x

3.7.11

သစ္စာသည်သာ အားထားရာ



ကျမကို အားပေးနေတဲ့ စာဖတ်သူများကြောင့် ကျမရဲ့ ကလောင်သွား တစ်နေ့တစ်ခြား ပိုထက်လာ တာဖြစ် မှာပါ။ ကျမကိုစေတနာနဲ့ နားနားပြီးရေးဖို့ပြောကြပါတယ်။ ဒါပေမယ့် ဝါသနာက တားမရဘူးဖြစ်နေတယ် မနက်ပိုင်းရတဲ့အချိန်ကို စာဖတ်ပြီး ညပိုင်းရတဲ့အချိန်ကို ပို့စ်အသစ်အတွက် စိုင်းပြင်း။ အလိုလိုနေရင်း အဲဒီ လိုလေး ဖြစ်သွားပြီလေ။ ကျမရေးနိုင်တဲ့အထိ ရေးမှာပါ။ အခုလို ဝိုင်းဝန်းအားပေးတော့လည်း ကျမရေးရတာ အားအင်အပြည့်ပါ။ ကျမပြောခဲ့ဖူးတယ်လေ ကျမရဲ့ ဘလော့ဂ်ထဲကို ဝင်လိုက်လို့ ကျမအပြင်နောက်ထပ် တစ်ယောက် ရှိနေပြီဆိုရုံနဲ့တင် အလိုလိုနေရင်း ကျမအင်အားသစ်တွေ ရနေခဲ့ပါတယ်လို့။ ပို့စ်အသစ် ရေးလို စိတ်ပါပေါ်လာခဲ့ပါတယ်။

တာလေမှာ ၂နှစ်ကျော်ကြာလာတော့ မေမေ့မှာ အငယ်ဆုံးညီမလေး ကိုယ်ဝန်အရင့်အမာ ဖြစ်နေပြီ။ တာလေမှာ မီးဖွားဖို့ဆိုတာ စဉ်းစားရပါပြီ။ အဘယ့်ကြောင့်ဆိုသော် နောက်ဆုံးမောင်လေး ဟတ်စကီးကို တာချီလိတ်မှာ မီးဖွားစဉ်က မေမေအတော်လေး ဆင်းရဲပင်ပမ်းစွာ မီးဖွားခဲ့ရပါတယ်။ ၁၀ပေါင်၁၁အောင်စ ရှိတဲ့ ဟတ်စကီးကို မီးဖွားစဉ်က မေမေ့ရဲ့ အသက်ကို စိုးရိမ်ခဲ့ရပါတယ်။ ဒါကြောင့် အယင်ခေတ်က လူကြီး သူမတွေပြောတဲ့ ‘မိန်းမမီးနေ ယောက်ျားဖောင်စီး’ ဆိုတဲ့ အတိုင်းပါပဲ။ သေတွင်းကိုအံ့တုပြီး မေမေအလွတ် ရုံးခဲ့ရတယ်။ ဖေဖေဘယ်လိုပဲ ဖြောင်းဖျဖြောင်းဖျ မေမေတစ်ယောက် ကျိုင်းတုံဆေးရုံ မှာသာသွားရောက် မီးဖွားလိုပါတယ်လို့ တောင်းဆိုလာတဲ့အတွက် နောက်ဆုံးတော့ ဖေဖေခွင့်ပြုခဲ့ပါတယ်။ ထုံးစံအတိုင်း ကျမ ကတော့ မေမေ့ရဲ့ အနီးကပ်သက်တော်စောင့် အဖြစ် ကျိုင်းတုံခရီးကို လိုက်ပါလို့သွားရပါတယ်။

ကျိုင်းတုံခရီးကို တာချီလိတ်ကနေ လေယာဉ်ခရီးဖြင့် သွားရောက်ခဲ့ပါတယ်။ ဖေဖေကတော့ အလုပ်များနေ တာမို့ ကျိုင်းတုံမှာ ရှိတဲ့ ဖေဖေ့မိတ်ဆွေဇနီးမောင်နှံကို အကူအညီတောင်းပြီး မေမေ့ကို ဂရုစိုက်စေခဲ့ပါတယ်။ အငယ်ဆုံးညီမလေးကို ကျိုင်းတုံဆေးရုံမှာ မတ်လ(၂)ရက်နေ့ တောင်သူလယ်သမားနေ့မှာ မီးဖွားခဲ့တဲ့ အတွက် မေမေက ‘လယ်လယ်’ လို့ ပထမတော့ အမည်ကင်ပွန်းတပ်ဖို့ စဉ်းစားခဲ့ပေမယ့် ဖေဖေက သူ့သမီး ငယ်လေး အသက်အရွယ် ရလာတဲ့အခါမှာ မိန်းမလည် လို့ တစ်ခြားသူတွေ အထင်တစ်မျိုးဖြစ်မည်စိုးကာ ‘လဲ့လဲ့’ ဟူ၍ ကင်ပွန်းတပ်ခဲ့ပါတယ်။ ကျမတို့မောင်နှမတွေကို တိုက်ဆိုင်မှုလေးတစ်ခုခုပေါ်မှာ မူတည်ပြီး နာမည်ပေးတယ်လို့ ဖေဖေကပြောဘူးပါတယ်။ ကျမတို့မောင်နှမအားလုံးမှာ တစ်ယောက်ကို နာမည်သုံးမျိုး ဆီ ရှိကြပါတယ်။ အိမ်မှာသုံးတဲ့နာမည် ခရိယာန်ကျောင်းမှာသုံးတဲ့နာမည်နဲ့ အတန်းကျောင်းမှာ သုံးတဲ့ နာမည် တို့ဖြစ်ကြပါတယ်။ 

ကျမ မှတ်မိသလောက်တော့ ကျမရဲ့အစ်ကိုအကြီးဆုံးကို တီးတိုးဆိုပြီး နာမည်ပေးခဲ့ပါတယ်။ ထိုစဉ်က မာရှယ်တီးတိုး မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ခဲ့တယ်လို့ ဖေဖေကပြောပါတယ်။ တီးတိုးကနေ ကာလရွေ့လျားလာတော့ တီးတို ဖြစ်သွားခဲ့ပါတယ်။ ကျမကိုတော့ လုလုလို့ပေးခဲ့ပါတယ်။ ဖေဖေက ပြောတာတော့ ကျမကို မေမေမီးဖွားချိန်မှာ ဖေဖေက အသက်ကို လုပြီးဘဝကို ရင်ဆိုင်ရတာမို့ လုလုလို့ အမည်ပေးခဲ့တယ်လို့လည်း ပြောဘူးပါတယ်။ တစ်ခါ မေမေက ကရင်နာမည်ကို နှစ်သက်တာမို့ လုလုဆိုတဲ့ နာမည်ကို သဘောကျခဲ့တယ်လို့ သိရပါတယ်။ တူးမာကိုတော့ မီးဖွားစဉ်က မေမေ့ရဲ့ အစ်မမှာ မေမေ့ရဲ့ မီးဖွားမှုကိုသာအာရုံစိုက်နေရတဲ့အတွက် မီးဖိုတွင်တည်ထားတဲ့ အသားတွေ တူးကုန်ပြီးမာကုန်လို့ တူးမာ လို့ပေးခဲ့တယ်ပြောပါတယ်။ ရီစရာအနေနဲ့လား အမှန်တကယ်လားတော့ မသိဘူးလေနော်။ တူတူးကတော့ တူးမာက မေမေမီးဖွားပြီးပြီးခြင်း မေမေ့ရဲ့ ကျန်းမာရေးကြောင့် အစ်မဖြစ်သူကို ပေးလိုက်ရတဲ့အတွက် နောက်တစ်ယောက်မီးဖွားတဲ့အခါ တူးမာအတွက် အလွမ်းပြေ ဆိုပြီး မေမေကတူတူးလို့ပေးခဲ့ပါတယ်။ ကူကူးကို ကိုယ်ဝန်ရှိစဉ်က ကိုယ်ဝန် ရင့်မာသည့်အချိန်အထိ မေမေဟာ ရေကူးတာ မလျှော့ခဲ့ပဲ ပိုလို့ပင် အချိန်တိုး ကူးခဲ့ခြင်းကြောင့် ကူးကူး လို့ခေါ်ဆိုခဲ့ပြီး အချိန်ကြာလာတဲ့အခါမှာ ကူကူးဖြစ်ခဲ့ပါတယ်။ ပူစူးမ အမည် ဖြစ်ပေါ်လာခဲ့ရတာကိုတော့ ကျမ မမှတ်မိတော့ပါဘူး။ ဟတ်စကီးကို မီးဖွားစဉ်က မြန်မာပြည်မှာ ဟတ်စကီးလေယာဉ်တွေ စပေါ်ချိန်ဖြစ်တယ်လို့ ဖေဖေကပြောပါတယ်။ အဲဒီအချိန် တာချီလိတ်မှာ ကျမ တို့နေစဉ် ရာတန်တွေပြန်လည် သိမ်းတဲ့အချိန်လည်း ဖြစ်တာမို့ ဟတ်စကီးကျောင်းသွားရင် ကျောင်းနာမည် ကို ရာတန်သိန်းလို့ ဖေဖေက မှည့်ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် မကြာခဏနေမကောင်းဖြစ်တတ်တဲ့ ဟတ်စကီးရဲ့ ကျန်းမာရေးအရ တစ်ခြားအမည်တစ်ခုကို ထပ်ပြောင်းခဲ့ပါတယ်။ မေမေက ခရိယာန်ဖြစ်ပေမယ့် သားသမီး တွေကို နာမည်ပေးရင်တော့ နေ့နံကိုက်ပြီး ပေးလေ့ရှိပါတယ်။

ကျမရဲ့ ဖေဖေ့ကို ကျမသိတတ်တဲ့အရွယ်ကစပြီး အရမ်းချစ်ပါတယ်။ ဖေဖေမျက်စိမှိတ်သွားတဲ့အချိန်အထိ ဖေဖေနဲ့ပတ်သက်ပြီး ကျမမှာ ဘာတစ်ခုမှ နောင်တရပြီး ကျန်ခဲ့တာမျိုးမရှိခဲ့ပါဘူး။ ဖေဖေ့အပေါ် တာဝန် ကျေနိုင်သမျှကျေပြီး အကောင်းဆုံးဖြစ်အောင် ကျမကြိုးစားပေးခဲ့ပါတယ်။ တစ်ကြိမ်တစ်ခါမျှ ဖေဖေ ကျမကို စိတ်တိုင်းမကျတာမျိုး ငြိုငြင်တာမျိုး အော်ငေါက်တာမျိုး မဖြစ်ဖူးခဲ့ပါ။ ကျမအကြောင်းကို အခုရေးသားချပြ တာဟာ အကြောင်းရှိပါတယ်။ ကျမဟာ အသက်(၇)နှစ်နောက်ပိုင်းမှာ မကြာခန ခေါင်းကိုက်တတ်သလို ဖျားနာတတ်ပါတယ်။ ရောဂါတစ်ခုခုဖြစ်ပြီဆိုလျင်လည်း ကျမဖြစ်တာများပါတယ်။ လူကြီးတွေပြောနေကျ စကားအတိုင်းပြောရရင် ‘ထီကနဲဆိုရင် ဗေထိပဲ’ လို့ကျမကို နောက်နောက်ပြီး ပြောစမှတ် ပြုလာကြပါတယ်။ ကျမရဲ့ အတိတ်ကံအကြောင်းတွေကို ပေးဆပ်နေတာပါ။ အကြောင်းဆိုးခဲ့လို့ အကျိုးဆိုးတာဖြစ်မှာပေါ့လေ။ ကျမအတွက် ကောင်းတဲ့အချက်လေးတစ်ချက်ကတော့ ညလယ်လောက် ဖေဖေအလုပ်လုပ်ရင်း ဗိုက်ဆာ တယ်ဆိုရင် ကျမဖေဖေ့အတွက် စားစရာတစ်ခုခုကို ထလုပ်ပေးလေ့ရှိပါတယ်။ ဖေဖေအိပ်ယာဝင်သွားပြီဆိုမှ ကျမသိမ်းဆည်းစရာတွေရှိတာ သိမ်းဆည်းပြီး အိပ်ပါတယ်။ ကလေးငယ်လေးနဲ့ ပင်ပမ်းနေတဲ့ မေမေ့ကို ကျမဘယ်တော့မှ စိတ်အနှောက်အယှက် မပေးခဲ့ပါဘူး။ ကျမရဲ့ အကြောင်းကောင်းလာတဲ့အတွက် အကျိုး ကောင်းလာတာကို အတိတ်အကြွေးဆပ်လို့ ကုန်သွားတဲ့အခါမှာ ဆိုက်ဆိုက်မြိုက်မြိုက် ခံစားခွင့်ရလာပါ တော့တယ်။

ကျမ Textile Testing Course ကို ၁၉၉၄ခုနှစ် ဇူလိုင်လမှာ အိန္ဒိယနိုင်ငံ ကွိုင်ဘတိုးမြို့မှာ သွားရောက်ပညာ သင်ခွင့် ရခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျမတို့နေတဲ့ စက်မှုမြို့တော်လေးကို အမေရိကားမှ ဆေးပညာရှင် အဖွဲ့ ရောက်လာခဲ့ပြီး အဲဒီအဖွဲ့မှာ ခေါင်းကြီးကိုက်ရောဂါ (Migraine) အထူးကု သမားတော်ကြီးတစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ ကျမတို့တက်နေတဲ့ သင်တန်းကျောင်းကို Migraine ရောဂါ ရှိသူစာရင်း လာကောက် တာနဲ့ ကြုံတာမို့ ကျမတို့ရဲ့ ပရော်ဖစ်ဆာက ကျမအမည်ကို ထည့်ပေးလိုက်ပါတယ်။ ကျမကိုရက်ချိန်းပေးပြီး ဆေးကုသမှုကို စတင်ကာ (၁၀)ရက် ဆက်တိုက်ဆေးကုသမှု ပြုပါတယ်။ ထိုသို့ပညာသင်ကြားနေစဉ် ကျမ Migraine ရောဂါဝင်ပြီဆိုက ဝိုင်းဝန်း ပြုစု ဂရုစိုက်ပေးတဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများဖြစ်တဲ့ ကိုနိုင်ဝင်းအောင်နဲ့ မချစ်ချစ်ဆွေတို့ကို အချိန်တွေကြာသွားသည့်တိုင် ကျေးဇူးတင်နေဆဲပါ။ မိသားစုနဲ့ ဝေးကွာနေချိန်မှာ နေထိုင်မကောင်းဖြစ်လျှင် စိတ်ရဲ့ ညှင်းပန်းနှိပ်စက်မှုခံရတာ ပိုဆိုးပါတယ်။ ကျမကို Migraine နဲ့ပတ်သက်ပြီး ထိုစဉ်က နောက်ဆုံးပေါ်ဆေးကို တစ်နှစ်စာပေးခဲ့ပါတယ်။


ပညာသင်ကာလ ကုန်ဆုံးပြီးသွားတဲ့အခါမှာ ကျမတို့ ဗုဒ္ဓဂါယာဖက်ကို ခရီးဆက်ခဲ့ကြပါတယ်။ အခွင့်အရေး ဆိုတာ တစ်ကြိမ်ပဲရမယ် နောက်တစ်ကြိမ်ဆိုတာ မသေချာဘူးလို့ လူကြီးတွေရဲ့ ဆိုဆုံးမအတိုင်း ကျမတို့ မရောက် ရောက်အောင် နေရာအနှံ့ကိုသွားခဲ့ပါတယ်။ နောက်ဆုံးနေ့မှာ မြတ်ဗုဒ္ဓ ခြောက်နှစ်တာကာလ ဒုက္ကရစရိယာ ကျင့်ကြံအားထုတ်ခဲ့သော တောင်တန်းကြီးအား မျှော်မှန်းကန်တော့ခြင်း၊ ညီတော် အာနန္ဒာ သီတင်းသုံးတော်မူသောနေရာ၊ မြတ်ဗုဒ္ဓသီတင်းသုံးတော်မူသော နေရာ ဂိဇ္ဈကုဋ်တောင်ထိပ်သို့ ရောက်ခဲ့ ကြပါတယ်။ မြတ်ဗုဒ္ဓသီတင်းသုံးတော်မူတဲ့ နေရာမှာ ကျမလည်း ပုဆစ်တုတ်ထိုင်ပြီးလျှင် ရိုသေစွာကန်တော့ ပြီး သစ္စာဆိုခဲ့ပါတယ်။ “တပည့်တော်သည် မွေးသဖခင် ကျေးဇူးရှင်အား စိတ်ရင်းစေတနာ မှန်ကန်စွာဖြင့် ယနေ့တိုင် ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်တို့ကို မိမိတတ်စွမ်းသလောက် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တစ်ကြိမ်တစ်ခါမျှ ဖခင်အား စိတ်ငြိုငြင်အောင် မလုပ်ခဲ့ပါ။ ဖခင်ပြောသမျှ ဆိုသမျှသော စကားတို့ကိုလည်း မြေဝယ်မကျနားထောင်ခဲ့ပါတယ်။ ဤမှန်ကန်သော သစ္စာစကားကြောင့် တပည့်တော်တွင် စွဲကပ်နေသော ခေါင်းကိုက်ဝေဒနာသည် အမြန်ဆုံးပျောက်ကင်းပါစေသော် ဝဋ်ကြွေးများရှိပါကလည်း အမြန်ဆုံးပြေပါစေ သား” လို့ဆုတောင်းခဲ့ပါတယ်။ ကျမရဲ့တောင်းဆုကိုလည်း အတူပါ သူငယ်ချင်းနှစ်ယောက်ကို ပြောပြခဲ့ ပါတယ်။

အားလုံးဟာ တိုက်ဆိုင်မှုလို့ပဲဆိုရမလား ဝဋ်ကြွေးတွေပဲ ကြေသွားပြီလား မိမိတိုင်ခဲ့တဲ့သစ္စာကတော့ အမှန် တကယ်ကို အစွမ်းပြလာပါတယ်။ ကျမမြန်မာပြည်ပြန်ရောက်ပြီးတဲ့အခါ ယခင် တစ်လကို နှစ်ကြိမ်ခန့်ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာဟာ သုံးလနေလို့ တစ်ကြိမ်မဖြစ်တော့ပါ။ တဖြည်းဖြည်းနဲ့ တစ်နှစ်တစ်ကြိမ်ပင် ဖြစ်ရခဲပြီး လုံးဝပျောက်ကင်းသည့် အခြေအနေသို့ ရောက်သွားပါတယ်။ ကျမတွင် Migraine ရောဂါအရှင်း ပျောက်ကင်း သွားပြီဆိုတာကို သိလာတဲ့ ဆွေမျိုးများနဲ့ မိသင်္ဂေဟများကပါ ကျမအတွက် ဝမ်းသာခဲ့ကြပါတယ်။



မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz