x

7.7.11

သူတို့ ညီအစ်ကို


အခုတစ်လော စိတ်မကောင်းစရာ ပို့စ်တွေချည်း ဆက်တိုက်လိုလိုတင်မိနေတာကို စိတ်ရင်းစေတနာကောင်း လေးတွေနဲ့ ဝိုင်းဝန်းအားပေးကြတဲ့ ဘလော့ဂ်ဂါများ ဆွေမျိုးများနဲ့ မိတ်ဆွေများကို ကျေးဇူးလည်းတင်တယ် အားလည်းနာတယ်ပေါ့နော်။ ကိုယ့်ရဲ့ အပူမီးကို တစ်ပါးသူကို ကူးစက်စေတာ တကယ်တန်းကျတော့ အတ္တ ဆန်တာပေါ့လေ။ ကိုယ့်ရဲ့ခံစားချက်ကို မျှဝေပေးတော့ ကိုယ်တိုင်က ခံစားရသက်သာသလို ရှိသွားပေမယ့် မျှဝေမှုကို ထပ်ဆင့်ခံစားပေးရတဲ့ သူများအတွက် အနည်းဆုံးတော့ စိတ်မကောင်းခြင်းဖြစ်သွားရတယ် မဟုတ်ပါလား။

ကျမသူငယ်ချင်းတွေက ကျမကိုမေးကြတယ် “မတင့်ရဲ့ သားနှစ်ယောက်ကို ဘယ်လိုများ ပုံစံသွင်းခဲ့တာလဲ နည်းလမ်းလေးသိချင်လို့ပါ” တဲ့။ ကျမ ကိုယ်တိုင်လည်း ပြန်စဉ်းစားမိတယ် ကျမ သူတို့ကို ဘယ်လိုပုံစံနဲ့ ထိန်းကျောင်းခဲ့သလဲပေါ့။ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ကျမငယ်ငယ်က မိဘအိမ်မှာ နေခဲ့ရတဲ့ စည်းကမ်းအတိုင်းပဲ သူတို့နှစ်ယောက်ကို ပုံစံသွင်းခဲ့တယ်။ ဒါပေမယ့် တစ်ခုတော့ ရှိပါတယ်။ ကျမတို့တုန်းက လောက် သူတို့ကို စည်းကမ်းပေးလို့မရတော့ပါဘူး။ သူ့ခေတ်နဲ့သူ ပြောင်းလဲမှုလေးတွေအပေါ်မှာတော့ မလူးသာ မလွန့်သာ လျှော့တန်လျှော့ တင်းတန်တင်း လုပ်ရပါတယ်။ ကျမတို့ငယ်စဉ်က သားတွေကို မေမေက ထိန်းသိမ်းနိုင်ပေမယ့် ကျမတို့ မိဘဖြစ်လာတဲ့အခါမှာတော့ ကျမအမြင်ပြောရရင် သားယောက်ျား လေးတွေကို ငယ်စဉ်မှာ မိခင်ရဲ့ ဆိုဆုံးမမှုကို နားဝင်ပေမယ့် လူပျိုပေါက်အရွယ်လောက် ရောက်လာချိန်မှာ တော့ မိခင်ရဲ့ ဆုံးမစကားထက် ဖခင်ရဲ့ ဆုံးမစကားက သားတွေအပေါ် ပိုပြီးသြဇာ လွှမ်းမိုးပါတယ်။ မိခင် တွေရဲ့ အားနည်းချက် ပျော့ကွက်များကို သားတွေက ကောင်းစွာနားလည် သဘောပေါက်ကြပါတယ်။ ရင်ခွင်ပိုက်အရွယ်ထဲက မိခင်ရဲ့ နို့ချိုကိုစို့ရင်း သူတို့လေးတွေရဲ့ ခြေထောက်အစုံနဲ့ နို့ချိုတိုက်နေတဲ့ မိခင်ရဲ့ မျက်နှာကို ကန်လိုက်၊ ဆံပင်တွေ သူတို့လက်ကလေးတွေနဲ့ ဆောင့်ဆွဲလိုက် မိခင်ရဲ့ မျက်နှာကို ကုတ်ဖဲ့ လိုက်နဲ့ အမြဲအနိုင်ယူခဲ့တာကစလို့ ကြီးပြင်းလာခဲ့ကြပါတယ်။ မိခင်တွေ ဘယ်လောက် အသဲမာတယ်ပြော ပြော သားတွေရဲ့ ခေါင်းတစ်ချက်ဝှေ့မှာ အများစုမိခင်တို့ဟာ ပြိုလဲကျစမြဲပါ။ ကျမအပါအဝင်ပါပဲ။ ကျမသူတို့ လေးတွေကို စည်းကမ်းတင်းကြပ်တဲ့အချို့ကိစ္စတွေမှာ သူတို့လေးတွေရဲ့ လျှောက်လဲချက်တွေအပေါ် ခွင့်လွှတ်ရတာက ခပ်များများရယ်ပါ။ ဒါကတော့ မိခင်တွေရဲ့ အားနည်းချက်ပေါ့လေ။

ကျမတို့နှစ်ယောက် အိမ်ထောင်ပြုပြီး သားနှစ်ယောက် ထွန်းကားလာတဲ့အခါမှာ သားတွေရဲ့ရှေ့ရေးအတွက် ခေါင်းချင်းဆိုင် ဆွေးနွေးကြပါတယ်။ သူ့ရဲ့ လိုလားချက် ကျမရဲ့လိုလားချက်တွေကို ညှိယူကြရတယ်။ အိမ်မှာ ကလည်း မှီခိုတွေက ခပ်များများရယ်။ အားလုံးအဆင်ပြေဖို့ ကျမတို့ လူကြီးနှစ်ယောက် အစဉ်ချောမှ ဖြစ်မှာ မဟုတ်ပါလား။ သူပြောတဲ့အခါ ကိုယ်က စိတ်ရှည်စွာ နားထောင်ပေးသလို ကိုယ်ပြောတဲ့အခါ သူက စိတ်ရှည် စွာ နားထောင်ပေးပါတယ်။ နှစ်ယောက်စလုံး မိမိဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ ဦးစားပေးပြီး လုပ်ဆောင် ဖို့ရာ ခိုင်မာစွာဖြင့် ဆုံးဖြတ်ချက်ကိုချပြီး မိသားစုရဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်းခဲ့ကြပါတယ်။ အိမ်မှာရှိ မိသားစုအားလုံး ညစဉ် ၉နာရီထိုးရင် အားလုံးအတူတူ ဝတ်ပြုရပါတယ်။ ယောင်းမလေးတွေ ဘွဲ့တွေရပြီး အိမ်ထောင်တွေကျလို့ တစ်ယောက်ပြီး တစ်ယောက် အိမ်ကနေ မထွက်ခွာမီအချိန်ထိ ညစဉ်ဝတ်ပြုကြရ ပါတယ်။ သြကာသ ကန်တော့ချိုးကနေ ငါးပါးသီလခံယူတဲ့အထိ ဝတ်ရွတ်ရပြီး ဘုရားဂုဏ်တော် ၉ပါး တရား ဂုဏ်တော် ၆ပါး သံဃာဂုဏ်တော် ၉ပါး ရွတ်ကြရပါတယ်။ အဲဒီ ဝတ်ရွတ်စဉ်တွေ ပြီးသွားရင်တော့ မေတ္တာပို့ အမျှဝေစေပြီး ကလေးတွေအတွက် အိပ်ယာဝင်ခိုင်းကာ ဆက်ပြီး ရွတ်ဖတ်လိုသူက ရွတ်ဖတ် တရားထိုင် လိုသူက တရားထိုင် ပုတီးစိတ်လိုသူက ပုတီးစိတ် ပြုလုပ်ကြပါတယ်။ ဒါကတော့ ကျမပြောခဲ့သလို့ မိသားစုရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေပါ။

ပျော်ရွှင်မှုအနေနဲ့လည်း တန်ဆောင်တိုင်မှာ ဘုရားပွဲများ ကျင်းပရင် ရွှေတိဂုံဘုရားခြေရင်းမှာ သားတွေကို ပွဲဈေးတန်းလိုက်လျှောက်ပြတတ်ပါတယ်။ နှစ်စဉ်သင်္ကြန်မှာ ရေပက်ခံထွက်တိုင်း ကျမတို့နှစ်ယောက် လိုက်ပါ ကြပြီး အရွယ်လေးရလာတဲ့ ၉တန်းကစပြီး ကျမ မလိုက်တော့ပဲ သားတို့အဖေသာ သူတို့ကိုအဖော်ပြုပြီးလိုက် ပါတယ်။ ကလေးတွေကို သူတို့အဖေက ၉တန်းကစပြီး သွန်သင်ဆုံးမမှုကို ကျမထက် ပိုလုပ်ပါတယ်။ သားတို့ ကို စိတ်တိုင်းမကျလို့ သွန်သင်ဆုံးမနေတဲ့အခါ ကျမ သူတို့သားအဖကြားကို ဘယ်တော့မှ ဝင်ပါခြင်းမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။ ဒီအချက်က အင်မတန်အရေးကြီးတယ်လို့ ကျမယူဆပါတယ်။ သားတွေကို ဆုံးမနေတုန်း မိခင်ဖြစ်သူက ဝင်ရောက်ဟန့်တားတာမျိုး ပြုလုပ်ခဲ့ရင် ဖခင်ရဲ့စကားဟာ တန်ဖိုးကျသွား တတ်ရုံမကပဲ သားတွေရဲ့ ဖခင်အပေါ်လေးစားမှုလည်း လျော့နည်းသွားတတ်ပါတယ်။ နောက်ပိုင်း မိခင်ကို တံတိုင်းအဖြစ် အသုံးချလာတတ်ပါတယ်။ ဖခင်ဖြစ်သူကိုယ်တိုင် သွားလာ နေထိုင် စားသောက်မှု စည်းစနစ် ကျတဲ့အပေါ်မှာ မူတည်ပြီး ဖခင်ရဲ့ ဆုံးမသွန်သင်မှုအောက်မှာ သားတွေဟာ သူတို့ဖခင်ကို ချစ် ကြောက် ရိုသေမှု ရှိကြပါတယ်။

သူတို့ညီအစ်ကိုနှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် အသက် လေးနှစ်နဲ့ လေးလကွာပြီး တစ်ကြိမ် တစ်ခါမျှ ရန်ဖြစ်ခြင်းမျိုးမရှိခဲ့ပါ။ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ် အလွန်ကြီးမား ချစ်ခင်ကြပါတယ်။ နှစ်ယောက်သား တွေ့ပြီဆိုရင် စကားပြောတာ မရပ်တော့ပါဘူး။ သူတို့ ညီအစ်ကို နှစ်ယောက်ရဲ့ ကုတင်ဟာ နှစ်ထပ်ကုတင် ဖြစ်ပြီး ညအိပ်ချိန်ရောက်သည့်တိုင် အပေါ်ထပ်နဲ့အောက်ထပ် ခြင်ထောင်ထဲကနေ ခေါင်း လေးတွေ ပြူထွက်ပြီး တတွတ်တွတ် ပြောမဆုံး တောသုံးထောင် ညီအစ်ကိုပါပဲ။ အစ်ကိုကဆယ်တန်း အောင် ပြီး ဆေးတက္ကသိုလ်တက်ရန် သင်တန်းကို ပါသွားချိန်မှာ ညီဖြစ်သူဟာ လွမ်းဖျားဖျားပြီး အစ်ကို ကိုမတွေ့ရ လျှင် စိတ္တဇဖြစ်မှာစိုး၍ ကျမသားငယ်ကို စောင်ဖြင့်ပတ်ပြီး သူ့အစ်ကို တက်နေတဲ့ သင်တန်းကို ခေါ်သွားပြီး အစ်ကိုနဲ့ပေးတွေ့ခဲ့ပါတယ်။ အစ်ကို ကိုမြင်ပြီးမှ နေပြန်ကောင်းတာမျိုး ရှိခဲ့ဖူးသလို ညီဖြစ်သူ နိုင်ငံခြားကို ထွက်သွားတဲ့အခါမှာ အစ်ကို ဖြစ်သူမနေတတ်မထိုင်တတ် ဖြစ်ပြီး ညီဖြစ်သူနောက်ကို ကောက်ကောက် ပါအောင် လိုက်သွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါကိုမြင်ပြီး ပြန်တွေးမိပါတယ်။ ကျမတို့ငယ်စဉ်အချိန် မောင်နှမ တွေနဲ့ အတူတကွ နေတုန်းကကဲ့သို့ပင် တစ်ထေရာတည်း ဖြစ်ပါတယ်။ သူတို့လေးတွေရဲ့ ကောင်းသော အချက်တစ်ချက် တစ်နည်းအားဖြင့် ကျမအတွက် ပြောဆိုရသက်သာတဲ့ အချက်တစ်ချက်ကတော့ ညီအစ်ကို နှစ်ယောက်စလုံး အတန်းကျောင်း စတက်တဲ့အချိန်ကစပြီး တက္ကသိုလ်ပညာများ သင်ယူတဲ့အချိန် အထိ တစ်နေ့တာ သင်လိုက်တဲ့ သင်ခန်းစာ မပြီးမချင်းမအိပ်ပဲ ပြီးတဲ့အထိ လုပ်တတ်ကြတဲ့အကျင့်ကောင်း လေးပါ။ ဒီနေ့ဒီအချိန်အထိ ‘စာကျက်ပါ’ လို့ ကျမ တစ်ကြိမ်တစ်ခါမျှ မပြောခဲ့ရပါဘူး။ အတန်းတိုင်းကိုလည်း ညီအစ်ကို နှစ်ယောက် ထူးချွန်စွာဖြင့် မှန်မှန်လေးအောင်ခဲ့ကြပါတယ်။ ဘယ်သို့ပင်ရှိစေကာမူ တစ်ခါတစ်ရံ ကံကြမ္မာရဲ့ လှည့်ကွက်ကိုတော့ လူသားတိုင်းခံစားတတ်ရပါတယ်။ ကျမသားနှစ်ယောက်စလုံး ဆေးပညာကို သင်ကြား ခွင့်ရခဲ့ကြပေမယ့် ဆရာဝန်တွေတော့ ဖြစ်မလာခဲ့ကြပါဘူး။ ကျမကျေနပ်ပါတယ် လက်ရှိအခြေ အနေမှာ သူတို့ဘဝလေးတွေကို သူတို့ပျော်ရွှင် ကျေနပ်စွာ ဖြတ်သန်းနေတာကို မြင်ပြီး ကျမကြည်နူးနေ ပါတယ်။ ခွင့်ရလို့ မြန်မာပြည်မှာပြန်လာတဲ့အခါ အခုချိန်အထိ ညီအစ်ကိုနှစ်ယောက်ဟာ နှစ်ယောက်အိပ် ကုတင်ကိုပဲ အသုံးပြုဆဲပါ။ 

  သားတို့ကိုငယ်စဉ်ထဲကပင် အလှူအတန်းပြုလုပ်ခြင်းဖြင့် သူတို့ရဲ့စိတ်လေးတွေကို ရှင်သန်စေခဲ့ပါတယ်


                        ညီအစ်ကိုနှစ်ယောက် စဥ့်ကိုင်မြို့နယ် မယ်နုအုတ်ကျောင်းတွင် အမှတ်တရ


                                                   သားအဖ သုံးယောက်အမှတ်ရ

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz