x

9.7.11

ကျိန်စာ


စာဖတ်သူတို့ ယုံသလား မယုံဘူးလားဆိုတာတော့ ကိုယ်ပိုင်ထင်မြင် ယူဆချက်ပေါ့နော်။ ကျမတို့မောင်နှမ တစ်တွေ မန္တလေးမြို့ကနေ ကျိုက်ထိုသို့ ပြောင်းရွှေ့ရတော့မယ် ဆိုတဲ့အချိန်မှာ မပြောင်းရွှေ့မီ တစ်ပတ် အလိုမှာ ဖေဖေက ကျမ တို့မောင်နှမတွေ အားလုံးနဲ့အတူ မေမေ့အုတ်ဂူကို သွားရောက်နှုတ်ဆက်ကြပါတယ်။ မေမေ့ရဲ့ နောက်ဆုံးခရီးကို ကျမ  နေမကောင်းဖြစ်နေတာကြောင့် မလိုက်ခဲ့ရတဲ့အတွက် မေမေ့ရဲ့ အုတ်ဂူကို ဘယ်လိုပုံစံ ဘယ်နေရာမှာ ပြုလုပ်ထား တယ်ဆိုတာ မသိခဲ့ရပါဘူး။ ဒါကြောင့်လည်း ဖေဖေက မေမေ့ကို နောက်ဆုံးအနေနဲ့ သွားပြီး နှုတ်ဆက်ကြရအောင် ဆိုတဲ့ အချိန်မှာတော့ တစ်ခြားသူတွေထက် ကျမက ပိုပြီး မြင်တွေ့ဖို့ရန် စိတ်စောနေခဲ့ပါတယ်။ မေမေဆုံးပြီးထဲက တစ်ကြိမ် တစ်ခါမှလည်း သွားကြည့်ဖို့ ပူဆာရ ကောင်းမှန်း မသိခဲ့ပါ။

ပြင်ဦးလွင်ဖက် အတက် ခရိယာန်သင်္ချိုင်း (ယခုတော့ မတ္တရာဖက်သို့ သင်္ချိုင်းတွေရွှေ့ပြောင်းထားပါတယ်) ထိုသင်္ချိုင်းရဲ့ တံခါးစောင့်ဟာ ကျမတို့ အဖွဲ့ တံခါးဝဖက်ကို လျှောက်လာတာ မြင်တဲ့အခါမှာတော့ အဝင် အထွက် သံတံခါးကြီးကို လာပြီး ဖွင့်ပေးပါတယ်။ ဖေဖေဦးဆောင်ရာ နောက်ကို ကျမတို့ မောင်နှမအားလုံး ငြိမ်သက်စွာပဲ လိုက်သွားကြပါတယ်။ ဖေဖေ ရပ်လိုက်တဲ့ နေရာမှာပဲ မေမေ့အုတ်ဂူကို တွေ့ရပါတယ်။ ထုံးဖြူဖြူဖွေးဖွေးလေးသုတ်ထားပြီး အုတ်နံရံလေး တစ်တောင် ခန့်အမြင့်နဲ့ အုတ်ဂူပတ်လည်မှာ ဝန်းရံထား တာ တွေ့ရပါတယ်။ အခြားသော အုတ်ဂူများကြားမှာ မေမေ့အုတ်ဂူလေးဟာ အဝေးကပင် ရှာရလွယ်သော အုတ်ဂူလေးပါ။ အုတ်ဂူလေးရဲ့ ခေါင်းရင်းဖက်မှာ ကတက်ပင်လေးတစ်ပင်ကို ကျမ မြင်ရ ပါတယ်။ ဖေဖေက “မေမေ့နာမည်က ‘ဂရက်’ ဆိုတော့ ဒါ ‘ကတက်’ ပင်လေ။ ဖေဖေ စိုက်ထားပေးထားတာ တစ်ချိန်မှာ ဒီ ကတက်ပင်က ကြီးလာပြီး မေမေ့ အုတ်ဂူလေးကို အပေါ်ကနေ အုပ်စိုင်းသွားမှာလေ။ အဲဒီအချိန်ကျရင် ဒီအုတ်ဂူလေး ဟာ နွေမှာအပူ သက်သာသလို မိုးမှာလည်း အကာသဘောလေး ဖြစ်တာပေါ့” တဲ့။ ဖေဖေဟာ ဘဝခြားသွားတဲ့ မေမေ့ အပေါ် မကုန်သေးတဲ့ သံယောဇဉ်တွေ ရစ်နှောင်နေဆဲပါ။

သင်္ချိုင်းစောင့် ဦးလေးကြီးက ကျမတို့နဲ့ မလှမ်းမကမ်းမှာ ရပ်နေပါတယ်။ ဖေဖေက အဲဒီဦးလေးကြီးကို “ဦးလေး ကျနော် တို့ ဒီအုတ်ဂူလေးကို သန့်ရှင်းရေးလုပ်ချင်လို့ တံမြက်စီးလေးဘာလေး ရှိရင် ခနသုံးလို့ ရမလား” လို့မေးလိုက်တော့ “ရပါတယ် ခနလေးနော်” ပြောပြောဆိုဆို သင်္ချိုင်းစောင့်ဦးလေးကြီး သင်္ချိုင်း ထောင့်မှာရှိတဲ့ တဲလေးဆီကို ထွက်သွားပါ တယ်။ ချက်ခြင်းဆိုသလို ပြန်ရောက်လာပြီး သူ့လက်ထဲမှာ တံမြက် စီးအကြမ်း ၂ချောင်းနဲ့ အဝတ်စုတ်ပါလာပါတယ်။  ကျမတို့ မေမေ့ရဲ့ အုတ်ဂူလေးပေါ်မှာရှိတဲ့ သစ်ရွက်ခြောက် အမှိုက် များနဲ့ အုတ်ဂူပတ်လည်၊ ကြမ်းခင်းတို့ကို လှဲကျင်းခြင်း အစရှိတဲ့ သန့်ရှင်းရေးကို ကျမတို့အားလုံး ဝိုင်းဝန်း လုပ် ဆောင်ကြပါတယ်။ အုတ်ဂူလေး သန့်ပြန့်သွားတဲ့အခါတွင် ဖေဖေ က မေမေ့အုတ်ဂူအပေါ်ကို မန္တလေးမြို့ ထဲကနေ ဝယ်လာတဲ့ နှင်းဆီအနီ တစ်စီးကို တင်လိုက်ပါတယ်။ “မေမေက နှင်းဆီ ပန်းကို နှစ်သက် တယ်လေ” လို့ အုတ်ဂူလေးကို ကြည့်ပြီး ဖေဖေ့နှုတ်ကနေ တိုးတိုးလေး ရေရွတ် ပါတယ်။ မေမေ့အတွက် အားလုံး ဝိုင်းပြီး ဆုတောင်းပေးကြပါတယ်။ ဆုတောင်းပြီးသွားတဲ့ အချိန်မှာတော့ ဖေဖေ့ မျက်ဝန်းအိမ်မှာ မျက်ရည် ကြည်လေးများ စို့နေတာကို ဖေဖေ့ကို အရိပ်တကြည့်ကြည့် ကြည့်နေတာမို့ မြင်ဖြစ်အောင် မြင် လိုက်ပါသေးတယ်။ အားလုံးလည်း စကားတစ်လုံးမှ မပြောဖြစ်ပဲ မေမေ့အုတ်ဂူလေးကိုသာ ငေးစိုက်ကြည့် နေကြပါတယ်။ အချိန် အနည်းငယ် ကြာတော့မှ ဖေဖေက “ကဲ ပြန်ကြရအောင်နော်။ မေမေ့ကို နှုတ်ဆက် လိုက်ကြအုံး ဖေဖေတို့ နယ်ဖက်ကို ရောက်သွားပြီး ရင် တော်တော်နဲ့ ပြန်ရောက်နိုင်မှာ မဟုတ်ဘူး” လို့ ပြောတဲ့အတွက် ကျမတို့ အားလုံး မေမေ့ ကို နှုတ်ဆက်ကြပါတယ်။ အိမ်သို့ အပြန်လမ်းတစ်လျှောက်လုံး ကားတစ်စီးလုံး နှုတ်ဆိတ်လို့ သာ နေကြပါတော့တယ်။

ကျိုက်ထိုသို့ ပြောင်းရွှေ့သွားပြီးတဲ့နောက်ပိုင်း ကျိုက်ထိုကနေတဆင့် လားရှိုး ကျောက်မဲတို့ကို ဆက်တိုက် ပြောင်းရွှေ့ကြ ရတဲ့အတွက် မေမေ့ရဲ့ အုတ်ဂူကို အချိန်ကြာမြင့်စွာ မရောက်တော့ပါ။ ဖေဖေ တာလေကို မပြောင်းခင် မန္တလေးမှာ ယာယီနေရချိန်မှာ မေမေ့အုတ်ဂူကို ဖေဖေနဲ့အတူ ကျမတို့ မောင်နှမတစ်တွေ ထပ်မံ ရောက်ခဲ့ကြပါတယ်။ နှစ်ပေါင်း များစွာ ပစ်ထားခံရတဲ့ မေမေ့အုတ်ဂူလေးဟာ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ ဖုံးလွှမ်း ပြီး ညစ်ပေနေမယ်လို့ ကျမထင်ခဲ့ပေမယ့် အုတ်ဂူကို ရောက်သွားတဲ့အခါမှာတော့ ကျမရဲ့အထင်နဲ့ အမြင်ဟာ တက်တက်စင်အောင် လွဲနေတာကို မြင်ရ ပါတယ် ကျမတို့ မန္တလေးကနေ မထွက်ခွာမီ အချိန်ကကဲ့သို့ပင် မေမေ့ရဲ့ အုတ်ဂူလေးဟာ  ထုံးဖြူဖြူဖွေးဖွေးနဲ့ ရှိနေဆဲပါ။ အနား ကိုရောက်သွားတဲ့အခါမှာလည်း အုတ်ဂူပေါ်တွင် လောလောလတ်လတ် ကျထားတဲ့ သစ်ရွက်ခြောက်လေး အနည်းငယ် သာ တွေ့ရပြီး ကြမ်းခင်းပါတ်လည်မှာ လည်း ရှင်းလင်းနေတာကို တွေ့ရတာမို့ ကျမ အံ့သြသွားပါတယ်။ ကျမကဖေဖေ့ကို “အုတ်ဂူကို ဘယ်သူ သန့်ရှင်းရေး လာလာလုပ်ပေးလဲမသိဘူးနော် ဖေဖေ” လို့ပြောတော့ ဖေဖေက “ဒီသုဿာန်ကို စောင့် တဲ့ ဦးလေးကြီးကို ဖေဖေအပ်ထားတာလေ လုလုတို့သာ ဒီကိုမရောက်တော့တာ ဖေဖေက အလုပ်ကိစ္စနဲ့ရောက် တိုင်း ဒီကိုဝင်ဖြစ်တယ်လေ။ နောက်ပြီး မေမေ့မှာက ချစ်သူခင်သူပေါတော့ တစ်ခြားသူတွေလည်း ကြုံရင် ကြုံသလို လာလုပ် တာလည်း ဖြစ်နိုင်တာပဲ” လို့ပြောပါတယ်။

ကျမမေမေ့အုတ်ဂူ ပတ်လည်ကို လျှောက်ကြည့်တော့ ထူးထူးခြားခြား ကတက်ပင်လေးက ကျမတို့ မန္တလေး မြို့က မထွက် ခွာမီအချိန်က တွေ့သကဲ့သို့ပင် နှစ်တောင်လောက်ကနေ ကြီးထွားမှုမရှိတာကို သတိပြုမိ ပါတယ်။ ကြီးထွားမှုမရှိလာ သလို ခြောက်သွေ့နေတာမျိုးလည်း မဟုတ်ပဲ သက်ကြီးပု အပင်လေးကဲ့သို့ အပင် သေးသေးလေးက အရွက်တွေဝေ ဆာနေတာကို မြင်ရပါတယ်။ အမြင့်ကတော့ အထက်သို့ မြင့်မားလာခြင်း မရှိပါ။ ကျမအထင်ပြောရရင် အခုလို စပ်စပ်စုစု နဲ့ အားလုံးကို စိတ်ဝင်တစားကြည့်တာ ကျမတစ်ယောက်ပဲ လို့ထင်ပါတယ်။ အစ်ကို ညီမလေးနဲ့ မောင်လေးတို့ ကတော့ မေမေ့အုတ်ဂူနားမှာပဲ ထိုင်နေကြတာကို တွေ့ရ ပါတယ်။ ကျမက “ဖေဖေ မေမေ့အတွက် ဖေဖေစိုက်ခဲ့တဲ့ ကတက်ပင်က အုတ်ဂူလည်း အရိပ်မရဘူး အရင် တစ်ခါတုန်းက အရွယ်လေးပဲ” လို့ပြောလိုက်တဲ့အခါ ဖေဖေက “ဟုတ် တယ် အိမ်ရောက်မှ ပြောပြမယ်နော်” ဆိုလို့ ကျမလည်း ထပ်ပြီး အကွန့်မတက်တော့ပါ။ ညကျလို့ ဖေဖေ မပြောရင်တော့ ထပ်မေးမယ်လို့ စိတ်ကူး ခဲ့ပါတယ်။

ညဦးပိုင်း ထမင်းစားပြီးတဲ့အခါမှာတော့ ကျမက ဖေဖေ့အနားမှာ ရစ်သီရစ်သီ လုပ်နေမိတယ်။ ကျမကို ဖေဖေ ပြောမည် ဆိုတဲ့ စကားတွေကို ကြားချင်နေပါပြီ။ ဖေဖေက ချက်ခြင်းရိပ်မိသွားပုံရတယ်။ “ကိုကိုတို့ကိုပါ ခေါ် လိုက်ပါ။ နေ့လည် က ဖေဖေပြောပြမယ်ဆိုတဲ့ အကြောင်းပြောပြမယ်” ဆိုတဲ့အတွက် အစ်ကိုနဲ့ ညီမလေးကို ခေါ်လိုက်ပါ တယ်။ တူတူး ကတော့ စောစောစီးစီး အိပ်ရာဝင်နေတာရယ် နောက်တစ်ချက်က ကလေးဆိုတော့ ဒီစကား တွေကို နားလည်မည်လည်း မထင်တဲ့အတွက် နှိုးမနေတော့ပါ။ ကျမတို့ မောင်နှမသုံးယောက် ဆုံတဲ့အခါမှာ “အခု ဖေဖေပြောမဲ့စကားကို သေသေ ချာချာ နားထောင်ပြီး အသက်ကြီးလာတဲ့အခါမှ ဖြစ်နိုင် မဖြစ်နိုင် ယုံတယ် မယုံဘူးဆိုတာ ကိုယ့်ဖာသာ တွေးတော ဆုံးဖြတ်ကြနော်။ မေမေဆုံးတုန်းက ဖေဖေ စိတ်မဖြေနိုင်လို့ နန်းတွင်းဘုန်းကြီးကျောင်းမှာ သင်္ကန်းတစ်လ စည်းခဲ့တယ် မဟုတ်လား။ အဲဒီကျောင်းထိုင် ဘုန်းဘုန်းက ဖေဖေ့ကို ပြောခဲ့ဘူးတယ်။ လုလုရဲ့ မေမေ့ဖက်က မိသားစုတစ်စုလုံး ကျိန်စာသင့်နေတာတဲ့။ မေမေ့ရဲ့ ဖြစ်လေရာဘဝ ငြိမ်းချမ်းမှုဆိုတာ လွယ်လွယ်နဲ့ရနိုင်မှာ မဟုတ်ဘူးလို့ ဆရာတော် ကပြောတယ်။ နောင် တစ်ချိန်မှ အဖြေကို ကိုယ့်ဖာသာရှာကြ ဟုတ်ပြီလား။ ဖေဖေကတော့ ဟုတ်တယ် မဟုတ်ဘူး  ၊ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာ ဖေဖေ့ထင်မြင်ချက် ရှိပြီးသားလေ” လို့ ဖေဖေက ကျမတို့မောင်နှမ သုံးယောက်ကို ပဟေဠိတစ်ပုဒ်ကို အဖြေထုတ်ခိုင်းခဲ့ဘူးတယ်။

ကျမက “အခုဖေဖေပြောတာနဲ့ လုလုမနက်ကမေးတဲ့ ကတက်ပင်လေး သေးနေတာနဲ့ ဘယ်လိုပတ်သက် လို့လဲဟင်” လို့ ကျမကထပ်မေးတော့ ဖေဖေက “ဆက်နွယ်ပုံကတော့ မေမေ့ရဲ့ ကျိန်စာက ဘယ်လောက် အထိ ပြင်းထန်သလဲဆိုရင် သူ့ဘဝအတွက် အေးချမ်းမှုဖြစ်အောင် စိုက်ပေးတဲ့ သစ်ပင်လေးတောင် ကျိန်စာ မလွတ်ဘူး ဖြစ်နေတယ်။ ဒီစကား ကလည်း ဖေဖေပြောတဲ့ စကားမဟုတ်ပါဘူး။ လုလု မေမေတို့ ကိုးကွယ်တဲ့ ရန်ကုန်က သင်းအုပ်ဆရာတော် က ပြောတာ” တဲ့။ ကျမ အဲဒီအသက်အရွယ် အချိန်ကာလတုန်းကတော့ အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးတာမို့ အဖြေမထုတ်ခဲ့ သလို ဖေဖေ့ကိုလည်း ဆက်ပြီး နောက်ထပ် ဘာမှဆက်မမေးခဲ့ပါဘူး။ ကျမတို့ မောင်နှမသုံးယောက်မှာ ဒီကိစ္စနဲ့ပတ်သက် ပြီး အစ်ကိုကတော့ စိတ်ဝင်စား ပုံမရပါ။ ကျမနဲ့ ညီမတူးမာကတော့ စိတ်ဝင်စားတာကြောင့် အသက်အရွယ်လေး ရလာတဲ့ အခါမှာတော့ ဆွေးနွေးဖြစ်ကြပါတယ်။ “မတင့် ဘယ်လိုထင်သလဲဟင် ကျိန်စာမိတယ်ဆိုတာ ဖြစ်နိုင်သလား” လို့ တူးမာ က ကျမကိုမေးပါတယ်။ “မေမေနဲ့ ပတ်သက်တဲ့ ပြီးခဲ့တဲ့အကြောင်းအရာလေးတွေကို သေချာပြန်စဉ်းစားကြည့် ရင်တော့ လက်ခံရမလိုပဲလေ” လို့ ကျမကပြန်ဖြေတော့ ညီမလေးက “ဟုတ်တယ် တူးမာလည်း မတင့်လိုပဲ တွေးမိတယ်” လို့ ကျမ ကိုပြန်ပြောပါတယ်။ ဒီတော့ ကျမရဲ့ မေမေနဲ့ပတ်သက်ပြီး မေမေ့ဖက်က မိသားစု ဖိုးဖိုး ဖွားဖွား ဦးလေးနဲ့ အဒေါ်တွေ အကြောင်းကို ညီမလေးနဲ့ စကားစပ်ပြီး ပြောခဲ့ကြပါတယ်။

ကျမမေမေဟာ မောင်နှမ ခြောက်ယောက်ရှိတဲ့ မိသားစုဖြစ်ပါတယ်။ အစ်မ လေးယောက် နဲ့ အစ်ကို တစ်ယောက် ရှိပြီး ၊မေမေကတော့ ညီမအငယ်ဆုံးပါ။ ရန်ကုန် အရှေ့ဖက် ကြို့ကုန်းရပ်ကွက်မှာနထိုင်ခဲ့သူ ဖြစ်ပါတယ်။ အင်းစိန်၊ကြို့ကုန်း ၊စော်ဘွားကြီးကုန်း ကရင်သောင်းကျန်းသူများအား တိုက်ခိုက်ခြေမှုန်းခြင်း စစ်ဆင်ရေးဖြစ်သည့် အင်းစိန်တိုက်ပွဲ မှာခြေ မှုန်းရေးတာဝန်ကို ယူထားတဲ့ ဖေဖေက ဒုက္ခရောက်နေတဲ့ ကရင်မိသားစု မေမေတို့ကို လူသားချင်းစာနာစိတ်ဖြင့် ကယ်တင်ခဲ့ပါတယ်။ မေမေနဲ့ မေတ္တာမျှပြီး လက်တွဲ ခဲ့တဲ့အတွက်လည်း ဖေဖေတစ်ယောက် ဖမ်းချုပ်ခံရပြီး ရှေ့တန်း စစ်မျက်နှာပြင်သို့ အပို့ခံခဲ့ရပါတယ်။ ဖေဖေ ကျမတို့ မောင်နှမတွေကို ပြောပြတာတော့ ရှေ့တန်းစစ်မျက်နှာပြင်မှာ တိုက်ပွဲတွေဖြစ်နေတဲ့ကြားမှာ ဖေဖေ အပါအဝင် အပြစ်သားတွေကို မြေကြီးတွေထဲမှာ ရှေ့တန်းအသေခံတပ် အနေနဲ့ ၊ခေါင်းလေးတွေပဲ ဖေါ်ထားပြီး မြှုပ်ထား ခံခဲ့ရပါတယ်။ တစ်ဖက်ရန်သူရဲ့ လက်ချက်နဲ့ အများစုဟာ သေကြေခဲ့ရပေမယ့် ၊ဖေဖေကတော့ ကံကောင်း ထောက်မလို့ အသက်မသေခဲ့တဲ့အကြောင်း ပြောပြဘူးပါတယ်။ စိတ်အားထက်သန်လွန်းတဲ့ ၊ဖေဖေဟာ တပ်မတော်သို့ တစ်ကြိမ်ပြန်ဝင်ပြီး တိုင်းပြည်အတွက် တပ်သားအဆင့်မှစ၍ တာဝန်များ ထမ်းဆောင်ခဲ့ပြန် ပါတယ်။

မေမေ့အကြောင်းလေးဆက်ရမယ်ဆိုရင်တော့ မေမေတို့မောင်နှမတွေထဲက မေမေ့အစ်ကိုနဲ့ အစ်မဟာ ထိုင်း နိုင်ငံကို အလည်သွားခဲ့ပြီး မြန်မာပြည်သို့ ပြန်လာခါနီးမှာ ယာဉ်တိုက်မှုကြောင့် နှစ်ယောက်စလုံး ပွဲချင်းပြီး ဆုံးခဲ့ပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ပြိုင်တည်း ဆုံးရှုံးသွားတဲ့ သားနှင့်သမီး အတွက် ရန်ကုန် ဖွားဖွားဟာ ယူကြုံးမရ တသသဖြစ်ခဲ့ပါတယ်။ မေမေ့အစ်မအလတ်ကျပြန်တော့ မီးတွင်းမှာ သုံးယောက် မြောက် အငယ်ဆုံးသမီးကို မီးဖွားစဉ် ခင်ပွန်းသည် တိုက်ပွဲကျကြောင်း သိလိုက်ရတဲ့အတွက် မီးတွင်းမှာတင် ကလေးကိုရအောင် မီးဖွားခဲ့ပြီး အသက်ဆုံးပါးသွားပြန်တယ်။ ဒီကြားထဲ သမီးအကြီးဆုံးဟာ အပြင်ထွက်ရာ ကနေ ပျောက်ဆုံးသွားခဲ့ပြီး အချိန်တွေသာ ကုန်လွန်သွားခဲ့ပြီး သတင်းဟာတိမ်မြုပ်နေဆဲဖြစ်နေပါတယ်။ တစ်ခါ မေမေ့အစ်မ အငယ်လည်း မီးတွင်းမှာပင် တိုက်ပွဲများဖြစ်ပွားသံကို ကြားရပြီး သွေးလန့်ကာ ဆွံ့အ သွားပါတော့တယ်။ အားလုံးက ဝိုင်းဝန်းကြိုးစားပြီး စကားပြန်လည် ပြောနိုင်ဖို့အတွက် လုပ်ဆောင်သော် လည်း အဒေါ့်ထံမှ စကားသံ ထွက်၍မလာတော့ပါ။ (တူးမာကို မွေးစားသော အဒေါ်ဖြစ်ပါတယ်) ထိုတိုက်ပွဲ တွင်ပင် မေမေ့အစ်မ အငယ်ရဲ့ ခင်ပွန်းလည်း ဆုံးပါးခဲ့ပါတယ်။ ဖိုးဖိုးလည်း စိတ်သောကဒဏ်ကို ခံနိုင်စွမ်း မရှိတော့ပဲ အိပ်ယာထဲတွင် ဘုံးဘုံးလဲခဲ့ပါတော့တယ်။ တစ်မျိုးပြီး တစ်မျိုး မရိုးနိုင်လောက်အောင် ဒုက္ခ ပင်လယ်ဝေနေရှာတဲ့ ရန်ကုန်ဖွားဖွားတစ်ယောက် မေမေ့သတင်းကို ကြားလိုက်တဲ့အခါမှာတော့ မန္တလေးကို အပြေးအလွှားရောက်လာပြီး မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ဖြစ်အောင် ပို့ခဲ့ပါတယ်။ လောကဓံရဲ့ နှိပ်စက်မှုအမျိုးမျိုးအောက်မှာ အလူးအလိမ့်ခံရကာ ရန်ကုန်ပြန်ရောက်ပြီး ရက်ပိုင်းအတွင်း စိတ္တဇဝေဒနာ သည်တစ်ယောက်အဖြစ် ဆေးရုံသို့ ပို့လိုက်ရကြောင်း စကားမပြောနိုင်သော အဒေါ်ထံမှ သတင်းဆိုးရောက် လာပါတယ်။ မေမေဆုံးပြိး နောက်ပိုင်းမှာ ဖိုးဖိုးနဲ့ ဖွားဖွားတို့လည်း ရှေ့နောက်ဆုံးကုန်ကြပါတယ်။ စကား မပြောနိုင်သော အဒေါ်လည်း ဖိုးဖိုးနဲ့ဖွားဖွားနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားပါတော့တယ်။

ယခုအခါ မေမေ့ဖက်က အမျိုးတွေဆိုလို့ ကျမရဲ့ တစ်ဝမ်းကွဲ အစ်ကို အစ်မတွေသာ ကျန်ပါတော့တယ် အဒေါ် ဦးလေး ဟူ၍ တစ်ယောက်မှ မကျန်တော့ပါ။ မေမေ့ရဲ့ အစ်မအငယ်ဆုံးမှ လွဲပြီး ကျန်မောင်နှမတွေအားလုံး အသက် (၃၀) မကျော်မီ ကွယ်လွန်ခဲ့ကြသူချည်း ဖြစ်ပါတယ်။ ဆန်းကျယ်လှသော လူ့ဘောင်လောကကြီးတွင် ဖြစ်ပျက်သော အရာတို့ ဟာ တုန်လှုပ်ခြောက်ခြားစရာပင်။ အကြောင်းမကောင်းခဲ့ကြသော မေမေ့မိသားစုတို့ အကျိုးဆိုးလှပေစွ။ နန်းတွင်း ဆရာတော် ပြောခဲ့သော ‘ကျိန်စာ’ ဆိုတာ ကျမ ယုံသင့်ပါသလား။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz