6.7.11

ဘယ်ရပ်ဌာနေ


လူ့ဘုံလောကကြီးထဲမှာ အစစအရာရာ ပြီးပြည့်စုံမှုဆိုတာ မရှိသလောက် ရှားပါတယ်။ အနည်းနဲ့အများတော့ မိသားစုတိုင်းဟာ တွေ့ကြုံကြရတဲ့ အခက်အခဲများကို ကိုယ်တိုင် ဖြေရှင်းကြရစမြဲပါ။ ကျမဘဝငယ်စဉ်ကစလို့ ရှားပါးတဲ့ အတွေ့အကြုံလေးတွေကို မျက်ဝါးထင်ထင် တွေ့ကြုံဖန်များလေတော့ အသစ်အသစ်သော အတွေ့ အကြုံတွေဟာ ကျမအတွက် ဆန်းကျယ်တဲ့ အရာတွေ မဟုတ်တော့ပါဘူး။ ခက်ခဲတဲ့ အခြေအနေဖြစ်ပါစေ လွယ်ကူစွာပဲ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ထိုသို့ဖြေရှင်းတတ်အောင်လည်း အလျင်းသင့်ရင်သင့်သလို ဖေဖေက သင်ပေးခဲ့ပါတယ်။

 စည်းကမ်းဆိုတာလည်း လိုက်နာရင်းအကျင့်ရသွားရင် မခက်ခဲပါဘူး။ ကျမ မှတ်မိပါသေးတယ်။ နွေရာသီ ကျောင်းပိတ်ရက် အစ်ကိုလည်းကျမတို့ဆီပြန်ရောက်ချိန် အဲဒီလိုအချိန်တွေမှာ မိသားတစ်စုလုံးဆုံပါတယ်။ ထမင်းစားပွဲရှည်မှာ တစ်ဖက် ၄ခုံစီ ထားပြီး ထိပ်နှစ်ဖက်မှာလည်း တစ်ခုံစီထားထားပါတယ်။ သား ၄ယောက် က တစ်ဖက် သမီး ၄ယောက်က တစ်ဖက် ဖေဖေနဲ့မေမေက ထိပ်တွေမှာထိုင်ပြီး ထမင်းစားကြရပါတယ်။ မနက် ကော်ဖီချိန်ကို ၇နာရီသတ်မှတ်ထားပြီး နေ့လည် ထမင်းစားချိန်ကို ၁၁ နာရီသတ်မှတ်ပါတယ် လဘက် ရည်ချိန်ကို ညနေ၃နာရီ သတ်မှတ်ပြီး ညထမင်းစားချိန်ကိုတော့ ည ၇နာရီသတ်မှတ်ထားခါ တစ်ပြိုင်တည်း အားလုံးအတူတူ စားကြရပါတယ်။ အလုပ်တွေ အားလုံးပြီးတဲ့ ညပိုင်းမှာတော့ မောင်နှမတွေ ဝိုင်းဖွဲ့စကား ပြောခဲ့ကြတဲ့အချိန်လေးတွေကို ပြန်လည်သတိရလို့ တမ်းတမိပါတယ်။

ကျမတို့မောင်နှမ (၈)ယောက်မှာ မောင်လေးတူတူးက နံပါတ်(၄) ဖြစ်ပြီး သူ အသက် (၂)နှစ်ကစလို့ မိခင်ရဲ့ မေတ္တာဓာတ်နဲ့ နွေးထွေးမှုအရိပ်ကို လက်လွှတ် ဆုံးရှုံးခံခဲ့ရသူ ဖြစ်တာကြောင့် ဖေဖေ့ရဲ့ အထူးအရေးပေးမှုကို ခံခဲ့ရသူတစ်ယောက်ပါ။ တူတူးက ငယ်စဉ်ထဲက ကျမနဲ့ဖေဖေ့ကို အချစ်ဆုံးလို့ မကြာခနပြောလေ့ရှိပါတယ်။ ကျမကလည်း တူတူးကို ကျန်မောင်နှမတွေထက် ပိုပြီး ဂရုစိုက်ခဲ့တယ်လေ။ အများအားဖြင့် သား ယောက်ျား လေးတွေ အရွယ်ရောက်လာပြီဆိုရင် သမီး မိန်းကလေးတွေလို အိမ်သိပ်မကပ်ပါဘူး။ ဒါကလည်း အပြစ်ဆိုလို့ မရပါဘူး သဘာဝတရားပါ။ အလွန်ရှားတဲ့ အိမ်ကပ်တဲ့သားယောက်ျားလေးမျိုးတော့ တွေ့ဘူးပါတယ်။ တူတူး လည်း အရွယ်လေးရောက်လာတယ် ဆိုရင်ပဲ အပေါင်းအသင်းလေးတွေနဲ့ သွားချင်လာချင်တာပေါ့လေ။ ကျမလည်း နားလည်ပေးပါတယ်။ သူ့ခေတ်သူ့အခါပဲမို့ ခွင့်ပြုတယ် ခွင့်လွှတ်တယ်ပေါ့နော်။ တူတူးဟာ အပေါင်းအသင်းစုံလာတာနဲ့အမျှ အိမ်မှာသတ်မှတ်ထားတဲ့ စည်းကမ်းပိုင်းလေးတွေကို လိုက်နာမှုပျက်ကွက် လာပါတယ်။ ဒီတော့ ဖေဖေက တူတူးကိုသီးသန့်ခေါ်ပြီး ဆုံးမရတဲ့အထိ ဖြစ်လာပါတယ်။ တူတူးက ဖေဖေ့ကို ချစ်တဲ့အတွက် ဖေဖေ့ရဲ့ ဆုံးမမှုကိုခံယူပြီး သူနိုင်ငံခြားကိုထွက်ခြင်တယ်လို့ တောင်းဆိုလာပါတယ်။

တကယ်တော့ ကျမတို့မောင်နှမတွေကို ဖေဖေက အသက်(၁၈) နှစ်ပြည့်ပြီဆိုတာနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေး ထားပါတယ်။ ပညာကို ဆုံးခန်းတိုင်အောင် သင်ပေးပြီး အကယ်၍သာ နိုင်ငံခြားထွက် အလုပ်လုပ်လိုက လည်း ကိုယ့်ဖာသာကိုယ် အဆက်အသွယ်ရှာပြီး သွားခွင့်ပြုထားပါတယ်။ ကိုယ့်အစွမ်းအစနဲ့ကိုယ် ဘဝကို ရပ်တည်စေပါတယ်။ အားလုံးဘွဲ့ရလာတဲ့အခါမှာတော့ တစ်ယောက်ပြီး တစ်ယောက် အလျှိုလျှိုထွက်သွား ကြတာကြောင့် နောက်ဆုံး အစ်ကိုကြီး၊ ကျမ နဲ့ ညီမအလတ်သာ မြန်မာပြည်မှာ ကျန်ခဲ့ပါတယ်။ ကိုယ်စိတ် ထက်သန်ရာ နိုင်ငံအသီးသီးကို မောင်နှမများထွက်ခွာသွားချိန်က အခုလို အင်တာနက်ခေတ်မရောက်သေး တော့ တစ်လနေမှ ဖုန်းတစ်ကြိမ်ပြောဖို့ အင်မတန်ခက်ခဲတာမို့ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် မပြတ်အောင် စာတိုက်ကနေ စာပို့ပြီးဆက်သွယ်ခဲ့ကြရပါတယ်။ နွေ မိုး ဆောင်း ရာသီတွေအလီလီပြောင်းပြီး နှစ်တွေကြာလာတဲ့အခါမှာတော့ ဖုန်းနဲ့ဆက်သွယ်လို့လွယ်တဲ့ အခြေအနေမျိုးရောက်လာသလို မောင်နှမ တွေအားလုံး တိုင်းတစ်ပါးမှာ အဆင်ပြေတာသိရတဲ့အတွက် မြန်မာပြည်မှာ ကျန်ရစ်တဲ့ မိသားစုအားလုံး ဝမ်းသာကြရပါတယ်။ ၁၉၉၅ ခုနှစ်မှာ စင်္ကာပူနိုင်ငံကိုထွက်သွားတဲ့ တူတူးတစ်ယောက်ကတော့ စင်္ကာပူမှာ အလုပ်ရှာရင်း ဗီဇာသက်တမ်းတိုးမရတာနဲ့ ရရာအလုပ်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထိုင်းနိုင်ငံ အကျဉ်း ထောင်ရဲ့ လုံထိန်းအလုပ်ကို ဝင်လုပ်နေတယ်ဆိုတာ ကျမကို သူဆက်သွယ်ပြောခဲ့လို့ သိခဲ့ရပါတယ်။ တစ်နေ့ ကျမဆီကို တူတူးဖုန်းဆက်လာတယ်။

“အစ်မရေ လုံထိန်းအလုပ်က တကယ်မလွယ်ဘူး တစ်နေ့တစ်နေ့ ထောင်သားတွေကို ရိုက်နှက်နေရတဲ့ အလုပ်ပဲ။ တူတူးလည်း ဒီအလုပ်ကြီးကို မလုပ်ချင်တော့ပါဘူး။ စိတ်ဆင်းရဲတယ်။ အခုဒီမှာလုပ်တာ နှစ်နှစ် ကျော်နေပြီ။ ဒီတစ်ခေါက်လစာထုတ်ပြီးရင်တော့ မလေးဖက်ကို ပြောင်းဖို့စဉ်းစားထားတယ်” လို့ တူတူးပြော တုန်းက အဲဒီအကြိမ်ဟာ ကျမအတွက် မောင်လေးနဲ့ နောက်ဆုံးအကြိမ် စကားပြောရခြင်းပဲဆိုတာ ကျမ ဘယ်လိုမှ မထင်ခဲ့ဘူးလေ။ တစ်လကို တစ်ကြိမ်လဆန်းရက်ဆိုရင် တူတူးက ကျမဆီဖုန်းဆက်နေကျပါ။ သူဖုန်းဆက်တိုင်း ပြောနေကျစကားက ‘ဖေဖေနေကောင်းလား ကိုကိုနေကောင်းလား အစ်မရောနေကောင်း ရဲ့လား ကျန်တဲ့မောင်နှမတွေရော အဆင်ပြေကြလား ထိုင်းကဘာမှာအုံးမလဲ လိုတာရှိရင်ပြောနော်’ ကျမ နားထဲမှာ လစဉ်ကြားခဲ့ရတဲ့ စကားလုံးလေးတွေမို့ ကြားယောင်နေဆဲပါ။ တူတူးဆီက နောက်တစ်လကစပြီး ဘယ်လိုအဆက်အသွယ်မှမရတော့ပေမယ့် ကျမစိတ်ထဲမှာ မလေးရှားကိုပြောင်းသွားလို့ လောလောဆယ် အလုပ်များနေတာကြောင့် မဆက်သွယ်တာပါလေ ဆိုပြီး ကိုယ့်စိတ်ကိုယ်ဖြေခဲ့ပါတယ်။ တစ်လ နှစ်လ သုံးလ ကြာလာတဲ့အခါမှာတော့ ကျမစိုးရိမ်စ ပြုလာပါတယ်။ ဖေဖေကလည်း ဖုန်းအဆက်အသွယ် မလုပ်တော့တာ ကြောင့် ကျမကို တူတူးအကြောင်း မကြာခဏမေးပါတယ်။ ဖေဖေစိုးရိမ်မှာကိုလည်း ကျမ မလိုလားသလို တူတူးတစ်ခုခုဖြစ်သွားမှာကိုလည်း စိုးရိမ်စိတ်တွေ လွန်ကဲခဲ့မိတယ်။ ကျမလည်း နောက်ဆုံး တူတူးမိတ်ဆွေ  တွေကို ရနိုင်တဲ့နည်းလမ်းတွေနဲ့ စုံစမ်းရာကနေ တူတူးနဲ့အတူတူ အလုပ်လုပ်တဲ့ မောင်သိန်းထွန်းဆိုသူနဲ့ အဆက်အသွယ်ရခဲ့တယ်။ မောင်သိန်းထွန်းရဲ့ ပြောပြချက်အရ တူတူးနဲ့ ကျမတို့ဖုန်းပြောပြီးတဲ့လက သူ နောက်ဆုံးအလုပ်လုပ်ခဲ့တာလို့ သိရတယ်။ လကုန်တော့ လစာထုတ်ပြီး သူ မလေးရှားကို ပြောင်းတော့မယ် ဆိုပြီး ထွက်သွားတယ်လို့ ပြောပါတယ်။ မောင်သိန်းထွန်းရဲ့ နောက်ဆက်တွဲစကားဟာ ကျမအတွက် အတော် လေး စိုးထိတ်ဖွယ်ရာ ဖြစ်သွားစေပါတယ်။ “ကျနော်တို့လုပ်ရတဲ့ လုံထိန်းအလုပ်က သေမင်းကိုလက်ယပ် ခေါ်နေတဲ့ အလုပ်ပါ။ ထောင်သားတွေထဲကမှ လူမိုက်တွေကို ကျနော်တို့က ရိုက်နှက်နေရတာ ဒီကောင်တွေ က လုံထိန်းတွေဆိုရင် အသေညှိုးထားပြီး ထောင်ကထွက်တာနဲ့ သူတို့ကိုရိုက်ခဲ့တဲ့ လုံထိန်းတွေကို ပြန်လိုက် သတ်တာ အစ်မရဲ့ ကျနော်လည်း ကိုတူးကို စိတ်ပူနေမိသေးတယ်” တဲ့။

တစ်လ နှစ်လ သုံးလ မှ တစ်နှစ် နှစ်နှစ် သုံးနှစ်သို့တိုင်တိုင် ကြာသွားတဲ့အခါမှာ ကျန်မောင်နှမတွေလည်း တစ်ခါတစ်လေမှသာ တူတူးသတင်း မထူးသေးဘူးလားလို့ မေးကြသလို တူတူးတစ်ယောက်ကတော့ ပျောက်ခြင်းမလှ ဆက်ပြီး ပျောက်နေပါတော့တယ်။ ဖေဖေကတော့ မဆုံးခင်အထိ တူတူးသတင်းကို လစဉ် မှန်မှန် ကျမကို မပျက်မကွက်မေးပါတယ်။ အခုဆိုရင် ကျမ တူတူးနဲ့စကားမပြောဖြစ်တော့တာ ၁၄နှစ် တောင်ကျော်ခဲ့ပါပြီ။ ဘယ်ရပ်ဌာနေကိုများရောက်နေလဲ တူတူးရေ။


မေတ္တာဖြင့်- အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz