ့နေရ ပါတယ်။ 

အဲ့ဒီအချိန်မှာ မေမေက ကူကူးတို့ကို ထမင်းကျွေးခိုင်းတာမို့ ကျမလည်း ထမင်းထည့်ပေးနေတယ်။ ထမင်း ထည့်နေတုန်း လူကြီးတွေ တူးမာတို့ဆီကို ဝရုန်းသုန်းကား ပြေးသွားကြတာကို မြင်တော့ ကျမလည်း ဘုမသိ ဘမသိနဲ့ အနောက်ကနေ အပြေးကလေးလိုက်သွားတယ်။ နီနီအောင် တုံးလေးပေါ်ကနေ သွားချည် ပြန်ချည် ကစားနေတုန်း ခြေချော်ပြီး ရေထဲကိုပြုတ်အကျ ရေဝဲကြောင့် အောက်ဖက်ကို ဆွဲချသွားခံရတာကြောင့် ချက်ခြင်းဆိုသလို နီနီအောင် ရေထဲမျောပါသွားတယ် ရေပေါ် ပေါ်နေခြင်းမဟုတ်ပဲ ရေအောက်ဖက်ကနေ မျောပါသွားတာကြောင့် ဖေဖေ့အသိမိတ်ဆွေတွေနဲ့ တပည့် ဦးလေးကြီးတွေ အသက်ကယ်ဖို့ရန် ဆင်းရှာ ကြသည့်တိုင် ရှာလို့မတွေ့ကြပါ။ တစ်နေ့လည်လုံး ရှာနေကြသော်လည်း မတွေ့ပါ နီနီအောင်ရဲ့ မေမေ နဲ့ ညီမလေးတို့မှာ ငိုယိုပြီးနေကြသလို နီနီအောင်ရဲ့ ဖေဖေလည်း နီနီအောင့်ကို ရေထဲမှာ ရှာနေဆဲပါ။ ကျမမှာ သူတို့ မိသားစုရဲ့ အခြေအနေကိုမြင်ရတော့ ရင်ထဲမှာ အတော်လေး ဝမ်းနည်းမိပါတယ်။ တူးမာလည်း သူ့ သူငယ်ချင်း ရေထဲပါသွားလို့ ထိုင်ငိုလို့မဆုံးပါ။ ညနေစောင်းလောက်မှာ အားလုံး ပြန်ဖို့ပြင်ဆင်တော့ နီနီအောင်ရဲ့မေမေက သူနေခဲ့မယ်ဆိုပြီး ဘယ်လိုမှခေါ်မရတာကြောင့် ကျမတို့အားလုံးကို ပြန်ခိုင်းလိုက်ပြီး ဖေဖေနဲ့ မေမေတို့ နီနီအောင့်မေမေနဲ့အဖော်လုပ်ပြီး နေခဲ့ပါတယ်။ တူးမာကိုလည်း ချော့ပြီး ပြန်ခေါ်ခဲ့ရပါ တယ်။ အိမ်ပြန်ရောက်တော့လည်း တူးမာတစ်ချိန်လုံး ငိုနေပြီး ထမင်းမစားတဲ့အတွက် ကျမ ညီမလေးကို ချော့ပြီး ထမင်းခွံ့ကျွေးခဲ့ရပါတယ်။ ညမိုးချုပ်လောက်မှ ဖေဖေနဲ့မေမေပြန်ရောက်လာပြီး နီနီအောင့်ကို ရှာလို့မတွေ့ကြဘူး လို့သိရပါတယ်။ တူးမာကတော့ အငိုတိတ်ခါစရှိသေး ဖေဖေတို့စကားကြောင့် ဆက်ငို လို့နေပါတော့တယ်။ 

မနက်အစောကြီး ဦးလေးကြီးတစ်ယောက် အိမ်ရောက်လာပြီး နီနီအောင်ရဲ့ အလောင်းကို ချောင်းဝမှာတွေ့ လို့ ဆယ်ခဲ့တဲ့အကြောင်း လာပြောပါတယ်။ အလောင်းမှာ ရေမွမ်းတာနာရီပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ အတွက် ပွနေတယ်လို့ပြောပါတယ်။ ထိုစဉ်က တာလေချောင်းမှာ မကြာမကြာလူသေကြောင်းလည်းနောက်မှ သိရပါတယ်။ ကျမတို့ရဲ့ ပျော်ရွှင်ဖွယ်ကောင်းမယ်လို့ထင်ခဲ့တဲ့ မိသားစု ပျော်ပွဲစားဟာ ဝမ်းနည်းစရာအဖြစ်နဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ကျမတို့ မိသားစုလည်း နီနီအောင်ဆုံးပြီး တစ်ပတ်ပြည့်တဲ့ ရက်လည်နေ့မှာ သူတို့ အိမ်ကိုရောက်ခဲ့တဲ့အခါမှာ နီနီအောင့်မေမေက တူးမာကိုတွေ့ပြန်တော့ ပြင်းပြင်းထန်ထန် ထပ်ငိုပြန်တယ်။ နီနီအောင်ဆုံးပြီး နောက်ပိုင်းမှာတော့ တူးမာအတွက် ကစားဖော်တစ်ယောက် ထာဝရပျောက်ကွယ် သွားခဲ့ ပြီလေ။ အချိန်ကြာလာတဲ့အခါမှာတော့ ကျမတို့တစ်တွေ နီနီအောင်ကို မေ့သလောက်ရှိသွားပါတယ်။ နီနီအောင်မျောခဲ့တဲ့နေရာ ပတ်ဝန်းကျင် ရေဝဲများ ရှိတတ်တဲ့နေရာများကိုလည်း ဝါးဆူးများနဲ့ ကာရံထားပြီး မည်သူမျှ မသွားရန် တားမြစ်ဧရိယာလုပ်လိုက်တယ်လို့ ဖေဖေကပြောပါတယ်။ ဖေဖေပြောကာမှ ပြန်ပြီး သတိရမိပြန်တယ် တကယ်တော့ ပြန်စဉ်းစားကြည့်ရင် တကယ့်ကို ထူးဆန်းဖွယ် အတွေ့အကြုံတစ်ခုပါ ဘယ်လိုမှ သေလောက်တဲ့အထိ မဖြစ်နိုင်တဲ့ ဒူးခေါင်းလောက်ရှိတဲ့ရေထဲ ပြုတ်ကျသွားတဲ့ နီနီအောင်ရဲ့ ဖြစ်ရပ်ဆန်းကို ကျမ ဒီကနေ့အထိ မမေ့နိုင်သေးပါ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz