x

6.8.11

ကျမတို့ရဲ့ကျောင်းတော်ကြီး


                     ကျမ သဇင်ဆောင်မှာနေစဉ်က မြန်မာစာဖြင့် 'သဇင်ဆောင်' လို့ရေးသားခဲ့သော 
                                             တစ်ချိန်တုန်းက အဆောင်ကလေး အမှတ်တရ

                                      အဆောင်မှူးအခန်းသို့သွားသည့်လမ်းကလေး အမှတ်တရ

မနက် ၈နာရီဆိုလျှင် သမိုင်းဝင်းအတွင်းမှ စက်မှုတက္ကသိုလ်သို့ ပို့ပေးမည့် ဖယ်ရီလာတော့မှာမို့ နာရီနှိုးစက် အသံ ပေါ်ထွက်လာတာနဲ့ တစ်ပြိုင်တည်း အိပ်ယာမှ အလူးအလဲထလိုက်ပါတယ်။ သွေးပူလေ့ကျင့်ခန်းကို ၁၀ မိနစ်ခန့် အရင်လုပ်လိုက်ပြီး ရေတစ်ခွက်သောက်ပြီးမှ သဘက် ရေခွက် သွားပွတ်တံ ဆပ်ပြာတို့ကိုယူပြီး ကျမ အခန်းနဲ့ နှစ်ခန်းကျော်မှာရှိတဲ့ ရေချိုးခန်းရှိရာသို့ အပြေးလေးလျှောက်ခဲ့ပါတယ်။ တော်ပါသေးရဲ့ ရေချိုးခန်း အလွတ်ကျန်နေပါသေးတယ် ပထမဆုံးနေ့ တက္ကသိုလ်ကျောင်းတော်ကြီးကို စတက်ရမည်ဖြစ်သဖြင့် လူသစ် များအားလုံးလိုလို တက်တက်ကြွကြွနဲ့ စောစောထကြပြီး ရေချိုးခန်းအသုံးပြုကြမှာ မဟုတ်ပါ လား။
             ရက် လ နှစ်တွေပြောင်းသွားပြီမို့ အရာရာပြောင်းလဲသွားသော တစ်ချိန်တုန်းက သဇင်ဆောင်

                လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျမတို့အဆောင် ကျောင်းသူများ ဖယ်ရီစောင့်စီးခဲ့သော            အဆောင်နှင့်မျက်နှာချင်းဆိုင် ကားဂိတ်

ကျမလည်း မျက်နှာသစ် သွားတိုက် အလုပ်တွေ လုပ်ပြီးတာနဲ့ ရေကိုခပ်မြန်မြန် ခပ်သွက်သွက် ချိုးလိုက်ပါ တယ်။ ဆယ်မိနစ်ခန့်သာ ကြာမည်ထင်ပါတယ်။ ရေချိုးပြီးတာနဲ့ ကျောင်းသွားရန်အတွက် ပြင်ဆင်ကာ ကော်ဖီခွက် ဇွန်းတို့ကိုယူ၍ အောက်ထပ်သို့ ဆင်းလာပါတယ်။ ထမင်းစားဆောင်တွင် အဆင်သင့်ပြင်ထား သော မနက်စာ ပဲပြုတ်ထမင်းကြော်နဲ့ ကော်ဖီကို စားသောက်ပါတယ်။နေ့လည်စာ အတွက် ထမင်းဘူးကို ကိုယ်တာအလိုက်ထည့်ပြီး အပေါ်ထပ်သို့ ပြန်တက်ခဲ့ကာ လွယ်အိတ်ကို ကောက်လွယ်ပြီး အောက်သို့ဆင်းခဲ့ ပါတယ်။ အချိန်ပိုနေသေးတာကြောင့် သဇင်ဆောင်နှင့် မျက်နှာချင်းဆိုင် ကားဂိတ်မှ ပတ်ဝန်းကျင်အနေ အထားကို အနည်းငယ်လေ့လာကြည့်တဲ့အခါ သဇင်ဆောင်ရဲ့ အနောက်ဖက်မှာ မြေကွက်လပ်ကြီးဖြစ်ပြီး အရှေ့မြောက်အရပ်ဖက်မှာ သရဖီဆောင် ရှိကာ သဇင်ဆောင်ရဲ့ အရှေ့ဖက်မှာတော့ သဇင်ဆောင်နဲ့ယှဉ် လျက် ဂန္ဓမာဆောင်ရှိပါတယ်။ ဂန္ဓမာဆောင်ဟာ သဇင်နှင့်အနီးကပ်ဆုံးသော အဆောင်တစ်ဆာင်ဖြစ်ပြီး စီးပွားရေးကျောင်းသူများ အဆောင်ဟု သိရပါတယ်။ ဂန္ဓမာဆောင်နဲ့ယှဉ်လျက် ကန့်ကော်ဆောင်တို့ ဖြစ်ပါ တယ်။ ကျမကားဂိတ်မှာ ဖယ်ရီကို ရပ်စောင့်နေစဉ်မှာပဲ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အဆောင်ကျောင်းသူများ ရှေ့ဆင့် နောက်ဆင့် ဆိုသလို ရောက်လာကြပါတယ်။ မကြာခင်ပဲ ဖယ်ရီကား နှစ်စီးကျမတို့ရပ်နေရာ ကားဂိတ်သို့ လာရပ်လိုက်ပါတယ်။ ဖယ်ရီကားပေါ်ကိုလှမ်းတက်ပြီး နေရာယူမယ်လုပ်တော့ ထိုင်ခုံတိုင်းလိုလိုမှာ စီနီယာ အစ်ကိုကြီးများ တစ်ခုံစီ ထိုင်နေတာကို တွေ့ရပါတယ်။ ကျမကတော့ နကိုယ်ထဲက ကိုယ်လုပ်သင့်တယ်ထင် ရင် လုပ်တတ်တဲ့ဗီဇပါပြီးသားမို့ အလျင်းသင့်တဲ့ခုံမှာပဲ ဝင်ထိုက်လိုက်ရုံမကသေးပဲ ကျမဘေးက ထိုင်ပြီးပါလာ တဲ့ စီနီယာအစ်ကိုကြီးကို ပြုံးပြီး နှုတ်ဆက်လိုက်ပါသေးတယ်။ တစ်ချို့ ကျောင်းသူသစ်လေး ၃-၄ဦးမှာတော့ ရှက်သလိုလိုကြောက်သလိုလို ဖြစ်နေပြီး ဖယ်ရီကားပေါ်မှာ မတ်တပ်ရက်လျက်သား ဖြစ်နေတာကို တွေ့ရပါ တယ်။ စီနီယာအစ်ကိုကြီးတွေက လာထိုင်လေညီမလေး ဒီမှာခုံလွတ်တယ်ဆိုပြီး သူတို့ဘေးကခုံလွတ်ကို လက်နဲ့ပုတ်ပြတော့မှ ကျောင်းသူသစ်လေးတွေက ခေါင်းကလေးငုံ့ပြီး အသာအယာသွားထိုင်ကြပါတယ်။ ထိုသို့ပြုမူခြင်းဟာ စက်မှုတက္ကသိုလ် စီနီယာကျောင်းသားတွေရဲ့ လုပ်နေကျ လုပ်ဆောင်မှုတွေထဲက တစ်ခု ဖြစ်တယ်ဆိုတာနောက်မှ သိရပါတယ်။ တစ်ယောက်တစ်ခုံ ထိုင်လာခြင်းရဲ့ အဓိပ္ပာယ်ကတော့ ကိုယ့်ရဲ့ကံ ကြမ္မာကို စမ်းသပ်တဲ့အနေနဲ့ မဲဖေါက်တာလို့ပြောပါတယ်။ အကယ်၍ ကိုယ့်ဘေးမှာလာထိုင်တဲ့ ကျောင်းသူက လှလှပပချောချောမောမောလေးဆိုရင် ကျေနပ်တဲ့အပြုံး ကြည်နူးတဲ့ပီတိတွေလွှမ်းပြီး မိန့်မိန့်ကြီးပါလာတတ် သလို ကိုယ့်ဘေးမှာကျတဲ့ကျောင်းသူက ရုပ်ဆိုးဆိုး ဝဝဖိုင့်ဖိုင့်ကြီးဆိုရင် ကျန်တဲ့သူတွေက မျက်စပစ်ပြီးစကြ တယ်လို့ သိရပါတယ်။ ဒါကတော့ အဆောင်နေ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတို့၏ ပျော်ရွှင်စရာ အစဉ်အလာလေးတစ်ခုပင်။ ကျမ သိသလောက်တော့ ကျမတို့ဝင်တဲ့နှစ်မှာ အဝလွန်သူ တစ် ယောက်မှ မပါ ပါဘူး။ သမိုင်းဝင်းထဲ၌ စက်မှုတက္ကသိုလ် ကျောင်းသူများအတွက် အဆောင်ဟာ သဇင်ဆောင် တစ်ဆောင် သာဖြစ်ပြီး စက်မှုတက္ကသိုလ် ကျောင်းသားများအတွက်ကျတော့ ဒူးယား ပုပ္ပါး အင်းလေး နဲ့ စဥ့်ကူ ဆိုပြီး ၄- ဆောင်ရှိပါတယ်။ ကျမတို့ ဝင်တဲ့နှစ်မှာ စုစုပေါင်းအင်အား ၅၆၀ ကျော်ရှိပြီး ကျောင်းသူစုစုပေါင်း ၇၀ တက် ရောက်ခွင့်ရခဲ့ပါတယ်။

                     ကျမတို့ ကျောင်းတက်စဉ်ကာလကတော့ Rangoon Institute of Technology
                                                စာတမ်းထိုးထားသော ကျောင်းတော်ကြီး

စက်မှုတက္ကသိုလ်ဝင်းကြီး ဘေးပေါက်သို့ဖယ်ရီကားကြီးထိုးဆိုက်လိုက်တဲ့အခါမှာ ကျမတို့အားလုံး ဖယ်ရီပေါ် မှဆင်းကြကာ ကျမအပါအဝင် အားလုံးလိုလိုပဲ မိမိတို့ တက်ရမည့်ကျောင်းတော်ကြီးကို ကျေနပ်စွာလှမ်းပြီး  ကြည့်မိပါတယ်။ ကျမအတွက်တော့ တစ်ကြိမ်တစ်ခါမျှ မမြင်ဘူးသေးသော ကြီးကျယ်ခမ်းနားလှသည့် အဆောင်အဦးကြီးများကို ကြည့်ပြီး ဖြစ်ပေါ်လာတဲ့ ပီတိအဟုန်ကို မည်သို့မျှ ထိန်းချုပ်နိုင်စွမ်းမရှိပါသဖြင့် မျက်နှာမှာ ပေါ်လွင်နေပါတယ်။ အုပ်စုလိုက် သုံးထပ်ကျောင်းဆောင်ကြီးရဲ့ အောက်ဆုံးထပ် ကျောင်းသား ရေးရာအရှေ့သို့ ကျမတို့လူသစ်များအားလုံး ရောက်ရှိလာချိန်မှာတော့ ရုံးခန်းရှေ့တွင် ကျမတို့လူသစ်များ အတွက် တက်ရောက်ရမည့် အတန်းခွဲများ မိမိဘယ် Section တွင် ပါသည်တို့ကို စာများကပ်ထားသဖြင့် လူ သစ်များအားလုံး မိမိ မည်သည့် Section တွင်ပါကြောင်းနဲ့ ကိုယ်တက်ရောက်ရမည့် အခန်းကို ရှာကြပါတယ်။ နာမည်အလိုက် Section A , B , C , D စသဖြင့် ခွဲခြားထားပါတယ်။ ကျမအမည်က ‘တ’ မှစတဲ့အတွက် Section B အုပ်စုမှာပါပါတယ်။

ကျောင်းသားရေးရာ ဌာနမှာ လူသစ်များ တစ်ရုန်းရုန်းဖြစ်နေချိန်မှာတော့ စီနီယာ အစ်မကြီးများမှာ အိနြေ္ဒရ သလောက် စီနီယာအစ်ကိုကြီးများမှာ ပေါ်ပေါ်ထင်ထင်ပဲ လူသစ်ညီမလေးများကို မသွားတတ်မလာတတ် ဖြစ်လောက်အောင် ‘ကူညီပါရစေ’ ဟုမပြောရုံတမယ် လာရောက်ကြိုဆိုကြပါတယ်။ တစ်ကြိမ်တစ်ခါမျှ အတွေ့အကြုံမရှိခဲ့တဲ့ လူသစ်များမှာ အထင်လွဲခြင်းသက်သက်ပါ။ လအနည်းငယ်ကြာမှ အစ်ကိုကြီးများရဲ့ စေတနာအရင်းခံကို နားလည်သဘောပေါက်လာကြပါတယ်။ တကယ်တော့ ကျောင်းလခသွင်း စာအုပ်ဖိုး သွင်း တခြားအလားတူ ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် လူအုပ်ကြီးကြားတွင် ကျမတို့အတွက် တိုးဝှေ့ရန် မလွယ်ကူလှပါ။ ထို့ကြောင့်အစ်ကိုကြီးများက ကူညီချင်းသက်သက်ဖြစ်တယ်ဆိုတာ နောက်ပိုင်းမှာ သိလာရ ပါတယ်။ အင်ဂျင်နီယာ ကျောင်းသား ကျောင်းသူများ အင်မတန် စည်းလုံးမှုရှိတဲ့ သာသကတွေ နောက်ပိုင်းမှာ ကိုယ်တွေ့ မျက်မြင် တွေ့ကြုံမှုလေးတွေ ရှိလာတဲ့အခါမှာတော့ အချင်းချင်း ညီအစ်ကိုမောင်နှမများပမာ ရင်းနှီးမှုမှာ ပိုမိုလို့သာခိုင်မာလာပါတော့တယ်။ ကျမတို့အုပ်စုကတော့ ကိုယ်နဲ့အတန်းတူ သူငယ်ချင်းများရဲ့ အကူအညီကိုသာ ရယူကြပါတယ်။

ပင်မသုံးထပ်ဆောင်ကြီးရဲ့ ပုံသဏ္ဍာန်က ထိုစဉ်က ယူပုံစံဖြစ်ပြီး အောက်ဆုံးထပ်အလယ် တည့်တည့်မှာ လျှောက်လှမ်းတစ်ခုရှိကာ တစ်ဖက်တစ်ချက်မှာ မြက်ခင်းများရှိပါတယ်။ အကြောင်းမသိတဲ့ လူသစ်တစ်ချို့ ဟာ ထိုအလယ်လမ်းမကို ဖြတ်လျှောက်မိပြီဆိုလျှင် စာသင်ခန်းတိုင်းမှ ကျောင်းသားများ ထွက်လာပြီး ဝင်း ဝန်းလက်ခုပ်သြဘာများပေးကြပါတယ်။ ထိုလမ်းကို လျှောက်မိတဲ့သူမှာ အနောက်ပဲပြန်ဆုတ်ရတော့မလိုလို ရှေ့ပဲဆက်လျှောက်ရတော့ မလိုလိုမျိုး ကြုံကြရတာကိုလည်း မကြာခနဆိုသလို ကျမ တွေ့မြင်ရပါတယ်။ အကြောင်းရင်းကို သိချင်လို့ စပ်စုကြည့်တော့ တစ်ချိန်က ရန်ကုန်စက်မှုတက္ကသိုလ်ဘွဲ့ကို ဤကျောင်းမှာပင် အခမ်းအနားလုပ်၍ပေးခဲ့ပြီး ထိုလမ်းသည် ဘွဲ့ယူသူများ လျှောက်သည့်လမ်းဖြစ်ကြောင်း သိခဲ့ရပါတယ်။ ဒါက လည်း ရန်ကုန်စက်မှုတက္ကသိုလ်ရောက် ကျောင်းသားတို့ရဲ့ နောက်ထပ်အစဉ်အလာ တစ်ခုအဖြစ် ကျမသိ လိုက်ရပါတယ်။

စာသင်ခန်းများတွင် စာသင်ရာတွင်လည်း ဘာသာရပ်တစ်ချိန်နှင့်တစ်ချိန် အပြောင်းမှာ စာသင်ခန်းလည်း တသမတ်တည်းမဟုတ်ပဲ တစ်ခန်းမှတစ်ခန်းသို့ ကူးပြောင်းရလေ့ရှိပါတယ်။ အစပထမတစ်ပတ်လောက်မှာ တော့ အဆောင်ပြန်ရောက်ရင် ခြေထောက်တွေညောင်းနေတာကြောင့် ဘယ်မှထပ်မသွားတော့ပဲ ကုတင် ပေါ်လှဲပြီး အနားယူတာများပါတယ်။ နောက်ပိုင်းတော့ နေသားထိုင်သားကျလာပါတယ်။ ပင်မဆောင်ကြီးက နေ နောက်ဆုံးအဆောင်ဖြစ်တဲ့ လက်တွေ့သွားပြီးလုပ်ရတဲ့ Black smith , Fitting ဘာသာရပ်များဆိုရင် ကိုယ်တိုင်လက်တွေ့ တစ်ကြိမ် နှစ်ကြိမ်လောက်လုပ်ပြီး အဆင်ပြေရင် သူငယ်ချင်းတွေရဲ့ အကူအညီကိုပဲယူ တာများခဲ့တယ်း)။

အများအားဖြင့်တော့ ကျောင်းသူများဟာ ရှေ့တန်းတွေမှာ နေရာယူကြပြီး ကျောင်းသားမျာက အနောက်ဖက် တန်းတွေမှာ နေရာယူလေ့ရှိကြပါတယ်။ စာသင်ချိန်မစခင် အနောက်ဖက်တွင် နေရာယူထားသော ကျောင်း သားများအနက်မှ တစ်ချို့က စက္ကူများဖြင့် မြှားများပြုလုပ်ကာ အရှေ့တွင်ထိုင်နေသော ကျောင်းသူများ၏ ဆံနွယ်များထဲသို့ ပစ်စိုက်ခြင်းပြုလုပ်ကာ စနောက်ကြပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာလည်း တကယ်တော့ စီနီယာအစ်ကိုကြီးများရဲ့ အမွေကိုဆက်လက်ခံယူခြင်းဖြစ်တာကြောင့် အစဉ်အလာတစ်ခုအဖြစ် ကျမသတိ ပြုမိပြန်ပါတယ်။ အချင်းချင်းအစသန်သည့်တိုင် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဆက်ဆံတာမျိုးလုံးဝ ကင်းရှင်းတာ ကြောင့် ပျော်စရာကောင်းတာတော့ အမှန်ပါပဲ။

တက္ကသိုလ်ကျောင်းသားဘဝသို့ ရောက်ရှိလာတဲ့အခါမှာ ဆယ်တန်းကျောင်းသားဘဝနဲ့ ဘာမျှမဆိုင်တော့ပါ။ စာတွေကအစ သင်ရတာ တစ်လုံးမျှ နားမလည်ပါ။ အင်တီဂရိတ်တွေ ဒီဖရင်ရှိတ်တွေရဲ့အကြားမှာ မူးဝေ အောင် စာတွေကို လေ့လာရပါတယ်။ စာတော်တဲ့သူတွေဆီကို တပည့်ခံ ကိုယ့်ထက်ညံ့တဲ့သူတွေကို ဆရာ ပြန်လုပ်နဲ့ တက္ကသိုလ်ကျောင်းသားဘဝကို ဖြတ်သန်းခဲ့ရပါတယ်။ ထူးထူးဆန်းဆန်း ဘာသာရပ်တွေကြားမှာ မလူးသာမလွန့်သာ အူကြောင်ကြောင်နဲ့ အများနောက်ကို ရေစီးအတိုင်း လိုက်နေရသကဲ့သို့ဖြစ်နေပါတယ်။ တစ်နေ့တစ်နေ့ နားထဲမှာ စကားလုံးဆန်းတွေပဲ မင်းမူလို့နေပါတယ်။ ကျမသဘောကျတဲ့ စာသင်ချိန်တစ်ချိန် ကတော့ Drawing ဆိုတဲ့ ပုံဆွဲချိန်ပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လိုအပ်လာလျှင်လည်း ဖေးမ ကူ ညီပြီး အချင်းချင်းသင်ပေးကြပါတယ်။ ကျမတို့အချင်းချင်း စည်းလုံးမှုကတော့ အံ့မခန်းပါပဲ။ စည်းလုံးလွန်းအား ကြီးလို့ ပုံဆွဲဘာသာရပ်ဆိုရင် ရတဲ့အမှတ်တော်တော်များများက တူကြတယ်လေ။ ကျမစိတ်အညစ်ဆုံး စာ သင်ချိန်ကတော့ ဦးနှောက်အသုံးပြုရတဲ့ အတွက်အချက် ဘာသာရပ်တွေပါ။ ကျမဥာဏ်ရည်က ထင်သ လောက်မထက်ဘူးလေ။ (ကြုံတုန်းလေး ကိုယ့်ဂုဏ်ကိုယ်ဖော်ရတာ တစ်ချို့က ‘အန်တီရေ သမီးကို သင်္ချာ လေးတွက်ပြပါအုံး’ ဆိုတာလေးတွေ လာပြောနေလို့း)) ။ ဒီလိုနဲ့ ရက် လ နှစ်တွေပြောင်းပြီး ကျမတို့သာ အခြေအနေတွေ ပြောင်းလဲကာ တစ်နှစ်ပြီးတစ်နှစ် အတန်းတွေကြီးလာပေမယ့် ကျမတို့ရဲ့ ကျောင်းတော်ကြီး ကတော့ မပြောင်းမလဲ ခိုင်ခိုင်မာမာရပ်တည်ရင်း ကျမတို့အတွက်ခေတ္တကွန်းခိုဖို့ရာ နေရာတစ်နေရာအဖြစ် နွေးထွေးမှုအပြည့် အဝပေးထားခြင်းကြောင့် ကျမတို့အတွက် စိတ်ကြည်လင်ချမ်းမြေ့စရာကောင်းသော နေရာတစ်နေရာပင်မဟုတ်ပါလား။
(ကြိုးစားပါအုံးမည်)

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz