x

13.7.11

သဇင်ဆောင်ရဲ့ ပုံရိပ်ဟောင်း



ကျမဦးလေးက သမိုင်းဝင်းအတွင်းမှာရှိတဲ့ သဇင်ဆောင်ကို သူ့ရဲ့ Taxi ကားလေးနဲ့ လိုက်ပို့ပေးပါတယ်။ ကျမ အဆောင်ရောက်တော့ ညနေစောင်းဖြစ်နေပြီ။ အဆောင်ရဲ့ အဝင်ဝမှာ ဆိုင်းဘုတ်လေးတစ်ခု ချိတ်ဆွဲထား တာကို ဖတ်လိုက်မိတယ်။ ဧည့်တွေ့ချိန် ညနေ ၄-နာရီနဲ့ အဆောင်ပိတ်ချိန် ညနေ ၆-နာရီ ဆိုတဲ့ စည်းကမ်း ချက် လေးတွေကို ရေးထားတာတွေ့တာကြောင့် ကျမလက်ပတ်နာရီလေးကိုကြည့်လိုက်တော့ ၅နာရီခွဲတိတိ။ ဒါဆို ရင် နောက်ထပ် နာရီဝက်မှာ အဆောင်ပိတ်တော့မှာပါလားလို့ တွေးမိပြီး ကျမက ဦးလေးကို “ဦးဝ ပြန် ချင်ပြန် တော့လေ အဆောင်ထဲကိုလည်း ယောက်ျားလေးမဝင်ရဘူးထင်တယ်” လို့ပြောလိုက်တော့ “အင်း ဒါဆိုလည်း ဦးဝ ပြန်တော့မယ် လိုအပ်တာရှိရင် မှတ်ထားလိုက်ပေါ့ ကျောင်းပိတ်ရက် ဦးဝအဆင်ပြေရင်လာ ခဲ့မယ်” ဟု ဆိုကာ ကျမရဲ့ အိပ်ယာလိပ်နဲ့ အဝတ်သေတ္တာကို Taxi ကားလေးထဲမှ ဆွဲထုတ်ကာ အဆောင်ရဲ့ အဝမှာ ချ ထားပေးလိုက်ပြီး ဦးဝရဲ့ Taxi ကားလေး အဆောင်မှ ထွက်ခွာသွားပါတော့တယ်။

အမှန်စင်စစ် ကျမဦးလေးရဲ့ နာမည်အစစ်က ဦးလှရွှေ ဖြစ်ပြီး ဖေဖေ့ရဲ့ ညီအငယ်ဆုံးဖြစ်ပါတယ်။ ကျမတို့ မောင်နှမအရင်းများနဲ့ တစ်ဝမ်းကွဲ အားလုံးက ဦးလေးပိန်တာကို တမင်စနောက်ပြီး ‘ဦးလှနေရာတွင်ဦးဝ’ လို့ ခေါ်ရင်းကနေ အမည်တွင်သွားခြင်းပါ။ ဦးလေးငယ်ကလည်း သူ့ကိုယ်သူ ‘ဦးဝ’ ဟုသာ သုံးနှုံးပါတယ်။ ‘လယ် ယာကိုင်းကျွန်းနဲ့ ဥယာဉ်ခြံမြေထွက်ပစ္စည်း ဝန်ကြီးဌာန’ မှာ အလုပ်လုပ်ရင်း ဦးလေးဟာ အချိန်ပိုလေးတွေ မှာ Taxi မောင်းပြီး အပိုဝင်ငွေကို ရှာနေခြင်းဖြစ်ပါတယ်။ ကျမကို ကျမရဲ့အစ်ကိုက အဆောင်စရိတ် ထောက် ပံ့ပြီး ဖေဖေကကျောင်းစရိတ် ထောက်ပံ့ကာ ဦးလေးကတော့ လစဉ် မုန့်ဖိုးအဖြစ် သတ်မှတ်ကာ ပေးလေ့ရှိ ပါတယ်။ ကားလေးထွက်သွားတဲ့အခါ ကျမ အိပ်ယာလိပ်နဲ့ အဝတ်သေတ္တာကို လက်တစ်ဖက် တစ်ချက်ဆီဆွဲ ပြီး အဆောင်အတွင်းအတွင်းစင်္ကြံ လျှောက်လမ်းလေးအတိုင်း လျှောက်လာခဲ့ပါတယ်။ စင်္ကြံတစ်ဝက်လောက် အရောက်မှာ “ညီမက ဘယ်အခန်းလဲ ဝိုင်းသယ်ပေးမယ်လေ” ဆိုပြီး စီနီယာအစ်မကြီး နှစ်ယောက်က ပြော ပြောဆိုဆို ကျမလက်ထဲက အဝတ်သေတ္တာနဲ့ အိပ်ယာလိပ်ကို လှမ်းယူပါတယ်။ “ရပါတယ်အစ်မ ကျမဆွဲခဲ့ပါ မယ် အခန်းနံပါတ် (၄၇)ကိုပဲ ညွှန်ပေးပါနော်” လို့ကျမက ပြန်ပြောတော့ “ပေးမှာသာပေးပါ ညီမရယ်၊ နောင် တစ်ချိန် လူသစ်တွေ ရောက်လာရင်လည်း အစ်မတို့လို ညီမတို့က နွေးနွေးထွေးထွေးကြိုဖို့သာပြင်ထား ဟုတ် ပြီလား” လို့ဆိုကာ ကျမလက်ထဲမှ မနိုင်မနင်းသယ်လာသော ပစ္စည်းနှစ်ခုကို တစ်ယောက်တစ်ခုစီ လှမ်းယူ လိုက်ပြီး အဆောင်အတွင်းသို့ ဝင်သွားပါတယ်။

ကျမလည်း နောက်ကထပ်ချပ်မကွာလိုက်သွားစဉ် နှစ်ယောက်ထဲက တစ်ယောက်က “အခန်းနံပါတ် (၄၇) ဆို ရင်အပေါ်ထပ်ပေါ့ အောက်ထပ်မှာ နံပါတ်(၄၆) အထိပဲရှိတယ်” လို့ဆိုပြီး အဆောက်အဦး အတွင်းသို့ အဝင် ညာဖက်တွင်ကပ်လျက် အပေါ်ထပ်သို့တက်သည့် လှေကားအတိုင်း တက်သွားပါတော့တယ်။ အဆောင်က လေးထပ်ဆောင်ဖြစ်ပါတယ်။ ကျမလည်း စီနီယာအစ်မကြီး နှစ်ယောက်သွားရာနောက်သို့ အားကိုးတစ်ကြီးနဲ့ ဆက်လိုက်သွားရာ ပထမထပ် အရောက်မှာ ဘယ်ဘက်သို့ ကွေ့ပြီး စင်္ကြံတစ်လျှောက် ဆက်လျှောက်ခဲ့ပါ တယ်။ ကျမအခန်းဟာ ပထမထပ်ရဲ့ အစွန်ဆုံးမှာဖြစ်ပါတယ်။ အခန်းကိုရောက်တော့ အခန်းတံခါးက စေ့ ထားပြီး တံခါးတွင်လည်း သော့တန်းလန်းလေး ထားထားတာကို တွေ့ရပါတယ် “ကဲ ရောက်ပြီ သန့်ရှင်းလေး တော့ တစ်ခေါက်လောက် အချောထပ်လုပ်လိုက်အုံးနော် အစ်မတို့လည်း အကောင်းဆုံးတော့ လုပ်ထားပါ တယ်” ဟု ပြောရင်း ကျမအခန်းတွင်း အရှေ့ဖက် မျက်နှာစာမှာရှိတဲ့ သံဇကာဖြင့်ကာရံထားတဲ့ ဝရံတာရဲ့အ တွင်းဖက် ပြူတင်းပေါက်လေးကို ဖွင့်ပေးလိုက်ပါတယ်။ ပြူတင်းပေါက် ဖွင့်လိုက်တယ် ဆိုရင်ပဲ အေးမြတဲ့လေ လေးက ကျမရဲ့ မျက်နှာကို တိုးဝှေ့ တိုက်ခတ်သွားတာကို ခံစားလိုက်ရပြီး ကျမအသက်ကို ပြင်းပြင်းလေးရှူ ရှိုက်လိုက်ပါတယ်။ “ကျေးဇူးပါနော် အစ်မတို့” လို့ကျမကပြောတော့ “ရပါတယ် ညီမရယ် အသစ်ရောက်လာ တဲ့ ဖရက်ရှ်ရှာလေးတွေ အားမငယ်အောင် ကူညီပေးတဲ့ စီနီယာတွေရဲ့ စေတနာပေါ့” လို ပြုံးပြုံးရွှင်ရွှင် ဖေါ် ဖေါ်ရွေရွေ ပြောပြီး ကျမရဲ့အခန်းမှ ထွက်သွားပါတော့တယ်။

ကျမတို့ တက္ကသိုလ်တက်စဉ်ကာလက အဆောင်နေကျောင်းသူများ ၆ပေ x ၉ ပေ တစ်ယောက်ခန်းများတွင် ထိုင်ခွင့်ရတာမို့ စိတ်မှာ လွတ်လပ် ပေါ့ပါးပြီး စိတ်ကျေနပ်မှု ရရှိတာတော့အမှန်ပါ။ ကျမ အခန်းနဲ့မျက်နှာချင်း ဆိုင် အခန်းနံပါတ် (၄၈) နဲ့ ၄င်းအခန်း ဘေးချင်းကပ်ရက် အခန်းနံပါတ် (၅၀) ၊ (၅၂) တို့ကလည်း ကျမလိုပဲ ပထမနှစ် လူသစ်များ ဖြစ်ပါတယ်။ ကျမဘေးကပ်ရက် အခန်းနံပါတ် (၄၉)ကတော့ နှစ်ကြီးသမား စီနီယာတစ် ယောက်ရဲ့ အခန်းပါ။ ကျမ အခန်းသန့်ရှင်းကို စတင်ပြုလုပ်ချိန်မှာပဲ ဘဲလ်တီးသံကိုကြားလိုက်ရပြီး စီနီယာ တစ်ယောက် စင်္ကြံထိပ်ကနေ “လူသစ်တွေအားလုံး တန်းစီကြရမယ် အောက်ထပ်က Hall ခန်းကို ဆင်းလာကြ ပါ” လို့ ဆက်တိုက် နှစ်ကြိမ်လောက် အော်သံကိုကြားတဲ့အတွက် လက်ပတ်နာရီကို ကြည့်လိုက်တော့ ညနေ (၆)နာရီတိတိရှိပါပြီ။ ကျမလည်းလုပ်လက်စ အလုပ်ကို ချက်ခြင်းဆိုသလို ရပ်တံ့လိုက်ပြီး အခန်းအပြင်ဖက်ကို ထွကပြီး အခန်းတံခါးကို သော့ခတ်ကာ အောက်သို့ဆင်းရန် ဟန်ပြင်စဉ် မျက်နှာချင်းဆိုင်အခန်းက လူသစ် နှစ်ယောက်ကလည်း ကျမနည်းတူဆင်းရန် တံခါးသော့ခတ်နေတာကို တွေ့တာနဲ့ ကိုယ့်ကိုယ်ကိုမိတ်ဆက် လိုက်ပြီး ကျမတို့ အတူတကွ အောက်ထပ်ကို ဆင်းခဲ့ကြပါတယ်။

ပါလာခန်း (သို့) ဟောခန်းမတွင် ကျမတို့အားလုံး လူစုမိတဲ့အခါမှာ စီနီယာအစ်မကြီးတွေက ကျမတို့ လူသစ် တွေကို ရှေ့တန်းမှာ နေရာချပေးပြီး သူတို့ကတော့ ကျမတို့ရဲ့ နောက်ကနေ နေရာယူကြပါတယ်။ ရှေ့ဆင့် နောက်ဆင့်ဆိုသလို အဆောင်မှူးရောက်လာပါတယ်။ အဆောင်မှူးက အရပ်မြင့်မြင့် အသားဖြူဖြူ အိနြေ္ဒ သိက္ခာနဲ့ပြည့်စုံပြီး အလွန်ကျက်သရေရှိသော ဆရာမဖြစ်ပါတယ်။ အပေါ်က လိမ္မော်ရောင် ရင်ဖုံးအင်္ကျီ ကို ဝတ်ဆင်ထားပြီး လုံချည်ကတော့ ယောဂီရောင်ကို ဝတ်ဆင်ထားပါတယ်။ အဆောင်မှူးက ကျမတို့ လူသစ် တွေကို ပဏာမအနေဖြင့် စည်းကမ်းပိုင်းနဲ့ စည်းလုံးညီညွတ်မှု တို့ကို အစဉ်အဆက် နာမည်ကောင်း ရထားပြီး ဖြစ်တာကြောင့် လူသစ်များမှ ဆက်လက်ထိန်းသိမ်းရန် အဓိကထားပြီး ပြောကြားပါတယ်။ စည်းကမ်းဆိုရာ တွင် ဧည့်တွေ့ချိန် အဆောင်ပိတ်ချိန် မနက်စာ နေ့လည်စာ ညနေစာတို့ကို သတ်မှတ်ချိန်အတွင်း စားရန် ဒါမှ မဟုတ် ထမင်းဘူးထည့်ရန်၊ နယ်ကနေ မိဘ၊ အုပ်ထိန်းသူတို့ ရောက်လာလို့ ကျောင်းပိတ်ရက် အပြင်ထွက် အိပ်မယ်ဆိုရင် ခွင့်ပြုချက်ကို ကြိုတင်တောင်းခံရန် အလှည့်ကျ ဈေးဝယ်ရန်တို့ကို ပြောပါတယ်။ အဆောင်မှူး စကားပြောပြီးချိန်မှာတော့ အဆောင်ရဲ့ အတွင်းရေးမှူးတာဝန်ယူထားတဲ့ စီနီယာအစ်မကြီးက စည်းကမ်း ချက်အသေးစိတ်ကို ဖတ်ပြပြီး စည်းကမ်းကို လိုက်နာပါမည့်အကြောင်း ကျမတို့အားလုံး လက်မှတ်ထိုးရပါ တယ်။ နေ့စဉ် ညနေ ၆-နာရီတွင် တန်းစီလူစစ်မည်ဖြစ်ကြောင်းကိုပါ ထည့်ပြောသွားပါတယ်။

စည်းကမ်းဆိုတာကတော့ နေရာတိုင်းမှာ သတ်မှတ်ပြီးသားမို့ အထူးတလည် လိုက်နာရမဲ့ ခက်ခက်ခဲခဲ စည်း ကမ်းရယ်လို့မရှိပါဘူး။ အဆောင်ရဲ့ အတွင်းရေးမှူး စည်းကမ်းပိုင်းဆိုင်ရာတွေ အသေးစိတ်ပြောပြီးတဲ့နောက် မှာ အဆောင်ရဲ့ တွဲဖက်အတွင်းရေးမှူး စီနီယာအစ်မတစ်ယောက်က လစဉ်ပေးသွင်းရမဲ့ အဆောင်ခ စားစ ရိတ်နဲ့ အခြားကုန်ကျစရိတ်တို့ကို မှန်မှန်သွင်းဖို့နဲ့ အကြွေးကျန်သူကို သတိပေးစာ ထုတ်ပေးပြီး သတ်မှတ်ရက် အတွင်း ငွေမသွင်းပါက အဆောင်မှာနေခွင့်ကိုပါ ရုပ်သိမ်းမှာဖြစ်ကြောင်းတို့ကို ပြောပြပါတယ်။ ထို့နောက် စီနီယာတွေနဲ့ လူသစ်တွေ အချင်းချင်းမိတ်ဆက်ကြပြီး ရင်းနှီးခင်မင်မှုကို ဖလှယ်ယူကြပါတယ်။ အဆောင်မှူး ကလည်း “နိဂုံးချုပ်အနေနဲ့ ဆရာမပြောချင်တာက ဒီအဆောင်မှာ နေကြတဲ့ အဆောင်ကျောင်းသူများ အား လုံးဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလို မိသားစုစိတ်ဓာတ်နဲ့ တစ်ယောက်ကို တစ်ယောက် ကူညီကြရမှာ ဖြစ်ပြီး ဖြေရှင်းလို့မရတဲ့ ကိစ္စမှန်သမျှကို အဆောင်မှူးအခန်းကိုလာပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်နိုင် ပါတယ်” ဟု နိဂုံးချုပ်စကားကိုပြောပြီး ကျမတို့အားလုံး ကိုယ့်အခန်းကိုယ်ပြန်နားခွင့် ရကြပါတယ်။

တစ်ချို့ အဆောင်ကျောင်းသူတွေကတော့ အခန်းကို မပြန်ကြတော့ပဲ အပေါ်ဆုံး ထပ်မှာရှိတဲ့ ဘုရားခန်းသို့ ဝတ်ရွတ်ရန်အတွက် ဆက်သွားကြပါတယ်။ အဲဒီအချိန်က ကျမက ခရိယာန်ဘာသာဝင် တစ်ဦးဖြစ်ဆဲမို့ ကိုယ့် အခန်းကိုယ် ပြန်လာခဲ့ပါတယ်။ အခန်းတွင်းကို ပြန်ရောက်တဲ့အခါမှာတော့ ကျမလုပ်လက်စ အခန်းသန့်ရှင်း ကို ဆက်လက်ပြုလုပ်ပြီး ပစ္စည်းတွေကို နေရာတကျချကာ ကျမအခန်းနဲ့ နှစ်ခန်းကျော်မှာရှိတဲ့ အများသုံး ရေ ချိုးခန်းမှာ ရေချိုးသန့်စင်ပြီး အိပ်ယာစောစောဝင်ခဲ့ပါတယ်။ အိပ်ယာဝင်ခဲ့သော်လည်း ကျမအိပ်မပျော်ခဲ့ပါ။ အတွေးနယ်ထဲသို့ အလည်ရောက်သွားပါတော့တယ်။ ရပ်ဝေးတစ်နေရာမှာ တာဝန်ထမ်းဆောင်နေသော ဖေဖေ့ကို သတိရမိတယ်။ ရိုးသားစွာ ဝန်ခံရရင် ကျမရဲ့ ပင်ကိုယ် ဉာဏ်ရည်ထက်မြက်မှုက မက်လောက်စရာ မရှိပါ။ သို့သော်ကျမ အလွန်ချစ်သော ဖေဖေက ကျမကို ဆရာဝန်မကြီး အင်ဂျင်နီယာမကြီး အလွန်ဖြစ်စေ ချင်သောဆန္ဒကြောင့် တက္ကသိုလ်ဝင်တန်းမှာ သူများလို အိပ်ကောင်းချင်း မအိပ်ရ။ စားကောင်းချင်း မစားရပဲ ဝိရိယကိုသာအားကိုးကာ ကြိုးစားခဲ့ခြင်းရဲ့ ရလာဒ်ကြောင့် ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသို့ ယခုလို တက်ရောက်ခွင့် ရခဲ့ခြင်းပါ။ ကျမ ရန်ကုန်စက်မှုတက္ကသိုလ်သို့ ဝင်ခွင့်ရသည့်နေ့က ဦးလေးမှ တဆင့် ဖေဖေ့ ဆီကို သံကြိုးစာလှမ်းပို့လိုက်ပါတယ်။ ညီမလေးတူးမာရဲ့ ပြောပြချက်အရ “မနက် ကော်ဖီသောက်ချိန်မှာ မတင့်ရဲ့သံကြိုးစာရောက်လာတယ်လေ မတင့်ရဲ့ ဆယ်တန်းကို အဆင့်မြင့်မြင့် အောင်မြင်သွားတယ် ဆိုတာ ကို ဖေဖေဖတ်ပြီးတဲ့အခါ ဖေဖေ့မျက်နှာက ပြုံးနေတော့တာပဲ ဖေဖေအဲ့ဒီလို ကြည်နူးပြီးပီတိတွေဖြစ်နေတဲ့ပုံ မတင့်ကိုမြင်စေချင်လိုက်တာ” တဲ့ အဲဒီစကားတစ်ကြောင်းနဲ့တင် ကျမရဲ့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ ပင်ပန်းမှု အမောတွေ အားလုံးတခဏချင်းအတွင်း ပြေသွားစေခဲ့ပါတယ်။

ဒီလိုပြောရခြင်းက ကျမ အထက်တန်းပညာကို ဆည်းပူးနေချိန်မှာ ကျမဖေဖေနဲ့ မောင်ငယ် ညီမငယ်တို့ဟာ ဖေဖေတာဝန်ကျရာ ရေခြားမြေခြားမှာ လိုက်နေကြတာမို့ ဖေဖေ့ညီမအကြီးဆုံးဖြစ်တဲ့ မေကြည် အိမ်မှာကျမ အထက်တန်းပညာကို သင်ယူခဲ့တာ ဖြစ်ပါတယ်။ မေကြည်ကိုယ်တိုင်က ကျမတို့စာသင်ကျောင်း အ.ထ.က (၃) ဒဂုံမှာ အထက်တန်းပြ ဆရာမဖြစ်ပြီး နဝမတန်း အတန်းပိုင် ဖြစ်ပါတယ်။ အဒေါ်ရဲ့အိမ်မှာ ဆယ်တန်းဖြေ မည့်သူ ကျမအပါအဝင် စုစုပေါင်း သုံးယောက်ရှိပြီး သုံးဦးအနက်မှာ မာလာထွန်းဆိုသူဟာ မေကြည့်မိတ်ဆွေ ရဲ့ သမီးဖြစ်ကာ ဉာဏ်ရည်အတော်လေး ထက်မြက်သူပါ။ မာလာထွန်း မိဘများက တောင်ကြီးသို့ အရေးပေါ် ပြောင်းရွှေ့သွားရတာမို့ မေကြည်ကို အပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ခြင်းမရှိတဲ့ ကျမ မှာ မာလာထွန်း ထက်ပိုပြီး ကြိုးစားအားထည့်ရပါတယ်။ စာကြည့်ကြပြီဆိုရင် မာလာထွန်းဟာ ဘာသာရပ် တိုင်းလိုလို အချိန်တိုအတွင်း စာတွေ ပြီးသွားပေမယ့် ကျမက သူနဲ့ နှိုင်းယှဉ်လို့ မရအောင် နှေးကွေးကြန့်ကြာ ခဲ့ပါတယ်။ ဒီအတွက်လည်း ကျမအချိန်ပိုယူပြီး ကျက်မှတ်ခဲ့ရပါတယ်။ နောက်တစ်ယောက်ကတော့ ဖြူဖြူဆို တဲ့ ညီမဝမ်းကွဲတစ်ယောက် ဖြစ်ပြီး သူကတော့ ဝိဇ္ဇာဘာသာတွဲယူထားတာမို့ တွက်စာနည်းပြီး ကျက်စာများ တာကြောင့် ကျမတို့နဲ့ သီးသန့်ခွဲပြီး စာလုပ်ရပါတယ်။ သူများတွေ အိပ်ချိန်မှာ ကျမ မအိပ်ခဲ့ရသလို သူများ တွေ အနားယူတဲ့အချိန်မှာ ကျမ အနားမယူပဲ မပြီးသေးတဲ့ စာတွေကို ကျက်မှတ်ခဲ့ရပါတယ်။ ကျမဖေဖေရဲ့ ဆန္ဒကို ဖြည့်ဆည်းနိုင်ခဲ့တဲ့အတွက် ကျမကျေနပ်ခဲ့ပါတယ်။ အတိတ်က အကြောင်းလေးတွေ ကျမပြန်လည်  တွေးတောရင်း အတွေးစကို ဖြတ်လိုက်ကာ မနက်ဖြန် မနက် ၈နာရီတွင် သဇင်ဆောင်အရှေ့မှ ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းသို့ သွားရန် လာရောက်ကြိုမည်ဆိုသော ကျောင်းဖယ်ရီကို မမှီလိုက်မှာစိုးသောကြောင့် နာရီနှိုးစက်ကို မနက် ၆နာရီ ပေးပြီး အိပ်လိုက်ပါတော့တယ်။


မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz