x

30.6.11

တစ်နှစ်တာကာလ



တာလေမှာ အနေအထိုင် အခြေကျလာပြီ ဆိုတဲ့အချိန်ရောက်လာတော့ တာလေကနေ ၂နာရီလောက်သွား ရတဲ့ မိုင်းလင်းရွာလေးကို တနင်္ဂနွေရက်တိုင်းမှာ မေမေက ဘုရားရှိခိုးကျောင်းသွားလေ့ရှိတယ်။ ကူကူးနဲ့ ကျမကတော့ အများဆုံး လိုက်ဖြစ်ကြပါတယ်။ ကူကူးလိုက်မယ်ဆိုရင် နှင်းကြည်ကို စိတ်မချလို့ မေမေက ကျမကို ခေါ်တတ်တယ်။ မိုင်းလင်းဘုရားရှိခိုးကျောင်းမှာ ရှမ်းတိုင်းရင်းသားတွေ ဖြစ်တဲ့ အီကော လားဟူ လီရှော အစရှိတဲ့ လူမျိုးတွေအများစုကို တွေ့ရပါတယ်။

ထိုစဉ်အခါက အီကောလူမျိုးတွေဟာ တစ်နှစ်ကို ရေတစ်ကြိမ်ပဲချိုးတယ်လို့ သိရပါတယ်။ ဒီလိုဆိုတော့  'ချော (အစိမ်းရောင်လွင်ပြင်)' တင်ခဲ့တဲ့ပို့စ် ‘ရေမချိုးကြသူများ’ နဲ့စာရင်တော့ တော်သေးတာပေါ့နော်း)) နောက် တစ်ချက်က အီကောလူမျိုးတွေဟာ တစ်နှစ်ကို တစ်ကြိမ်ခွေးအသားကို စားကြရပြီး ကျန်းမာရေးအတွက် တစ်နှစ်စာ ဖူလုံသွားပြီလို့ ယူဆကြောင်း ပြောစမှတ်ရှိပါတယ်။ အီကောလူမျိုးတွေ ဝတ်ဆင်တဲ့အဝတ် အစားလေးတွေက ငွေပြားလေးတွေကို ဦးထုပ် အင်္ကျီ စကတ်တို့မှာ တွဲလောင်းလေးတွေ တပ်ဆင်ထားပြီး တမူထူးခြားတာမို့ နှစ်သက်ပေမယ့် တစ်နှစ်မှာ ရေတစ်ကြိမ်ပဲချိုးတယ်ဆိုလို့ ဘုရားရှိခိုးကျောင်းရောက်လို့ နေရာယူရင်တော့ သူတို့အနားကို ဘယ်တော့မှ ကပ်ထိုင်ခြင်းမျိုးမလုပ်ခဲ့ပါဘူး။ ကလေးဘဝဆိုတော့လည်း အတွေးအခေါ်က မရင့်ကျက်သေးတာလည်း ပါတာပေါ့နော်။

ဖေဖေက တောမြို့လေးမှာ နေနေရတဲ့ ကျမတို့ မောင်နှမတစ်တွေကို ကြံဖန်ပြီး ပျော်အောင်တော့ တစ်ခု မဟုတ် တစ်ခုစီစဉ်ပေးလေ့ရှိပါတယ်။ တစ်နေ့တော့ ကျမတို့တစ်တွေ ပျော်ပျော်ရွှင်ရွှင် ကစားနိုင်ဖို့ဆိုပြီး အိမ်ရဲ့ နဘေးမြေလွတ်မှာ ရေကူးကန်လေးတစ်ခု လုပ်ပေးတယ်။ အဲဒီရေကူးကန်က ကလေးတွေအတွက် လုပ်တာဆိုတော့ ရေကန်ရဲ့အနက်ကို လေးပေအနက် လောက်သာ ထားပါတယ်။ ရေကူးကန်ရှိပြီဆိုတော့ အပေါင်းအသင်းခင်တတ်တဲ့ တူတူးတစ်ယောက်ရဲ့ သူငယ်ချင်းတွေလည်း ကျောင်းပိတ်ရက်တိုင်းလိုလို ရေလာကူးကြသလို ညနေတိုင်း ကျမကျောင်းကနေ အိမ်ပြန်ရောက်ပြီဆိုတာနဲ့ ကူကူးက ရေဆင်းကစားဖို့ စိုင်းပြင်းပါတော့တယ်။ မေမေက ကူကူးရေကစားရင် အထိန်းတော်တွေနဲ့ စိတ်မချလို့ ကျမကျောင်းက ပြန်ရောက်မှ ရေကစားဖို့ကို ခွင့်ပြုထားတယ်လေ။ တကယ်တော့ ကျမကိုယ်တိုင်ကလည်း မောင်လေးကို အထိန်းတော်နဲ့ ရေကစားမှာ စိတ်မချဘူးလေ။ မကြာသေးခင်ကတင် မျက်မြင်ကိုယ်တွေ့ အတွေ့အကြုံက ရခဲ့ပြီမဟုတ်ပါလား။ ကူကူးကလည်း ကျမရဲ့ ကျောင်းအပြန်ကို အမြဲလိုလိုမျှော်တတ်လာသလို ကျမပြန်လာ တာကို မြင်ပြီဆိုတာနဲ့ ခုန်ပေါက်လို့နေပါတော့တယ်။

ကျောင်းပိတ်ရက် တစ်နေ့ တူတူးနဲ့ သူ့သူငယ်ချင်းတွေ အားလုံးပေါင်း ၆ယောက်လောက် ရေဆင်းကူးနေ တာကို အခန်းပြူတင်းပေါက်ကနေ ကူကူးတစ်ယောက် မြင်ပါလေရော အဲဒီနေ့က သူကိုယ်နည်းနည်း နွေးနေ လို့ လေတောင် အထိမခံအောင် အိမ်ခန်းထဲမှာ ထားထားတဲ့ ကူကူးတစ်ယောက် သူ့အစ်ကိုရေကစားတာ လည်း မြင်ပါလေရော တားမရအောင် ဇွတ်အတင်း ပူစာတယ်လေ တစ်ခုခုတောင်းတာ မရရင် ဒေါသကြီးပြီး တက်တတ်တဲ့ ကူကူးကို မေမေက အလိုလိုက်ရတော့တယ် ဒီတော့ ကူကူးရေဆင်းကစားပါတော့တယ်။ ကျမလည်း ကိုယ်လုပ်နေတဲ့အလုပ်ကို ရပ်ပြီး ကူကူးဆီကိုသွားတော့ နှင်းကြည်က ကူကူးကို သူထိန်းထား လိုက်ပါ့မယ် ကျမရဲ့အလုပ်ကိုသာ ဆက်လုပ်ပါလို့ပြောပေမယ့် ကျမ စိတ်မချပါ။ နှင်းကြည်က ဟိုငေး သည်ငေး ငေးတတ်တာမို့ တခြားနေရာဆိုရင် အကြောင်းမဟုတ်။ ဒီလိုနေရာက မှားလို့မရဘူးလေ။ ဒါကြောင့် ကျမသူပြောတာကို နားမထောင်ပဲ ကလေးတွေ ရေကူးတာကို ရေကန်ဘောင်ပေါ်ကနေ လိုက်ကြည့်နေ ပါတယ်။ မကြာပါဘူး ကျမထင်တဲ့အတိုင်း ဖြစ်လာပါတယ်။ တူတူး သူငယ်ချင်းတစ်ယောက် ရေကူးလာရင်း ကနေ ကူကူးနဲ့တိုက်မိပြီး ကူကူးလက်ထဲက ကိုယ်ဖော့ပစ္စည်းလေးလည်း တခြားဖက်ကိုရောက်သွားကာ ကူကူးရေအောက်ကို မြုပ်သွားပါတယ်။ အားလုံးကတော့ အပျော်လွန်နေကြတာမို့ ကူကူးကို ဘယ်သူမှ သတိ ထားမိဟန်မတူပါဘူး။ တစ်ချိန်လုံး မျက်စိဒေါက်ထောက်ကြည့်နေတဲ့ ကျမ ချက်ခြင်းရေကန်ထဲ ခုန်ချပြီး ကူကူးကိုဆယ်ယူလိုက်ပါတယ်။ ကံကောင်းထောက်မလို့ ကူကူးတစ်ယောက် ရေသည်းတာက လွဲပြီးအသက် အန္တရာယ် မဖြစ်ခဲ့ပါဘူး။ ကျမရေထဲကို ခုန်ဆင်းပြီးမှသာ နှင်းကြည်တစ်ယောက် မျက်ပြူးဆံပြာ ဖြစ်သွားပုံ ရပါတယ်။

တစ်ခါတစ်လေ ကိုယ်က သေးသေးဖွဲဖွဲ ကိစ္စလို့ထင်ထားတဲ့ အကြောင်းအရာ ကိစ္စတစ်ခုဟာ တိုင်းတာလို့ မရတဲ့ ဆုံးရှုံးမှု တစ်ခုကို ဖြစ်စေတတ်ပါတယ်။ သတိဆိုတာ ပိုတယ်ရယ်လို့မရှိဘူးဆိုတဲ့ လူကြီးတွေရဲ့ 
ဆိုဆုံးမမှုကို လူငယ် လူရွယ်တိုင်း လေးလေးစားစား လိုက်နာသင့်တဲ့ တန်ဖိုးရှိသော အဆိုအမိန့်တွေပါ။ တစ်နှစ်တာကာလ ပြီးဆုံးသွားလို့ ကျမလည်း အတန်းသစ် တက်ရတော့ ဆဌမတန်းကို ရောက်လာချိန် တစ်နေ့ညနေ ကျောင်းဆင်းချိန်မှာ ကျမခေါင်းတွေကိုက်ပြီး လူကလည်း တစ်ကိုယ်လုံး မီးအုံးထားသလို ခံစားရပါတယ်။ ယခင်ဖြစ်လေ့ဖြစ်ထရှိတဲ့ ခေါင်းကြီးကိုက်တာမျိုးနဲ့ မတူပဲ တမူကွဲပြားနေပါတယ်။ ခြေထောက်တွေက လေးလံပြီး လှမ်းလို့မရအောင် နောက်ဆွဲနေပါတော့တယ်။ အတန်းပိုင်ဆရာက ကားမောင်းသူကို သေချာမှာပြီး ကျမကို အိမ်အမြန်ခေါ်သွားဖို့ အပ်လိုက်ပါတယ်။ ကျောင်းကနေ အိမ်ကို ပြန်ရောက်တဲ့အခါမှာတော့ တစ်ကိုယ်လုံး ချမ်းတုံတက်လာပြီး တုန်ယင်နေပါတယ်။ မေမေက နဖူးကိုစမ်း ကြည့်ပြီး “ဟင် ကိုယ်တွေကလည်း ခြစ်ခြစ်တောက်ပူနေပါလား ဖျားလာတာကိုး အခန်းထဲသွားလှဲနေလိုက် ခနနေ ဆရာဝန်ခေါ်ပေးမယ်” လို့ ပြောပြောဆိုဆို ကားမောင်းသူကို တစ်ဆက်တည်း ဆရာဝန်ပင့်ခိုင်း ပါတယ်။ ကျမရဲ့ ကိုယ်ပေါ်မှာ ဂွမ်းစောင်တွေ အထပ်ထပ် မေမေတင်ပေးသော်လည်း အချမ်းအတုန်က မပြေပါ။ အပေါ်သွားနှင့် အောက်သွားရိုက်လောက်အောင် ခိုက်ခိုက်တုန် ချမ်းနေပါသေးတယ်။ အပူရှိန်က လည်း လျော့သွားခြင်း မဟုတ်ပဲ တိုးလို့သာ ပူလာပါတယ်။

ဆရာဝန် ရောက်လာပြီး ကျမရဲ့ လက်ရှိ အခြေအနေကို စစ်ဆေးစမ်းသပ်ပြီး အဖျားတိုင်းကြည့်တော့ ပြဒါး တိုင် အဆုံးထိနီးပါး အဖျားမြင့်တက်နေတာမို့ ဆရာဝန်က ချက်ခြင်း သွေးဖောက်စမ်းသပ်မှု ပြုလုပ်ပါတယ်။ ဆေးထိုးပေးပြီး နားခိုင်းပါတယ်။ ဆရာဝန်နဲ့မေမေတို့ ဧည့်ခန်းမှာ စကားပြောသံတွေကို ကြားနေပြီး အနည်း ငယ်ကြာတော့ ကျမအိပ်ပျော်သွားပါတယ်။ ညဦးပိုင်း အိပ်ယာမှ နိုးလာတဲ့အခါမှာတော့ အဖျားသွေး လုံးဝ မရှိတော့ပဲ တစ်ကိုယ်လုံး အေးနေပါပြီ။ မနက်မိုးလင်းတော့ လူကောင်းတစ်ယောက်ကဲ့သို့ လန်းလန်း ဆန်းဆန်းနဲ့ ပုံမှန်လိုဖြစ်နေတာမို့ ကျောင်းသွားပါတယ် မေမေကနားခိုင်းသော်လည်း အတန်းသစ်လေးကို တက်နေရတဲ့ ကျမ ကျောင်းမပျက်ချင်ပါ။ ညနေကျောင်းဆင်းခါနီးမှာ မနေ့ကပုံစံအတိုင်း ထပ်ဖြစ်ပြန်ရော။ ထုံးစံအတိုင်း အိမ်ရောက်တော့ အဖျားကအတော်တက်နေပြီ လူကလည်း ခိုက်ခိုက်တုန် ချမ်းနေတယ်။ ဆရာဝန်ရောက်လာပြီး ကျမမှာ မလေးရီးယားလို့ခေါ်တဲ့ ငှက်ဖျားရောဂါဝင်နေတယ်လို့ ပြောပါတယ်။ မေမေလည်း စိုးရိမ်စွာနဲ့ ဖေဖေ့ကို တပည့်တစ်ယောက်နဲ့ လူလွှတ်ပြောခိုင်းပါတယ်။ ဆရာဝန်က ကျမကို ဆေးလုံးခါး ကြီး ၆လုံးတိုက်တဲ့အခါ အဲဒီဆေးလုံးကြီးတွေကို ကျမ ခက်ခက်ခဲခဲ မျိုချရပါတယ်။ ခါးလိုက်တာ ကလည်း လွန်ပါရော။ အဲဒီကနေစလို့ ကျမရဲ့ခန္ဓာကိုယ်မှာ ငှက်ဖျားရောဂါပိုး အစပျိုးလို့နေရာယူပါတော့ တယ်။ ဆရာဝန်ရဲ့ ပြောပြချက်အရကတော့ ငှက်ဖျားရောဂါကို အမြစ်မဖြတ်နိုင်ပဲ တာရှည်သွားရင်တော့ ငှက်ဖျားပိုး ဦးနှောက်ထဲရောက်ရင် အသက်အန္တရာယ်ရှိပြီး အသက်မသေခဲ့ရင်လည်း ရူးနိုင်တယ်လို့ပြော ပါတယ်။ ကျမဖေဖေလည်း ကျမကိုငှက်ဖျားရောဂါ အမြစ်ပြတ်စေရေးအတွက် ကုသဖို့ရန်စတင်ကြိုးစား ပါတော့တယ်။ ကျမတို့နေတဲ့ ဖွံ့ဖြိုးစတာလေမြို့လေးမှာ ငှက်ဖျားရောဂါဖြစ်သူ အတော်များတယ်လို့ နောက်မှသိရပါတယ်။ ကျမအနေနဲ့ ခေါင်းကြီးကိုက်ရောဂါ အခံရှိနေတာကြောင့် ကိုယ်ခံအားနည်းချိန်ကို ငှက်ဖျားရောဂါ ဝင်လာတာဖြစ်နိုင် တယ်လို့လည်း ဆရာဝန်က ဖေဖေ့ကိုပြောပြတာ ကြားပါတယ်။ အဲဒီအချိန်ကစပြီး ကျမဆေးကုသမှုကို ခံယူနေစဉ်အတွင်း ကျောင်းမသွားရတော့ပါဘူး။ ကျမနေမကောင်း ဖြစ်တဲ့အတွက် မောင်လေးကူကူးလည်း ရေမကူးရတော့ပါ။ ပျော်ရွှင်ရမဲ့ ရက်လေးတွေ မသိမသာ ကျမ ကြောင့် ဆုံးရှုံးကုန်ပါတယ်။ ကျောင်းပြန် တက်ရသည့်တိုင် ကျမဆေးတွေသောက်နေရပါတယ်။ စားဆေး ထိုးဆေးများနဲ့ ကုသရင်း တစ်နှစ်လောက် အကြာမှာတော့ ကျမမှာတွယ်ညိနေသော ငှက်ဖျားရောဂါပိုး အမြစ်ပြတ်သွားခဲ့ပါတယ်။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz