x

19.7.11

လေးဆူဓာတ်ပုံ ရွှေတိဂုံ နှင့် ကျောက်တော်ကြီးဘုရား ပုံတော်


ကျမရဲ့အိမ်ကနေ မြို့ထဲကိုသွားပြီးဆိုရင် ဘုရင့်နောင် တံတားကို ဖြတ်သန်းသွားရတဲ့အတွက် ဘုရင့်နောင် တံတားပေါ်ရောက်တိုင်း ရွှေတိဂုံစေတီတော်မြတ်ကြီးကို ထင်ထင်ရှားရှားဖူးခွင့်ရပါတယ်။ ကျမရောက်လေရာ အရပ်ကနေ ရွှေတိဂုံစေတီတော်ကြီးကိုမြင်တိုင်း ရွတ်ဖတ်လေ့ရှိတဲ့“ကကုသန် မြတ်စွာဘုရား၏ တောင်ဝှေး တော်၊ ကောဏာဂုံ မြတ်စွာဘုရား၏ ရေစစ်တော်၊ ကဿပ မြတ်စွာဘုရား၏ ရေသနုတ်သင်္ကန်းတော် နှင့် ဂေါတမ မြတ်စွာဘုရား၏ ဆံတော်ရှစ်ဆူ အစရှိသော ပရိဘောဂမွေတော် ဓာတ်တော်တို့ဖြင့် တည်ထားကိုးကွယ်အပ် သော ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရိုသေလေးမြတ်စွာ လက်အုပ်မိုး၍ ရှိခိုး ပူဇော် ကန်တော့ပါ၏” လို့ ရွတ်ဖတ် သရစ္ဇျယ်လေ့ရှိပါတယ်။ 

ရွတ်နေကျ ဆိုတော့လည်း တစ်ခါတစ်လေ တခြားသောကိစ္စရပ်များနဲ့ ဦးနှောက်က အလုပ် များနေသည့်တိုင်
တံတားပေါ်ရောက်တာနဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လှမ်းမျှော်မိတယ်ဆိုရင်ပဲ နှုတ်ကခရားရေလွှတ် အလိုလိုရွတ်ဖတ်ပြီးဖြစ်ပါတယ်။ လူတိုင်းမှာလည်း အလားတူ မိမိရဲ့ ကိုယ်ပိုင်ရွတ်ဆိုနေကျ တရားစကားစု လေးတွေ ရှိမှာမုချပါ။ အခုလို ကျမဒီပို့စ်မှာ ထည့်သွင်းရေးရခြင်းက တစ်ခါက ကျမအဒေါ်အငယ်နဲ့ ကျမတို့ အပြင်သွားရင်း တံတားပေါ်ရောက်တော့ ကျမရွတ်တာကို ကြားသွားတဲ့ အဒေါ်ငယ်က ပြန်ရွတ်ခိုင်းပါတယ်။ နောက်ပြီး ၃-၄ ခေါက်သူပြန်ရွတ်ကြည့်ပြီး အလွတ်ဆိုကြည့်ပါတယ်။ အဒေါ်ငယ်အဲဒီလို ရွတ်နေတာကို ကျမ ရင်ထဲမှာ ကြည်နူးမှုအဟုန်နဲ့အတူ ပီတိဖြစ်လာတာမို့ အကယ်၍သာ စာဖတ်သူများထဲမှာလည်း တစ်ဦး တစ်လေ လေးဆူဓာတ်ပုံရွှေတိဂုံရဲ့ ဌာပနာများကိုထည့်သွင်းရွတ်ဖတ်လိုတဲ့ ဆန္ဒလေးများ ရှိလာခဲ့ရင်မျှဝေ ပေးတဲ့ကျမ ထည့်သွင်းရေးရကျိုးနပ်ပါပြီ။





ကျမရွတ်ဖတ်ခဲ့သော လေးဆူသောဌာပနာများသည် ရွှေတိဂုံစေတီတော်ကြီးတွင် အဓိကအားဖြင့် ဘဒ္ဒကပ် ကမ္ဘာတွင် ပွင့်တော်မူပြီးသော လေးဆူသော သဗ္ဗညုမြတ်စွာဘုရားရှင်တို့၏ အသုံးအဆောင် ဓာတ်တော်များ ကို ဌာပနာ၍ တည်ထားခြင်းဖြစ်တယ်ဆိုတာကို အားလုံးသိပြီးဖြစ်ပါတယ်။ ရွှေတိဂုံစေတီတော် တည်ထား ကိုးကွယ်ရာ သိင်္ဂုတ္တရကုန်းတော်ပေါ်တွင် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးသာမက အခြားခြား သော စေတီပုထိုးတော်များ ရုပ်ပွားတော်များလည်း များစွာတည်ထားကိုးကွယ်လျက် ရှိပါတယ်။ ထိုများစွာ သော စေတီပုထိုးတော်များ ရုပ်ပွားတော်များမှာ သူ့ဒေါင့်နှင့်သူ ယင်ပြင်ပေါ်တွင် စမ္ပာယ်တော်မူကြကုန်၏။ ထိုစေတီ ရုပ်ပွားတော်များအနက် ရှေးမွန်ဘုရင်များ မြန်မာဘုရင်များ မှူးမတ်သေနာပတိများ ထွက်ရပ်လမ်း အားထုတ်ကြကုန်သော ဘိုးဘိုးအောင် ဓမ္မစေတီ ဘားမဲ့ဆရာတော် ရှင်မထီးနှင့်တကွ ရှင်အဇ္ဇဂေါဏ စသော ပုဂ္ဂိုလ်ကျော်ကြီးများ တည်ထားကိုးကွယ်ကြတဲ့ ဘုရားများလည်း များစွာရှိပါတယ်။ ၄င်းတို့အထဲမှ ထူးခြား သော ဌာန (၉) ခု၊ သို့မဟုတ် ထူးခြားသော (၉) ဌာနတို့ကို ကျမလည်း သွားရောက်ဖူးဖြစ်တဲ့ အတိုင်းချရေး ထားခဲ့တော့ အစီအစဉ်မကျ ဖြစ်နေပါတယ်။ ဒါကြောင့် ဖတ်ရသူတို့ အဆင်ပြေစေရန် အစီအစဉ်အလိုက် ချရေးရင်း မျှဝေသွားပါ့မယ်။

ရွှေတိဂုံစေတီတော်မြတ်ကြီးနဲ့ ပတ်သက်ပြီး ပို့စ်အသစ်တွေမှာ ဆက်လက်တင်ပေးမှာဖြစ်ပါတယ်။


မနေ့မနက်က ကျမသွားရောက် ဖူးမျှော်ခွင့်ရခဲ့တဲ့ မင်းဓမ္မကုန်းပေါ်မှာတည်ထားသော ကျောက်တော်ကြီး ဘုရား ပုံတော်ပါ။  




              ကျောက်တော်ကြီးဘုရား၏ အနောက်တောင်ထောင့်တွင်တည်ထားသော ဗုဒ္ဓရုပ်ပွားတော်များ

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz