x

4.7.11

ကျမတို့ချစ်သောဖေဖေ



၂၀၀၂ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့ နံနက် (၈) နာရီ ကျမ ကုမ္ပဏီသွားဖို့ရာ ပြင်ဆင်နေချိန် ဖုန်းသံ ကြား၍ ကောက်ကိုင်လိုက်တော့ ညီမလေးဆီက ဖုန်းဖြစ်နေတယ်။ “မတင့် အလုပ်သွားတော့မလို့လား ဟင်” လို့ ညီမလေးကမေးပါတယ် “ဟုတ်တယ် rose အခုပဲ ထွက်တော့မလို့၊ ဘာဖြစ်လို့လဲ၊ ဖေဖေ နေကောင်းရဲ့ လား” ဟု ကျမကပြန်မေးရာ ညီမလေးက “နေကောင်းပါတယ် ဒါပေမယ့် ဖေဖေကခေါ်ခိုင်းလို့” ဒါဆိုရင်တော့ တစ်ခုခုပဲလို့ ကျမတွေးမိတယ်။ ဖေဖေရဲ့ စိတ်ကို ကျမတို့မောင်နှမများအားလုံး သိပါတယ်။ ဖေဖေက သားသမီးတွေအပေါ်စည်းကမ်းကိုင်တာက တကဏ္ဍပါ တစ်ခုခုတောင်းဆိုရမှာကိုတော့ အင်မတန်အားနာ တတ် ဝန်လေးတတ်တဲ့ဖေဖေပါ။ သားသမီးတွေက အလိုက်တသိ ကန်တော့တဲ့ ပစ္စည်း လက်ဆောင်ပေးတဲ့ ပစ္စည်းကလွဲလို့ တစ်ကြိမ်တစ်ခါမျှ တောင်းဆိုခြင်းမျိုးမရှိခဲ့သော ဖေဖေပါ။ နေမကောင်းဖြစ်သည့်အခါ လိုအပ် သည့် ပစ္စည်း ဆေးများကို ကျမက အစ်မကြီးပီပီ စီမံခန့်ခွဲပြီး ဝယ်ခြမ်းပေးခြင်းမျိုး ဆောင်ရွက်ရပါတယ်။ ဒီလို လုပ်ဆောင်တာကိုပင် ဖေဖေကအားနာနေပါသေးတယ်။

ကျမလည်း “ဒါဆိုရင် မတင့် ဆေးရုံပဲအရင်လာလိုက်မယ်လေ ဖေဖေနဲ့ တွေ့ပြီးမှပဲ ကုမ္ပဏီကို ပြန်သွားလိုက် တော့မယ်” လို့ ညီမလေးကို ပြန်ပြောလိုက်ပါတယ်။ “ အဲဒါကောင်းပါတယ် ဒါဆိုရင်စောင့်နေမယ် လာခဲ့နော်” လို့ ညီမလေးက အားကိုးတကြီး ကျမကိုလှမ်းပြောပြီး ဖုန်းချသွားပါတယ်။ ကျမလည်း ခြေဦးကို ကုမ္ပဏီအစား ဖေဖေတက်နေသော အထွေထွေကုဆေးရုံကြီး (ဂျပန်ဆေးရုံ)ဖက်ကို လှည့်လိုက်ပါတော့တယ်။ ဆေးရုံရဲ့ တတိယထပ်မှာ ဆေးရုံတင်ထားရသော ဖေဖေ့ကို ညီမလေး rose ကစောင့်နေပါတယ်။ မြန်မာပြည်မှာ ထိုစဉ်အခါက သားသမီး (၈)ယောက် အနက် ကျမတို့ ညီအစ်မ နှစ်ယောက်သာ ရှိနေပါတယ်။ ကျန်မောင်နှမ များ အားလုံး ရေခြားမြေခြား တိုင်းတစ်ပါးတွင် အလုပ်လုပ်နေကြပါတယ်။ ဖေဖေနဲ့ မေမေ့ကို မောင်နှမများ အားလုံး နှစ်နှစ်ကို တစ်ကြိမ် ပြန်ဆုံကြပြီး ဗုဒ္ဓဘာသာဝင် မောင်နှများက ကန်တော့ကြပြီး ခရိယာန် မောင်နှမ များကတော့ ထိုင်ကန်တော့ခြင်းမဟုတ်ပဲ ဂါရဝပြု အရိုအသေပေးကြပါတယ်။ ကျမတို့မောင်နှမတစ်တွေရဲ့ ထူးခြားဖြစ်စဉ်လေးပါ။

အထက်သားသမီး (၄)ယောက် အောက်သားသမီး (၄)ယောက် စုစုပေါင်း ကျမတို့ မောင်နှမ (၈)ယောက်ရှိ ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တစ်ကြိမ်တစ်ခါမျှ ရန်မဖြစ်ခဲ့ပါ။ ကျမဖေဖေနဲ့မေမေတို့ရဲ့ သွန်သင် ဆုံးမမှုဟာ ကျမတို့အားလုံးရဲ့ ဘဝတစ်သက်စာအတွက် တန်ဖိုးကြီးမားလှပါပေတယ်။ အငယ်တွေက ကိုယ့်ထက်ကြီးသူကို ရိုသေစွာဆက်ဆံသလို ကြီးသူကလည်း အငယ်တွေကို လေးစားချစ်ခင်အောင် နေခဲ့ကြပါတယ်။ အသက်အရွယ်ကြီးသူက အသက်ငယ်သူကို တာဝန်ယူတတ်အောင်လည်း ဖေဖေက စံပြအနေဖြင့်လက်တွေ့ လုပ်ပြခဲ့ပါတယ်။ ဥပမာ ဖေဖေ့ရဲ့ ညီ ညီမတွေကို ပညာသင်စရိတ် ထောက်ပံ့ခြင်းဖြင့် တာဝန်ယူပေးခဲ့ပါတယ်။ ကျမ တက္ကသိုလ်တက်နေချိန်မှာ အစ်ကိုအကြီးဆုံးဖြစ်သူက ကျမရဲ့ ကျောင်းစရိတ် ကို တတ်အားသ၍ တာဝန်ယူခဲ့ရပါတယ်။ ကျမရဲ့ မောင်ငယ် ညီမငယ်တို့ကို တစ်လှည့် ပြန်ပြီး ကျမက မုန့်ဖိုး ထောက်ရပါတယ်။ အသိစိတ်ဓာတ်ရှိအောင် ရိုက်သွင်းပေးခြင်းပဲ ဖြစ်ပါတယ်။ တကယ်တော့ ကျမတို့တစ်တွေ တစ်ချိန်ချိန်တွင် မိဘများ မျက်ကွယ်ပြုချိန်၌ ဟန်မပျက် အခြေတကျ နေထိုင်သွားနိုင်အောင် ဖေဖေ့ရဲ့ ကျမတို့အပေါ်ထားခဲ့တဲ့ စေတနာပါ။

ကျမ ဖေဖေ့ရဲ့အခန်းထဲကို ဝင်သွားတော့ လူနာကုတင်ပေါ်ကနေ ဖေဖေက ကျမကို လှမ်းမြင်တာနဲ့ ခေါင်း တချက်ညိတ်ပြပါတယ်။ ကျမရောက်လာတာကို အသိအမှတ်ပြုတဲ့ သဘောပါ။ ကျမလည်း ဖေဖေ့အနား ကပ်ပြီး ဖေဖေ့လက်ကို ဆုပ်ကိုင်ရင်း “ဖေဖေ တွေ့ချင်တယ်ဆိုလို့ ဆေးရုံကို တင့်တင့် တိုက်ရိုက်လာတာ။ ဘာလုပ်ပေးရမလဲ ဟင် ။ နေကောကောင်းရဲ့လား” ကျမက ဖေဖေ့ကို ဆက်တိုက်မေးပါတယ်။ ဒီတော့ ဖေဖေက ကျမရဲ့လက်ကိုသူ့ရဲ့ ဘယ်ဖက်လက်နဲ့ ပြန်ဆုပ်ကိုင်လိုက်သလို ဖေဖေ့ရဲ့ ညာဖက်မှာ ရပ်နေတဲ့ ညီမလေး rose ကိုလည်း သူ့ရဲ့ ညာဖက်လက်နဲ့ဆုပ်ကိုင်လိုက်ပါတယ်။ ပြီးတော့ တစ်ချက်ပြုံးပြပါတယ်။ ကျမတို့ ညီအစ်မနှစ်ယောက်စလုံး ဖေဖေပြောမဲ့ စကားကို အာရုံစိုက်နေချိန်မှာ ဖေဖေက သူ့ရဲ့လက်နှစ်ဖက် ကို ပြန်ရုပ်လိုက်ပါတယ်။ ပြီးတော့ “ဖေဖေ အနားယူတော့မယ် တင့်တင့် ဖေဖေ့အတွက် ပရိတ်ကြီး (၁၁)သုတ် ဖွင့်ပေးပါအုံး” လို့ ပြောတာမို့ ကျမလည်း ဖေဖေ့ခေါင်းရင်းမှာ ရှိတဲ့ ဖေဖေနားထောင်နေကျ တရားခွေတွေ ထဲကနေ ပရိတ်ကြီး (၁၁)သုတ် အခွေကို ရွေးထုတ်ပြီး ဖွင့်ပေးလိုက်ပါတယ်။ ဖေဖေက မျက်စိကို မှိတ်ပြီး တရားမှတ်နေပါတယ်။ ညီအစ်မနှစ်ယောက်ကတော့ နေ့လည်ဖေဖေ့ကို ကျွေးမည့်အဟာရအကြောင်း ပြောဆိုပြီး ၉နာရီခွဲမှာ တရားခွေဆုံးသွားတော့ ဖေဖေရဲ့ နှုတ်ကနေ “သာဓု သာဓု သာဓု” ဟူ၍ သုံးကြိမ်ရွတ်ပြီး လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ယှက်လိုက်ပါတယ်။ ဖေဖေ့ရဲ့ လုပ်ဆောင်ချက်ကြောင့် ညီအစ်မနှစ်ယောက် ဖေဖေ့အနားကပ်ရပ်ရင်း ဖေဖေဘာထပ်ပြောမလဲဆိုတာ နားစွင့်နေပေမယ့် ဖေဖေ ကတော့ ဘာမှမပြောပါ မျက်လုံးဖွင့်ပြီးလည်း ကျမတို့ကိုမကြည့်ပါ။ ကျမစိုက်ကြည့်နေတုန်း ဖေဖေ့ရဲ့ဦးခေါင်း လေးက မသိမသာ ဘေးဖက်ကို ငဲ့စောင်းလိုက်တဲ့အခါမှာတော့ ကျမရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားပါတယ်။ ဖေဖေ့ခေါင်းရင်းက လူခေါ်ခလုတ်ကို ကျမနှိပ်လိုက်တယ်ဆိုရင်ပဲ ဆရာဝနဲ့ သူနာပြုတို့ ရောက်လာပါတယ်။ ကျမဘာမှမပြောမီ ဆရာဝန်က ဖေဖေ့ကို စမ်းသပ်မှုပြုလုပ်ပြီး “ဆုံးပြီ” လို့ပြောပါတယ်။ ညီအစ်မနှစ်ယောက် စလုံး ကြောင်အမ်းအမ်း ဖြစ်သွားပါတယ်။ “ဆရာ အခုပဲ ကျမတို့နဲ့စကားပြောနေတာ သေချာစစ်ပေးပါ ဆရာရယ် ဘယ်လိုမှတော့ မအောင့်မေ့ပါနဲ့နော် ခြေ လက်တွေကလည်း နွေးနွေးလေး” လို့ ကျမက ဆရာဝန် ကို တောင်းတောင်းပန်ပန် ပြောလိုက်ပါတယ်။ “ဆရာမ စက်လေးသွားယူခဲ့ပါ စက်နဲ့စမ်းလိုက်ရအောင်” လို့ ဆရာဝန်က သူနာပြုဆရာမကို ပြောရင်း ဖေဖေ့ကို လိုအပ်သလို စစ်ဆေးမှုများပြုလုပ်နေပါတယ်။ ဆရာမ ပြန်ရောက်လာတော့ နှလုံးခုန်စက်နဲ့ စမ်းသပ်ပြပြီး နှလုံးခုန်တာရပ်နေကြောင်း ကျမတို့ကို ပြပါတယ်။ ညီမလေး ကျိတ်ပြီးငိုနေတာကို ကြည့်ပြီး ကျမလည်း ချက်ခြင်းတော့ စိတ်မထိန်းနိုင်ပဲ မျက်ရည်ကျမိခဲ့ပါတယ်။ ကျမတို့ မိသားစုကြီး ဆွေမျိုးများ အားထားရသော ငှက်တစ်သောင်းတို့ နားခိုရာဖြစ်သည့် သစ်ပင်ကြီး ပြိုလဲသွားပြီ မဟုတ်ပါလား။ ကျမ ကြာကြာတွေးတောနေလို့မရပါ။ နေမကောင်းသဖြင့် အိမ်မှာနားနေသော မေမေ့ကို အရင်ဆုံး အကြောင်းကြားပါတယ်။ ပြီးတော့ ဖေဖေ့ညီမတွေ ညီတွေကို အကြောင်းကြားပါတယ်။ နောက်ဆုံးတော့ ရေခြားမြေခြားမှ မောင်နှမများ အားလုံးကို အကြောင်းကြားပြီး သင်္ဂြိုလ်မဲ့ရက်ကို တစ်ခါ တည်းပြောလိုက်ပါတယ်။

မောင်နှမတွေအားလုံး ဆုံခဲ့တဲ့ ၂၀၀၂ခုနှစ် ဖေဖေါ်ဝါရီလတုန်းက ဖေဖေကပြောခဲ့ဘူးပါတယ်။ “နိုင်ငံခြား ရောက်နေတဲ့ သားသမီးတွေကတော့ ဖေဖေ တစ်ခုခုဖြစ်ရင် အလုပ်ရှုပ်ခံပြီး ပြန်လာတာမျိုး မလုပ်ကြပါနဲ့။ အခုလည်း တွေ့ကြတာပဲမဟုတ်လား။ သံရုံးမှာသွားပြီး ဗီဇာယူရတာခက်ပါတယ်” တဲ့။ အမြဲတန်း သားသမီး တွေအတွက် စိုးရိမ်တတ်တဲ့ဖေဖေပါ။ ဒါပေမယ့် ကျမဖေဖေ့ရဲ့ နောက်ဆုံးခရီးကို သားသမီးတွေအားလုံး မောင်နှမတွေအားလုံး ဆွေမျိုးများအားလုံး ဖေဖေ့မိတ်ဆွေများအားလုံး သိုက်သိုက်ဝန်းဝန်း လိုက်ပို့စေချင် တာက ကျမရဲ့ဆန္ဒပါ။ ဒါကြောင့်လည်း လက်လှမ်းမှီသလောက် ကျမအကြောင်းကြားခဲ့ပါတယ်။ ဖေဖေ့ရဲ့ နာရေးကိစ္စ အကြောင်းကြားပြီးတာနဲ့ မောင်နှမတွေလည်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြပါ တယ်။ အချိန်နောက်ကျရောက်လာတဲ့ မောင်တစ်ယောက် ကတော့ လေယာဉ်ကွင်းမှ မီးသင်္ဂြိုလ်သည့် နေရာသို့ တိုက်ရိုက်လာပါတယ်။ ဖေဖေ့ရဲ့ နောက်ဆုံးခရီး အလွန်စည်ကားလှပါတယ်။ ဖေဖေ့ရဲ့ ဝိညဉ်မဲ့ ရုပ်ခန္ဓာကို သရဏဂုံတင်ပေးပြီး အားလုံးထိုင်ကန်တော့ကြပါတယ်။ ဆွေမျိုး မိတ်ဆွေအားလုံးနီးပါး ဖေဖေ့ ရဲ့နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ကြတာကြောင့် ဖေဖေ့အတွက် ဝမ်းသာမိပါတယ်။ "လူချစ်လူခင်ပေါတဲ့ ဖေဖေတစ်ယောက် အားလုံးရဲ့ တောင်းဆုတွေကို ခံယူခွင့်ရပြီး ကောင်းရာသုဂတိသို့ လားပါစေ"

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz