x

4.8.11

သက်သက်သာသာ မနက်စာ


မြိန်ရာဟင်းကောင်း

ဒီကနေ့မနက် ကျမတို့ မြိန်ရာဟင်းကောင်းဆိုသလို ဈေးဘိုးလည်းသက်သာ စားလို့လည်းကောင်းပြီး အများ နှစ်သက်တဲ့ အသုပ်စုံလုပ်စားကြပါတယ်။ ဝါတွင်းကာလ ဥပုဒ်နေ့ဖြစ်စေ ဝါတွင်းတစ်တွင်းလုံးဖြစ်စေ သက် သတ်လွတ် စားသုံးသူတို့ အတွက်လည်း ငံပြာရည်ကို ရှောင်လိုက်ရင် သက်သတ်လွတ် တစ်နပ်စာ အသုပ်စုံ တော့ ရပြီပေါ့နော်။

 


အိမ်မှာအသုံးပြုတဲ့ အမယ်တွေ စုံစုံလင်လင်မပါပဲ အသုပ်စုံကို လုပ်စားဖြစ်ကြပါတယ်။ ငရုပ်ဆီထမင်း၊ အာလူး ပြုတ်၊ ပဲပင်ပေါက်ရေနွေးဖျော၊ ခေါက်ဆွဲ၊ ကြာဇံတို့ဖြစ်ပြီး တစ်ချို့လည်း ပိုပြီးစုံစုံလင်လင်ဖြစ်အောင် သင်္ဘော သီးခြစ်၊ ဂေါ်ဖီထုပ် ခရမ်းချဉ်သီး တို့ကို ထည့်သုပ်ကြပါတယ်။ ကိုယ်နှစ်သက်သလို ထည့်ပြီး အသုံးပြုလို့ရပါ တယ်။

အသုပ်စုံအတွက် လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေကတော့ ဆား၊ ငံပြာရည်၊ ပဲမှုန့်အကျက်၊ မန်ကျည်း ရည်၊ ငရုပ်အကျက်မှုန့်၊ ကြက်သွန်ဖြူ ဆီချက်တို့ဖြစ်ပါတယ်။ ပုစွန်ခြောက်မှုန့် ထည့်သုံးရင် အရသာပိုလေးပြီး စားကောင်းတဲ့ အသုပ်စုံကိုရပါတယ်။ မိမိနှစ်သက်သလို ချဉ် ငံ စပ်တို့ကို ရောနယ်စားသုံးလို့ရပါတယ်။

အသုပ်စုံချဉ်ချဉ်စပ်စပ်လေး စားသုံးပြီးရင်တော့ အချိုပွဲလေးကို အစာပိတ် ကျွေးလိုတဲ့အတွက် ဆနွင်းမကင်း ထိုးပေးထားတယ်။

နူးညံ့သန့်ရှင်း ဆနွင်းမကင်း

ဒီတစ်ခေါက် စာဖတ်မိတ်ဆွေတို့ကို ဆနွင်းမကင်းလုပ်ကျွေးလိုတဲ့ ဆန္ဒပေါ်ခဲ့ပါတယ်။ စာဖတ်သူတွေထဲမှာ ဆနွင်းမကင်း လုပ်စားသူတွေလည်း ရှိမှာမုချပါ။ နည်းလမ်းလေးနဲ့ ပါဝင်တဲ့ပစ္စည်းအမယ်လေးတွေတော့ နည်းနည်းပါးပါး ကွာခြားမှုရှိမှာပေါ့နော်။ ဥပမာ ကျမက စပျစ်သီးခြောက်မကြိုက်တဲ့အတွက် ထည့်မသုံးသလို သီဟိုလ်စေ့ကြိုက်ပေမယ့် ဈေးကြီးလို့ထည့်မသုံးပြန်ဘူးး))။ ကိုယ်နှစ်သက်ရာရာကို သဘောကျထည့်သုံးပြီး ဆနွင်းမကင်းတစ်ဘန်းရအောင် လုပ်စမ်းကြည့်ကြပါစို့နော်။

အသုံးပြုတဲ့အမယ်တွေကတော့ ဂျုံရွှေကြည်မှုန့်၊ နွားနို့၊ အုန်းနို့၊ ကြက်ဥ၊ ဂီးထောပတ်၊ သကြား၊ ဘိန်းစေ့၊ နို့စိမ်း  (အစိမ့် နှစ်သက်သူများအတွက်သာ) တို့ဖြစ်ပါတယ်။



ကြက်ဥကို ပန်းကန်တစ်ခုတွင် ခလောက်ပြီး ဂျုံရွှေကြည်မှုန့် နွားနို့၊ အုန်းနို့၊ သကြား နို့စိမ်း တို့နဲ့ရောမွှေပါ။ မွှေပြီးလျှင် ဂီး ထောပတ်ကိုထည့်ပြီး ဆက်မွှေပါ။



ဒန်အိုးတစ်လုံးတွင် မွှေပြီးမုန့်ရည်ကိုထည့်ကာ မီးဖြင့်အပူပေးပါ။ အောက်ခြေမကပ်အောင် တစ်ချက်တစ်ချက် မွှေပေးပါ (သစ်သားယောင်းမနှင့် သုံးကပိုအဆင်ပြေပါတယ် မရှိလျှင်လည်း အဆင်ပြေတာနဲ့သုံးလို့ရပါတယ်) အရည်ပစ်လွန်းလျှင် နွားနို့ထပ်ရောလိုက်ပါ။ မုန့်ရည် ပွက်လာလျှင် စဉ်ဆက်မပြတ်မွှေရပါတော့မည်။ အချိန် ကြာလာလျှင် အနံ့မွှေးလာမည် မရသေးပါ။ ဆက်တိုက်မွှေပေးပါ။ အိုးတွင် မုန့်နှစ်များ ထွက်လာသော ဂီး ထောပတ်ဆီနှင့်အတူ လိုက်၍ပတ်ချာလည်လာလျှင် ဂီးထောပတ်သုတ်ထားသော မုန့်ထည့်ဘန်းသို့ လောင်း ထည့်လိုက်ပါ။ မျက်နှာပြင်ညှိပေးပြီး အပေါ်မှ ဘိန်းစေ့လေးများ ဖြူးခြင်းဖြင့် ဆနွင်းမကင်းတစ်ဘန်းရပါပြီ။
(မီးသွေးမီးခဲရဲရဲနဲ့ ဆနွင်းမကင်းအိုး အပေါ်ဖက်ကို တင်ပြီး မီးအုံးပေးရင် အရောင်ပိုလှပါတယ်)



ဆနွင်းမကင်းပုံလှီးပြီး ဦးဦးဖျားဖျား ဆွမ်းတော်ကပ်ရန် ဦးဖယ်လိုက်ပြီဆိုတော့ နူးညံ့သန့်ရှင်းတဲ့ ဆနွင်းမကင်း မွှေးမွှေးလေးကို ဘလော့ဂ်မိတ်ဆွေများ ဝိုင်းဝန်းသုံးဆောင်လို့ရပါပြီ။ လွယ်တယ်မဟုတ်လားဟင်။ အချိန်ရ ရင် လက်တွေ့စမ်းသပ် လုပ်စားကြည့်ကြနော်။ ဆနွင်းမကင်း အတုံးလေးတွေ လှီးထားတာ မညီမညာ မလှမပဖြစ်ပေမယ့် အရသာရှိပါတယ်း)


ကြုံတုန်းလေး စကားမစပ် ပြောပြပါရစေနော်။ မိမိအိမ်မှာကြာပန်းစိုက်လိုပေမယ့် နေရာအခက်အခဲ ဖြစ်နေ ရင် အခုလို စိုက်လို့ရတယ်နော်။ ကြာပန်းလေးတွေ ပွင့်နေတာမြင်ရင် စိတ်ကြည်နူးမှုကို ရစေတာမို့ ခံစားစေ လိုတဲ့ စေတနာပါကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz