x

10.8.11

ဗိုလ်တထောင်စေတီတော်သမိုင်း




ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကျမနဲ့အတူ ညီမလေး အဒေါ်လတ် အဒေါ်ငယ်တို့ပါ ဗိုလ်တထောင်ဘုရားကို သွား ရောက်ဖူးမျှော် ပူဇော်ကန်တော့ခဲ့ကြပါတယ်။ ဗိုလ်တထောင်ဘုရားနဲ့ ပတ်သက်ပြီး သမိုင်းအကြောင်းလေးကို သိရသလောက် ဝေမျှပေးလိုက်တယ်နော်။
ဗိုလ်တထောင်စေတီတော်သည် ကမ္ဘာကျော် ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် မရှေးမနှောင်း တစ်ပြိုင်နက် စတင်တည်ရှိတော်မူသော စေတီတော်မြတ်ဖြစ်ပါတယ်။


ပထမဆံတော်
သံသေသူ (သံသေဒဇ) မွန်အခေါ် ‘မယ်ကမု’ မြန်မာအခေါ် ‘မယ်လမု’ ၏သား ဥက္ကလာပမင်းကြီး လက်ထက် ဥက္ကလာပမြို့၏ တောင်ဘက်တွင် ယခုတွံတေးမြို့၏ အရှေ့ဘက်ရှိ ပေါက္ခရဝတီခေါ် အသိတဉ္စနမြို့၊ ယခု အခေါ် ခပင့်ရွာ၌ အလွန်ရိုးသားတည်ကြည်သော လူအများတို့၏ ရိုသေလေးစားခြင်းကို ခံရသည့် ‘သကာလဲ သတာပန်’ အမည်ရှိကုန်သော လှည်းကုန်သည် ဇနီးမောင်နှံတို့သည် နေထိုင်ကြကုန်၏။ ထိုဇနီးမောင်နှံတို့မှာ သားသမီးများ မထွန်းကားသဖြင့် သားသမီးရရှိရန် မွန်တို့ဓလေ့ထုံးစံအတိုင်း ခိုငှက်တို့ကို အဓိဌာန်၍ လွှတ်ကြ ကုန်၏။

တပု မွေးဖွားခြင်း
ဤသို့လွှတ်ပြီးနောက် မကြာမီ သားတစ်ယောက် ထွန်းကားပေါ်ပေါက်၍လာရာ ခိုငှက်လွှတ်ခြင်းကို အစွဲပြု၍ မွန်ဘာသာဖြင့် အခေါ်အားဖြင့် ‘တပု’ ဟု အမည်မှည့်ကြကုန်၏။ ၄င်း ‘တပု’ လမ်းလျှောက်နိုင်သောအခါ ဒုတိယသားရတနာကို ဖွားမြင်လာပြန်၏။ ဤသို့ သားရတနာများကို ဆက်ကာဆက်ကာ ဖွားမြင်လာသော အခါ မြို့သူ မြို့သား နယ်သူ နယ်သား တို့က အားပါးတရ ရွှေ ငွေစသော လက်ဆောင်ဥစ္စာ ရတနာတို့ကို ဝိုင်းဝန်းပို့ဆောင်ကြခြင်း၊ ၄င်းတို့၏ စီးပွားရေး အကြံအစည်အောင်မြင် ဖွံ့ဖြိုးလာခြင်းတို့ကြောင့်အလွန်ကြွယ်ဝ ချမ်းသာသော ဇနီးမောင်နှံတို့ ဖြစ်လာကြလေတော့၏။

တပေါ အမည်ရခြင်း
ဤသို့ ကြွယ်ဝချမ်းသာခြင်းကို အစွဲပြု၍ ဒုတိယသားကို မွန်အခေါ်အားဖြင့် ‘တပေါ’ ဟု အမည်မှည့်ခေါ်ကြ ကုန်၏။ ဖခင်သကာလဲကိုကား ရွှေပေါများသည့်အတွက် ပါဠိဘာသာအားဖြင့် ‘သုဝဏ္ဏသေဌိ’ သုဝဏ္ဏသူဌေး ဟူ၍လည်းကောင်း ကျက်သရေရှိသော အသုံးအဆောင် ပေါများသည့်အတွက် ‘သိရီဘောဂသူဌေး’ ဟူ၍ လည်းကောင်း အမည်တပ်၍ ခေါ်စမှတ် ပြုကြကုန်၏။

တပုဿ-ဘလ္လိက ကုန်ရောင်းသွားကြခြင်း
သုဝဏ္ဏသူဌေးကြီး ဇနီးမောင်နှံတို့၏သား မွန်အခေါ် ‘တပု-တပေါ’ ပါဠိအခေါ် ‘တပုဿ-ဘလ္လိက’ ညီနောင် တို့သည် အသပြာ တစ်ပြည် ဆန်တကုဍုံ၊ ဆန်တစ်ပြည် အသပြာ တကုဍုံနှင့် လဲထပ်သည်ဟု သတင်းကြား သဖြင့် (တစ်လက်ခုပ်ကို တကုဍုံခေါ်၏) ဆန်စသော ကုန်ပစ္စည်းများကို တင်ဆောင်၍ သင်္ဘောဖြင့် မဇ္စျိမ ဒေသသို့ ကုန်အရောင်းအဝယ် သွားကြရာ ရှေးအခေါ် ‘ဗန္ဓုဝ’ ယခုအခေါ် ‘တော်ရဝင်သင်္ဘောဆိပ်’ သို့ ရောက်ကြကုန်၏။

သရဏဂုံ ၂-ပါး ဆောက်တည်ကြခြင်း
ရောက်လျှင် သင်္ဘောပေါ်၌ ပါလာသော ကုန်ပစ္စည်းများကို အငှားလှည်းပေါင်း (၅၀၀)ဖြင့် တင်ဆောင်ကြပြန် ၍ ထိုထိုအရပ်ဒေသတို့ကို လှည့်လည်ရောင်းချနေစဉ် ဗောဓိပင်အနီးသို့ ရောက်သောအခါလွန်ခဲ့သောငါး ဘဝက အမိတော်ခဲ့ဖူးသော ဘုမ္မစိုးနတ်သမီးက-
“မြတ်စွာဘုရားသခင်သည် ရာဇာယတန လင်းလွန်းပင်အောက်၌
သီတင်းသုံးနေတော်မူကြောင်း၊ ထိုမြတ်စွာဘုရား ထံတော်မှောက်သို့
သွားရောက်ဖူးမြှော်သင့်ကြောင်း”
စသည်များကို ပြောကြားတိုက်တွန်းလေ၏။ ထိုအခါ တပုဿ-ဘလ္လိက ကုန်သည် ညီနောင်တို့လည်း သတ္တ ဌာန (၄၉)ရက် စံနေတော်မူပြီးသည့်အဆုံး လင်းလွန်းပင်အောက်၌ သီတင်းသုံးထိုင်နေတော်မူသော မြတ်စွာ ဘုရား ထံတော်မှောက်သို့ မဟာသက္ကရာဇ် (၁၀၃)ခု ဝါဆိုလဆန်း (၅)ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် သွားရောက်ကြ ပြီးလျှင် မိမိတို့၌ ပါလာသော-
၁။ ထောပတ်၊ ပျား၊ တင်လဲစသည်တို့နှင့် ယှဉ်တွဲဖွဲ့ဆုပ်ထားသော ပျားမုန့်ဆုပ်နှင့်၊
၂။ ထိုသို့ မဖွဲ့မဆုပ်ရသေးဘဲ အသီးအခြား မာမာသွေ့သွေ့ ထုထောင်းပြုလုပ်ထားသော မုန့်ကြွပ်ကျစ်တို့ကို ဆက်ကပ်လှူဒါန်းပြီးလျှင် သံဃာဟူ၍ မဖြစ်ထွန်း မရှိသေးသဖြင့်
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ဟု(၂)ကြိမ်(၂)ခါသာဆိုရသော ဒွေဝါစိက သရဏာဂုံ၂ပါးနှင့် ပဉ္စသီလများကိုသာ ဆောက်တည်ကြရ ကုန်၏။

ဆံတော်ပေးသနားတော်မူခြင်း
ဘုရားရှင် ကိုယ်တော်မြတ်ကလည်း နောင်အနာဂတ် သာသာနာ မြန်မာပြည်၌ ရှည်မြင့်စွာ တည်တံ့မည်ကို မြင်တော်မူ၍ (၁၀၃)ခု ဝါဆိုလဆန်း (၅)ရက် ဗုဒ္ဓဟူးနေ့တွင် ဦးခေါင်းတော်ကို ညာဘက် လက်တော်ဖြင့် ဆန့်တန်း သုံးသပ်တော်မူ၍ ပါလာသော ဆံတော် (၈)ဆူကို ဆုပ်ကိုင်တော်မူလျက် တပုဿ-ဘလ္လိက ညီနောင်တို့အား ဆံတော်တစ်ဆုပ်ကို ပေးသနားတော်မူလိုက်၏။ ညီနောင်တို့လည်း ဝိသကြုံဖန်ဆင်း ပေးသော နဝရတ်စီ ရွှေခွက်ဖြင့် ခံယူကြကုန်၏။

မြန်မာပြည်သို့ ပြန်လာကြခြင်း
တပုဿ-ဘလ္လိက ညီနောင်တို့လည်း ဝမ်းသာအားရစွာဖြင့် ပေးအပ်တော်မူလိုက်သော ဆံတော် (၈)ဆူကို ပင့်ယူကြ၍ ဗောဓိပင်မှ ယခုမိုင် (၂၀၀)ခန့် အကွာရှိ ဗန္ဓုဝမြို့၊ ၄င်းမှ (၁၂)မိုင်ခန့်အကွာရှိ ဗန္ဓုဝဆိပ်သို့ လှည်း ဖြင့်ပြန်လာကြ၍ တဖန် ၄င်းမှ သင်္ဘောဖြင့် ဒမိုးဒါးမြစ်၊ ဟူဂလီမြစ်အတိုင်း စုန်ဆင်းကြပြီးလျှင် သမုဒ္ဒရာသို့ ထွက်၍ သင်္ဘောလွှင့်ကြရာ ရှေးအခေါ် ‘ဇေဌဒီပကျွန်း’ ယခုအခေါ် ‘ဖရုံကာကျွန်း’ အဇ္ဈတ္တနဂရမြို့ အကောက်ဆိပ်သို့ ဆိုက်ရောက်ကြလေ၏။ (ဤကား ဆူးလေသမိုင်း လက်ရေးမူ)

ဒဂုံသို့ ဆံတော် ဆိုက်ရောက်ခြင်း
တပုဿ-ဘလ္လိက ညီနောင်တို့လည်း ဥက္ကလာပမင်းကြီးနှင့် ဘခင် သုဝဏ္ဏသူဌေးကြီးတို့ထံ ဆံတော် ပင့်ဆောင်ခဲ့သော အကြောင်းကို ကြားသိစေလေ၏။ မင်းကြီးလည်း အလွန်ဝမ်းမြောက်လှသဖြင့် သုဝဏ္ဏ သူဌေးကြီးနှင့် တိုင်ပင်ကာ ခေါဘဏီတပ်ခင်းကျင်း၍ စစ်ဗိုလ်ပေါင်း (၁၀၀၀) တို့ဖြင့် ခမ်းနားကြီးကျယ်စွာ (၁၀၃)ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၅)ရက် စနေနေ့တွင် ယခု ဗိုလ်တထောင်စေတီတော် တည်ရှိမည့် နေရာ အရပ်မှ ကြိုဆိုပင့်ဆောင်တော်မူကြပြီး ၄င်းဆိပ်ကမ်း၌ပင် ပြုပြင်ဆောက်လုပ်ထားအပ်သော ရတနာမဏ္ဍပ် တော်၌ ကိန်းဝပ်တော်မူရန် ပင့်ဆောင်ကုန်၏။


ဆံတော် ၈-ဆူ မလျော့ခြင်း
တပုဿ-ဘလ္လိက ညီနောင်တို့က လမ်းခရီး၌ အဇ္ဈတ္တနဂရ အကောက်မင်းကြီးက ဆံတော် (၂)ဆူကို အကောက်တော်အဖြစ် အတင်းပင့်ယူလိုက်ကြောင်း နာဂရာဇ်မော်အငူမှ ဇေယျသေန နဂါးမင်းကလည်း ဆံတော် (၂)ဆူကို တိတ်တဆိတ် ခိုးယူလိုက်ကြောင်းများကို ကြေကွဲဝမ်းနည်းစွာဖြင့် မင်းကြီးအား သံတော်ဦး တင်ကြကုန်၏။ မင်းကြီးလည်း စိတ်ပင်ပန်းစွာဖြင့် ‘မိမိတို့ကိုးကွယ် ပူဇော်ထိုက်လျှင် မြတ်စွာဘုရား ပေးသနား တော် မူလိုက်သည့်အတိုင်း ကိုးကွယ်ကြရမည်သာတည်း’ ဟု အောက်မေ့ဓိဌာန်၍ ကြုတ်တော်ကို ဖွင့်လိုက် ရာ ‘ဣဒ္ဓိဝသယော အစိန္တိယော’ ‘တန်ခိုးအရာ မကြံသာ’ ဟူသည်နှင့်အညီ ဆံတော်မလျော့ (၈)ဆူအတိုင်း သာ ဖူးတွေ့ရသဖြင့် လွန်မင်းပြင်းပြ ဝမ်းသာတော်မူလှပြီး စံပယ်ရာ အရပ်ရတနာ မဏ္ဍပ်တော်၌ပင် (၆)လ တိုင်တိုင် ကြီးစွာသော သဘင်ပွဲကို ဆင်နွှဲပူဇော်လေ၏။

ဆံတော် ၁-ဆူစီ ရကြပုံ
ဤသို့ ထူးခြားကြီးကျယ်စွာ (၆)လတိုင်တိုင် ဆံတော်ပူဇော်ပွဲကို ဆင်နွှဲကျင်းပကြပြီးနောက် မြတ်စွာဘုရား ပေးအပ်တော်မူလိုက်ရင်းဖြစ်သော တပုဿ-ဘလ္လိက ညီနောင်တို့အား ဥက္ကလာပမင်းကြီးက ဆံတော်ဓာတ် တစ်ဆူစီကို ခွဲဝေပေးအပ်တော်မူပြန်၏။
(ဓမ္မစေတီ ကျောက်စာ၌ကား တပုဿ-ဘလ္လိကတို့ ဆံတော် (၂)ဆူ ယူထားလိုက်ကြောင်းလာ၏)









တပုဿ စေတီရာ သတ်မှတ်ခြင်း
တပုဿ-ဘလ္လိကတို့သည် မိမိတို့ရရှိသော ဆံတော်ကို ဌာပနာ၍ စေတီတည်ထားရန် နေရာရွေးချယ်ကြရာ တပုဿက (၆)လတိုင်တိုင် ဆံတော် (၈)ဆူ ကိန်းဝပ် စံပယ်တော်မူရာ အရပ်၌ အမှတ်တရကျောက်တိုင် စိုက် ဘိသကဲ့သို့ နောက်လူနောက်သားတို့ သိရစ်ကြစေခြင်းငှာ ယခု ဗိုလ်တထောင်စေတီတော် တည်ရှိရာအရပ် ရတနာမဏ္ဍပ်နေရာကို ရွေးချယ်သတ်မှတ်လေ၏။

ရဟန္တာများ သံလျင်သို့ သာသနာပြုကြခြင်း
ဘောဂသေနမင်းကြီးလည်း ရဟန္တာအရှင်မြတ်တို့အား မဏိဒီပကျွန်း (သံလျင်)သို့ တဖန်ပြန်လည်ကြွရောက် တော် မူပြီး သာသနာပြုရန် လျှောက်ထားလိုက်သည့်အတိုင်း ရဟန္တာအရှင်မြတ် (၈)ပါးတို့လည်း သီဟိုဠ်ကျွန်း သို့ ပတ္တမြားရတနာပို့ဆောင်ပြီးနောက် မဏိဒီပကျွန်း (သံလျင်)သို့ ပြန်လည်ကြွမြန်းတော်မူလာကြကုန်၏။

သီဟဒီပမင်းကြီးလည်း ၄င်းဆံတော် ဓာတ်တော်များကို ရဟန္တာ (၈)ပါးနှင့်တိုင်ပင်ပြီးလျှင်-
၁။ စေတီတော် (၁၁) ဆူတည်ခြင်း
၂။ သိမ်တော်ကြီး (၉)လုံး သမုတ်ခြင်း
တို့ကိုပြု၍ သာသနာတော်အကျိုးကို သည်ပိုးဆောင်ရွက်တော်မူ၏။

စေတီတော် (၁၁)ဆူကား
၁။ ကျိုက်ကစံစေတီ
၂။ ကျိုက်အသုတ်စေတီ
၃။ ကျိုက်မဲသကရောစေတီ
၎။ ကျိုက်ကမာကမုစေတီ
၅။ ကျိုက်ကမာစိန်စေတီ
၆။ ကျိုက်ဒေးတဲ့စေတီ
၇။ ကျိုက်ဇွဲကမော့စေတီ
၈။ ကျိုက်ဒင်းမဲစေတီ
၉။ ကျိုက်ခပေါက်စနွတ်စေတီ
၁၀။ ကျိုက်ခပေါက်ဆွတ်စေတီ
၁၁။ ကျိုက်ဒေးအပ်စေတီ







ဗိုလ်တထောင်စေတီတော်
သံလျင်ဘောဂသေနမင်းကြီးသည် ရဟန္တာ (၈)ပါးနှင့်တိုင်ပင်၍ စေတီတော် (၁၁)ဆူတည်ရာဝယ် အမတ် သူရဲကောင်းကြီး အသီးသီးတို့အား တာဝန်ပေးအပ်၍ တည်စေ၏။ ဤသို့တည်စေရာ၌ ဗိုလ်တထောင် စေတီ တော်အတွက် မဟာမစ္စသေနာပတိ သူရဲကောင်းကြီးအား ၄င်း၏ဆရာတော် ကျောင်းကုန်းရဟန်းခေါ် ပုဂ္ဂိုလ် ကျော်နှင့် တိုင်ပင်၍ တည်စေရာ-
၁။ တပုဿ ဌာပနာသော ပထမဆံတော်တစ်ဆူ
၂။ သူရသေန ဌာပနာသော ဒုတိယဆံတော်တစ်ဆူ
ဤသို့ ဆံတော်နှစ်ဆူ ကိန်းဝပ်တော်မူရာဌာန ဖြစ်သော ကျိုက်ဒေးအပ်စေတီတော်၌ပင် ဆံတော်တစ်ဆူနှင့် ဓာတ်တော်များ ထပ်မံဌာပနာပြီးလျှင် စေတီတော်ကိုလည်း အသစ်တဖန် မွမ်းမံပြင်ဆင်ပြန်သည်။ (တတိယ ဆံတော်ကို ဌာပနာ၍ ပြန်လည် မွမ်းမံသောနှစ်ကို မြန်မာသက္ကရာဇာ် (၃၅၉) ခုနှစ်ဟု သုံးတိုင်း ရာဇဝင်ချုပ် ကျမ်း (၁၉၇) ၌ဆို၏။)

(ဘုံပျံဆရာတော် ဦးပညာသာမိ ရေးသားသော ဗိုလ်တထောင် ဆံတော်ဦး စေတီတော် သမိုင်းအကျဉ်း)အား ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz