1.7.11

ကျမချစ်သော အစ်ကိုနှင့်မောင်ငယ်ညီမငယ်များ



တစ်ခါတစ်လေတော့ စဉ်းစားမိပါတယ်။ ကျမမှာသာ အကြောင်းကိစ္စတွေက ခပ်များများရယ်။‘ကိစ္စများမြောင် လူတို့ဘောင်’ ဆိုသလိုပေါ့လေ။ ရေးသာရေးနေတယ် စာဖတ်သူတွေအနေနဲ့ အပြည့်အဝတောင် ယုံပါ့ မလားပေါ့နော်။ တကယ်တော့ တစ်လုံးတစ်ပါဒမှ အပိုစာသားမပါပဲ ကျမရဲ့ ဘဝဖြစ်စဉ် အမှန်တွေချည်းပါ။ ကျမရဲ့ ပို့စ်လေးတွေကို နိုင်ငံအသီးသီးမှာ ရောက်နေကြတဲ့ မောင်နှမအရင်းအချာများလည်း ဖတ်တာမို့ ကျမရဲ့ အဖြစ်သနစ်များကို ကျမအနေနဲ့ ပုံပြင်တစ်ခုလို ဖန်တီးရေးလို့ မဖြစ်ပါဘူး။ 

ကျမရဲ့ ဖေဖေက ကျမတို့မောင်နှမတွေအားလုံး အပေါ်ထားတဲ့ စည်းကမ်းရှိပါတယ်။ အဲဒီစည်းကမ်းက မောင်နှမများအားလုံး အသက် ၁၀နှစ်ကျော်ရင် ရေကူးတတ်ရပါတယ်။ ရေကူးသင်တဲ့ဆရာနဲ့ စနစ်တကျ သင်ပေးခြင်းဖြစ်ပါတယ်။ အသက် ၁၈နှစ်ကျော်ရင် ကားမောင်းတတ်ရပါတယ်။ ကားရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ ပညာတစ်ရပ်အနေနဲ့ တတ်မြောက်ထားရမယ်ဆိုတဲ့ ဖေဖေ့ရဲ့ ခံယူချက်အတိုင်း အလုပ်များတဲ့ကြား က ဖေဖေကိုယ်တိုင် သင်ပေးသလို တစ်ခါတစ်လေ ယုံကြည်စိတ်ချ အားကိုးရသော ဒရိုင်ဘာနဲ့ သင်ပေး ပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ မောင်နှမများအားလုံး ရန်မဖြစ်ရပါဘူး။ မိန်းကလေးဖြစ်စေ  ယောက်ျားလေးဖြစ်စေ ထမင်း ဟင်းချက်တတ်ရပါတယ်။ ကျမက ငယ်ငယ်ထဲက အစ်မအကြီးဖြစ်တော့ အငယ်တွေကို လူကြီးတွေ ဘယ်လိုခိုင်းခိုင်း သူတို့ရဲ့ အလုပ်တွေကို ဝင်ဝင်ကူရင်း ကိုယ်တိုင် လုပ်တာများတဲ့ အတွက် အငယ်တွေက ကျမကိုချစ်လည်းချစ် ရိုသေသမှုလည်းရှိကြပါတယ်။ ငယ်စဉ်မှာ အထိန်းတွေနဲ့ နေရ ပေမယ့် သတ်မှတ်ထားတဲ့ အသက်အရွယ်ရောက်ပြီဆိုတာနဲ့ ကျမတို့ကို ဖေဖေကတစ်မျိုး မေမေကတစ်ဖုံ ပုံစံသွင်းပါတော့တယ်။ အငယ်ဆုံးနှစ်ယောက်ကတော့ ဘယ်တော့မှ အသက်ကြီးမလာတော့သလို အကြီး တွေကြားမှာ နည်းနည်းချောင်ခိုပါတယ်း) ဒါပေမယ့် ဖေဖေလုပ်ထားတဲ့ စည်းကမ်းအတိုင်း ရေကူး ကား မောင်းကတော့ တတ်ကြရပါတယ်။

ကျမဒီပို့စ်ကိုရေးနေတဲ့အခါမှာတော့ ကျမရဲ့ မွေးသဖခင် ကျေးဇူးရှင်ဖေဖေ နဲ့ မွေးသမိခင် ကျေးဇူးရှင် မေမေ တို့မရှိကြတော့ပါ။ ကျွေးသမိခင် ကျေးဇူးရှင်ကတော့ ရှိနေဆဲပါ။ မောင်နှမများရဲ့ ဝိုင်းဝန်းထောက်ပံ့မှုနဲ့ အေး ချမ်းစွာ နေထိုင်လျက်ရှိပါတယ်။ ကျမတို့ ငယ်စဉ်က မိဘ ဆရာသမားတို့အပေါ် အင်မတန်ကို ရိုသေကျိုးနွံမှု နက်ရှိုင်းကြပါတယ်။ အိမ်ရှေ့ဧည့်ခန်းမှာ လူကြီးတွေရဲ့ ဧည့်သည်ရောက်နေလျှင် အခန်းတွင်းမှာသာ နေရပြီး မခေါ်မချင်းအပြင်သို့ ထွက်လာခြင်းမျိုး မလုပ်ရပါ။ အကယ်၍ လူကြီးတွေက ခေါ်လိုက်လို့ အပြင်ကိုထွက် လာရသည့်တိုင် ဧည့်သည်ကို ရိုရိုသေသေ လေးလေးစားစား ဂါရဝ ပြုရပါတယ်။ ဧည့်ခန်းအတွင်းမှ ထမင်း စားခန်းသို့ ဖြတ်လျှောက်သွားလျှင်လည်း ခါးကို ကိုင်းညွတ်လျက် အရိုအသေပေးပြီး သွားကြရပါတယ်။ အကြောင်းကိစ္စတစ်ခုခုကြောင့် ကျမတို့ကို ဖေဖေ မေမေတို့ ခေါ်လျှင်လည်း သားတွေက ‘ဗျာ’ ‘ခင်ဗျာ’ လို့ ထူးသလို သမီးတွေက ‘ရှင်’ ‘ဟုတ်ကဲ့’ လို့ထူးကြပါတယ်။ ဒါက ကျမငယ်စဉ်ထဲက နားရည်ဝလာခဲ့တာပါ။

ကျမရဲ့ဖေဖေ မေမေတို့ သွင်းခဲ့တဲ့ပုံစံအတိုင်း ကျမရဲ့ သားနှစ်ယောက်ကိုလည်း သတ်မှတ်ထားတဲ့အသက် အရွယ်မှာ ရေကူးသင်ပေးခဲ့ပါတယ် ကားမောင်းသင်ပေးခဲ့ပါတယ်။ သားတို့ဖေဖေကိုယ်တိုင် သူတို့ကို ကြက် ငါးတို့ကို အကောင်လိုက် ဈေးကဝယ်စေပြီး ကြက်ခုတ်နည်းမျိုးကအစ ဟင်းချက်အဆုံး သင်ပေးခဲ့ပါတယ် အပိုဆောင်းပြီး ယောက်ျားလေးတွေ တတ်အပ်တဲ့ပညာအဖြစ် ကိုယ်ခံပညာ ကရာတေးကိုပါ သင်ယူစေခဲ့ ပါတယ်။ တကယ်တော့ ဘယ်လိုအကြောင်းအရာမှာဖြစ်စေ ‘ဆရာမပြ နည်းမကျ’ ဆိုသလို သူ့နည်းလမ်းနဲ့သူ ရှိတာကို သားတို့သိစေချင်လို့ပါ။

ကျမရဲ့ ဖေဖေသက်ရှိထင်ရှား ရှိစဉ်ထဲက ကျမဟာအငယ်တွေကို အမြဲသွန်သင်တဲ့ စကားစု တစ်စုရှိပါတယ်။ အဲဒီစကားစုကတော့ အခုဖေဖေ မေမေတို့ အသက်ရှင်နေတုန်း စိတ်ချမ်းသာမှု အပြည့်အဝ ပေးရမယ်။ လိုအပ်တာမှန်သမျှ ဝိုင်းဝန်းထောက်ပံ့ရမယ်။ အနီးကပ်ပြုစုနိုင်တဲ့ သားသမီးတွေကတော့ ခြေဆုပ်လက်နယ် ပြုရင်း အနီးကပ်နေလိုပေမယ့် အခြေအနေ အမျိုးမျိုးကြောင့် ရပ်ဝေးရောက်နေတဲ့ သားသမီးတွေကတော့ အနီးကပ်မပြုစုနိုင်တဲ့တိုင် ငွေအားနဲ့ ထောက်ပံ့ပြီး စောင့်ရှောက်ရမယ်။ တစ်နေ့ မပြောကောင်းမဆိုကောင်း တိမ်းပါးသွားမှ ငိုယိုနေတာ မျိုးကို မဖြစ်ဖို့ နောင်တဆိုတာ ဘယ်သူမှ မရအောင်နေကြရန် မောင်နှမတွေကို ကျမပြောခဲ့ပါတယ်။ မောင်နှမအားလုံးကလည်း ကျမစကားကို မြေဝယ်မကျနားထောင်ခဲ့ကြပါတယ်။ ဖေဖေ့ရဲ့ ဆီးချို သွေးတိုး နှလုံး ဒီရောဂါတွေကြောင့် ဖေဖေဟာ ဆေးရုံကို တက်ရတတ်ပါတယ်။ ဖေဖေ့ရဲ့ ကုန်ကျစရိတ်စုစုပေါင်းကို ငွေတတ်နိုင်တဲ့ မောင်နှမဦးရေနဲ့ စားပြီး ဒီလတစ်ယောက်ကို ဘယ်လောက်ထောက်ပါလို့ ကျမပြောလိုက် တိုင်း မောင်နှမများက မငြီးမငြူ ငွေပို့ပေးကြပါတယ်။ ဖေဖေလိုချင်တဲ့ ပစ္စည်းတစ်ခုခုကို တောင်းတပြီဆိုရင် လည်း ဘယ်နိုင်ငံမှာရရ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင် ဝိုင်းဝန်းစဉ်းစား ဖြေရှင်းလေ့ရှိတာမို့ ကျမရဲ့ ချစ်စရာ ကောင်းသော မောင်နှမများအကြောင်းကို ဒီပို့စ်လေးနဲ့ အမှတ်တရ မှတ်တမ်းတင်လိုက်ပါတယ်။


(အလယ်ကအငယ်ဆုံးညီမလေးကိုတော့ တာလေပို့စ်တွေတင်ပြီးခဲ့တဲ့အထိ မမွေးရသေးတာမို့ ဖော်ပြထား ခြင်းမရှိ သေးပါဘူး)

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz