8.8.11
စိတ်ပျို ကိုယ်ပျို တို့များတက္ကသိုလ်
တစ်ချိန်တုန်းက ရန်ကုန်စက်မှုတက္ကသိုလ် (Rangoon Institute of Technology)
ထိုစဉ်အချိန်တုန်းကတော့ ကျမတို့ အင်ဂျင်နီယာကျောင်းသား ကျောင်းသူများအားလုံး တက်သစ်စအရွယ်
စိတ်ထားလေးတွေ ဖြူစင်နေတဲ့အချိန်ဆိုတော့ မြင်မြင်ရသမျှ အရာရာဟာ သာယာစိုပြေလို့ နေခဲ့တယ်လေ။ ‘စိတ်ပျို တော့ ကိုယ်နု’ တဲ့။ ထိုအချိန်ကတော့ ကျမတို့မှာ ဆယ်ကျော်သက်တွေမို့ အလိုလိုနေရင်းပင် စိတ်က ပျိုမြစ်နုနယ်နေသလို ငယ်ရွယ်သော အသက်မို့လည်း တက်တက်ကြွကြွ လန်းလန်းဆန်းဆန်း ဘဝလေးနဲ့ပဲ ရှင်သန်ခဲ့ကြရတယ်။ အသက်အရွယ်အားဖြင့် ငယ်ရွယ်ချိန်ဆိုတော့လည်း ကျမတို့တက်ရောက်သင်ကြားနေ တဲ့ တက္ကသိုလ်ကျောင်းတော်ကြီးသည် အနာဂါတ်မှာ ကြုံတွေ့လာရမည့် ဘဝအခက်အခဲများကို ဖြေရှင်းပေး မည့် ဘဝတက္ကသိုလ်ရဲ့ အခြေခံအုတ်မြစ်ပါလားဆိုတာ တွေးတောမှုမရှိခဲ့တာအမှန်ပါ။ တွေးတောရကောင်း မှန်းလည်း မသိခဲ့ပါ။ သို့သော် အချို့ရည်ရွယ်ချက်ကြီးမားသော ကျောင်းသူကျောင်းသားများကတော့ အရာ ရာမှာ ကျမတို့လို ခပ်ပျော်ပျော်နေ အုပ်စုလိုက် သွားလိုက်လာလိုက် အချိန်တွေကုန်စေတာမျိုး မရှိပဲရသမျှ အချိန်တွေကို တန်ဖိုးရှိရှိ ကုန်ဆုံးစေတဲ့သူတွေပေါ့။ ကျမ မှတ်မိသလောက်တော့ ကျမဟာ ဘယ်သောအခါမျှ ကျောင်းစာတွေကို အပတ်တကုတ် ကြိုကျက်ထားတာမရှိပဲ စာမေးပွဲနီးခါမှ ဖုတ်ပူမီးတိုက် တစ်ပွဲထိုး ကျက် မှတ်ပြီး ဖြေဆိုခဲ့တာများပါတယ်။ ပထမနှစ် ဒုတိယနှစ်တွေမှာတော့ Section B မှာတက်ခဲ့ရပြီး တတိယနှစ်ကို ရောက်လာတဲ့အခါမှာ ဘာသာရပ်များစတင်ခွဲတာမို့ ကျမနဲ့ section C မှသူငယ်ချင်း တစ်ယောက် စုစုပေါင်း မိန်းကလေးနှစ်ယောက် နဲ့ယောက်ျားလေး ကိုးယောက် Textile Dept သို့တက်ရောက်ခွင့် ရခဲ့ကြပါတယ်။
ကျောင်းသားများရဲ့လက်ခုပ်သြဘာသံများ ထွက်ပေါ်လာစေသော အလယ်လမ်းကလေး
Building 1 နှင့် Building 2 ပေါင်းကူးတံတား အမှတ်တရ
Building 2 မှ Building 1 သို့ သွားသည့်ပေါင်းကူးတံတား
Textile Dept ရှိရာ Building 2
ကျောင်းသားရေးရာဌာန
ပင်မဆောင်အပေါ်ဆုံးထပ် အလယ်ခန်းမကြီးသည် ကျောင်းသူများနားနေခန်း LCR
Architect Dept တည်ရှိရာနေရာ အမှတ်တရ။
ကျောင်းသုံးစာအုပ်နဲ့ပစ္စည်းများ သွားထုတ်ရတဲ့ Book Shop အမှတ်တရ
ကျောင်းတုန်းက ကျမတို့ရဲ့ ကုန်ဆုံးခဲ့တဲ့အချိန်လေးတွေကို ပြန်လည်သတိရလာတဲ့အတွက် ကျမမှတ်တမ်း ဓာတ်ပုံလေးတွေ ရလိုတာကြောင့် ကျောင်းကိုသွားရောက်ခဲ့ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ယူခဲ့ပါတယ်။ သူငယ်ချင်းများရဲ့ ဆန္ဒကို ဖြည့်ဆည်းလိုတာလည်း ပါပါတယ်။ အခြေအနေအရပ်ရပ်ဟာ အတိတ်ကလိုတော့ တည်ရှိမနေတော့ပေမယ့် ကျောင်းတော်ကြီးကို မြင်လိုက်ရတဲ့ကျမ လွန်ခဲ့သော အတိတ်က ပုံရိပ်များဟာ ဝိုးတိုးဝါးတား မြင်ယောင်လို့လာပါတယ်။ စိမ်းလန်းစိုပြေခဲ့သော ကျမတို့ကျောင်းတော်ကြီး အခုတော့ ခြောက် သွေ့လို့နေပါတယ်။ ကျမတို့ တက်ခဲ့စဉ်က RIT မှ အချိန်ကာလရွေ့လျားပြီး YIT သို့ရောက်ရှိခဲ့ကာ ထိုမှတခါ YTU သို့ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။ ကျမတို့ RIT တက်စဉ်ကာလက ၃-နှစ်ပညာသင်ခဲ့လျှင် ဒီပလိုမာကိုရခဲ့ သော GTI ကျောင်းသည် ယခုအခါ မရှိတော့ပါ။ ကျမတို့တက်စဉ်က RIT ၏ ပညာသင်နှစ်မှာ ဆက်တိုက် ၆- နှစ်တက်ရောက်ရပြီးက B.E ဘွဲ့ကို ရရှိခဲ့ပါတယ်။ ယခု အင်ဂျင်နီယာဘွဲ့ရရန်အတွက် GTU (Government Technical University ကိုတက်ရောက်ရပါတယ်။ အဆိုပါ GTU မှာ AGTI 2 semester ပြီးလျှင် B-Tech 2 semester ထိုမှတဆင့် B.E တစ်နှစ်တက်ပြီးလျှင် အင်ဂျင်နီယာဘွဲ့ကို ရရှိပါတယ်။ ကွဲပြားလာသော ပညာရေး စနစ်ကို ကျမသိသလောက်သာ ရှင်းပြခြင်းဖြစ်တာကြောင့် အမှားတစ်စုံတစ်ရာပါသွားလျှင်ခွင့် လွှတ်နားလည် ပေးစေလိုပါတယ်။ ဒီပို့စ်ကို တင်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကျမရဲ့ တစ်ချိန်တုန်းက ကျောင်းတော်ကြီး အကြောင်းကို ရေးသားပြီးတဲ့နောက်ပိုင်း ကျောင်းတုန်းက သူငယ်ချင်းများနဲ့ အွန်လိုင်းမှာပြန်လည်ဆုံတွေ့ခဲ့ရ သလို သူငယ်ချင်းများရဲ့ တောင်းဆိုမှုကြောင့် ကျောင်းကြီးရဲ့ အမှတ်တရ ဓာတ်ပုံများကို တင်ရန်အတွက် ဖြစ်ပြီး ကျမရဲ့ ဘလော့ဂ်ကို လာရောက်အားပေးတဲ့ မိတ်ဆွေများလည်း တက္ကသိုလ်ရဲ့ အငွေ့အသက်လေး များကို ပြန်လည်သတိရစေရန် မျှဝေပေးခြင်းပါ။
သတင်းကောင်းလေးတစ်ခု ကြားခဲ့ရတာတော့ လက်ရှိတက်ရောက်ခွင့် ပိတ်ထားတဲ့ PhD Course ပြန်လည် ဖွင့်ထားပြီဖြစ်တဲ့အပြင် လာမည့် အောက်တိုဘာ နိုဝင်ဘာတွင် ME Course ကိုတက်ရောက်နိုင်တော့မယ် ဖြစ်တယ်လို့ ကြားခဲ့ရပါတယ်။
မေတ္တာဖြင့်
အန်တီတင့်
ခဏစောင့်ပါ...