14.8.11

လွမ်းငွေ့ဝေဝေ မြို့တာလေ


ဒီပို့စ်လေးကတော့ ‘တာလေမှာနေစဉ်ကာလ’ဆိုတဲ့ ပို့စ်လေးနဲ့ ဆက်နွယ်နေပါတယ်။ တာလေမှာနေစဉ် ကာလမှာဖေဖေက ကျမတို့ညီအစ်မနှစ်ယောက် အပါအဝင် သူ့လက်အောက်ရှိရုံးအဖွဲ့သားအားလုံးရဲ့ မိသားစုများမှ အကသင်တန်းမှာ စိတ်ပါဝင်စားသည့် သားသမီးများအားလုံးရဲ့စာရင်းကိုတောင်းခဲ့ပါတယ်။ အကသင်တန်းတစ်ခုကို ဖွင့်ဖို့ရာအတွက်လည်း မန္တလေးမြို့မှ ပန်တျာလှမြင့်ဦးဆောင်သော အဖွဲ့တစ်ဖွဲ့ကို ၆-လ ငှားရမ်းပြီး တာလေရွာကြီးမှာ အကသင်တန်းဖွင့်ပေးခဲ့ပါတယ်။ ပန်တျာလှမြင့်နဲ့အတူ မဒေါင်းစိန်နှင့် မခင်မာကြီးတို့ ညီအစ်မနှစ်ယောက်ပါဝင်ခဲ့ပြီး ဖေဖေကအကသင်တန်းစိတ်ဝင်စားသူ စုစုပေါင်းမိန်းကလေး ၃၀ဦးနဲ့ ယောက်ျားလေး ၁၆ဦးတို့ကို အကသင်တန်း တက်ရောက်စေခဲ့ပါတယ်။ ဌာနမှာဖေဖေက အကြီးဆုံးမို့ ကျမနဲ့ ညီမလေးတူးမာတို့ကိုတော့ အကသင်တန်း မတက်မနေရအဖြစ် နာမည်စာရင်း ထည့်ထားခဲ့ပါတယ်။ ကျမကငယ်စဉ်ထဲက အရပ်ကမြင့်တဲ့အပြင် မိန်းကလေးတစ်ယောက်လို ပျော့ပျော့ပြောင်းပြောင်း နွဲ့နွဲ့ နှောင်း နှောင်း နူးနူးညံ့ညံ့မရှိ၊ ဝါသနာကလည်းမပါပြန်။ ထို့ကြောင့် ကချင်စိတ် အလျင်းမရှိခဲ့ပါ။ သို့သော်လည်း ဖခင် ပြောသမျှ တစ်လုံးမျှ ငြင်းဆန်ခြင်းမရှိခဲ့တဲ့ ကျမတစ်ယောက် အကသင်တန်းကို တက်ရောက်ခဲ့ရပါတယ်။

ကဗျာလွတ်၊ ကဗျာသွင်း၊ မြိုင်ထနှစ်ပါးသွား၊ တပင်တိုင်အက၊ စန္ဒကိန္နရီကိန္နရာဇာတ်နဲ့ ကောက်စိုက်မယိမ်း အကများကို အဖွဲ့များခွဲပြီး ဆရာတို့မှ သင်ပေးပါတယ်။ ယောက်ျားလေးတွေ အဖွဲ့ကိုတော့ မင်းသားအကနဲ့ ဗွေးထုတ်ယိမ်း သင်ပေးခဲ့ပါတယ်။ ကဗျာလွတ်အကမှာ ဗုံတို ဗုံရှည် ပတ္တလားတို့ကို စီးချက် ဝါးချက်နဲ့အတူ လိုက်လျောညီထွေမှုရှိအောင် တီးပြီး ညီညီညာညာ ကရပြီး ကဗျာသွင်းအကမှာတော့ သီချင်းလေးပါ ထည့် ထားပါတယ်။ ကဗျာသွင်းသီချင်းကိုလည်းကရင်းနဲ့ဆိုနိုင်အောင် လေ့ကျင့်ပေးထားသလို သင်တန်းတက်သူ အားလုံးလိုလို သီဆိုတတ်ကြရပါတယ်။ မြိုင်ထနှစ်ပါးသွားကို ကျမလိုအရပ်မြင့်သူများက မင်းသားအဖြစ် ကရပြီး၅-စုံတွဲရွေးချယ် သင်ပေးခဲ့ပါတယ်။ စန္ဒကိန္နရီကိန္နရာ ဇာတ်မှာလည်း ကျမကကိန္နရီအဖိုနေရာမှာ ကခဲ့ ရပြီးသူငယ်ချင်းရီရီမြင့်က ကိန္နရာအမအဖြစ် ပါဝင်ကပြရကာ လိလီကမုဆိုး၊ ဆာဗီသရီးကသိကြားမင်းနဲ့ ညီမလေးတူးမာက သမင်နေရာမှာ ကပြရင်း ထိုပြဇာတ်လေးကိုအောင်မြင်စွာ ကျမတို့အဖွဲ့ သရုပ်ဆောင် ကပြနိုင်ခဲ့ပါတယ်။ ကျမမှတ်မိပါသေးတယ်။ စန္ဒကိန္နရီဇာတ်ကို စာဖတ်သူများအားလုံးလည်း ဖတ်ဖူးပြီး ကြည့်ဖူးပြီး ဖြစ်ပါလိမ့်မယ်။ ကိန္နရီ အဖို မြှားမှန်၍ လဲကျခန်းမှာ ကိန္နရာက လွမ်းချင်းပိုင်းကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ချိန်မှာ ပွဲကြည့်ပရိသတ်များ စိတ်မကောင်းဖြစ်ပြီး ငိုယိုကြတာကို တွေ့မြင်ခဲ့ရပါတယ်။ (အခုလို နာမည်လေးတွေထည့်ရေးရခြင်းဟာမထင်မှတ်ပဲငယ်သူငယ်ချင်းများနဲ့ မကြာခနဆိုသလိုကျမအွန်လိုင်းမှာ ပြန်ဆုံခဲ့ရတာကြောင့်ပါ) နေ့စဉ်ညနေ ၅နာရီကျောင်းက ပြန်ရောက်ပြီဆိုရင် ရေချိုးထမင်းစားအိမ်အလုပ် လုပ်စရာရှိတာလေးတွေ လုပ်ပြီးအကသင်တန်းကို ည ၇နာရီအရောက်သွားရပါတယ်။ ည ၁၀-နာရီ အက သင်တန်း ပြီးချိန်မှ အိမ်သို့ပြန်လာပြီးအိမ်စာများလုပ်ရင်း၆-လတာကာလ ပြီးဆုံးခဲ့ပါတယ်။

၆-လတာကာလဆိုတာ အပြောလွယ်သည့်တိုင် လက်တွေ့သင်ယူခဲ့ရတာထင်သလောက်မလွယ်ကူလှပါဘူး။ နေ့စဉ်နှင့်အမျှ အဆူအဟောက် အခေါက်များအကြားမှာ သင်တန်းသားအားလုံး ပျော်ပျော်ရွှင်ရွှင်ဖြင့် ပျက် ရက် မရှိသင်ကြားမှုကို နာခံမှုအပြည့်နဲ့ တုန့်ပြန်ရင်း သင်တန်းချိန်များကို ဖြတ်ကျော်ခဲ့ပါတယ်။ သင်တန်း ဆရာ ဆရာမများကလည်း ကျမတို့ သင်တန်းသားများအပေါ် စေတနာအပြည့်အဝ ထားရှိသလို သင်တန်း သားများ ကလည်းဆရာဆရာမတို့အပေါ် ချစ်ခင်ရိုသေလေးစားစွာဖြင့် ဆရာဆရာမတို့ စိတ်တိုင်းကျသည် အထိ နေ့စဉ် ကြိုးစားသင်ယူခဲ့ကြပါတယ်။ ထူးခြားချက်ကတော့ သင်တန်းသား အားလုံးဟာ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ကြိုးစားအားထုတ်မှုကြောင့် သင်တန်းဆရာ ဆရာမတို့ဟာ  ကျမတို့အဖွဲ့ကို စိတ်ချမ်းသာမှု အပြည့်အဝနဲ့ သင်ကြားပေးခဲ့ပါတယ်။ ပွဲကလျှင်လည်း အဓိက လိုအပ်သည့် ပစ္စည်းများ အင်္ကျီ
ထမိန်သိမ်း ကဲ့သို့သော အဝတ်အစားများ အပါအဝင် ခေါင်းအစခြေအဆုံး လိုအပ်တာ မှန်သမျှကို မည်သို့ ထားသိုပုံကအစ သင်ပေးပြီး ဖြစ်ပေါ်တတ်သည့် အခက်အခဲပြဿနာများနှင့် ဖြစ်လာသည့် ပြဿနာများကို မည်သို့မည်ပုံ ဖြေရှင်းနည်းအစရှိတဲ့ အခြေခံများကအစ စနစ်တကျ သင်ကြားပေးထားတာကြောင့်လည်း ကျမတို့အဖွဲ့ ကပွဲတိုင်းမှာ တွေ့ကြုံရသမျှသော အခက်အခဲ သေးသေး ကြီးကြီးတို့ကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ ‘မြိုင်ထ’ကဲ့သို့သော နှစ်ပါးသွားအကတွင် နှစ်ဦးစာအတွက်သာ အဝတ်အစားကအစ အဆောင်အယောင် တို့ကို အခက်အခဲမရှိ လွယ်လွယ်ကူကူ ဆင်ပေးနိုင် သော်လည်း ကဗျာလွတ် ကဗျာသွင်းကဲ့သို့သော အုပ်စု လိုက် ကရသောယိမ်း အဖွဲ့အတွက် များမြောင်သော အသုံးအဆောင်များကို တိုတောင်းတဲ့အချိန်အတွင် အပြီးသတ် ဆောင်ရွက်ပေးရတာမို့ တစ်ဦးချင်းရဲ့ အဝတ် အစား အသုံးအဆောင်များကို နာမည်များ ရေးထိုး ပေးထားခြင်းအထိ စနစ်တကျ လုပ်ပေးပါတယ်။ တွယ်အပ် မှအစ စီမံတတ်သော ဆရာဆရာမတို့ပါ။ တစ်ဖွဲ့ လုံးအတွက် ဆင်တူဆံထုံးမှအစ ခြေချင်းဝတ်အဆုံး ဟာကွက်မရှိ ပြီးပြည့်စုံမှုများဖြင့် ကျမတို့တစ်တွေ ကပွဲ တိုင်းမှာ အခက်အခဲ မရှိ စိတ်ချမ်းမြေ့စွာဖြင့် ကခုန်ခွင့်ရခဲ့ရပါတယ်။

ဖေဖေ့ရဲ့ ရည်ရွယ်ချက်က အကသင်တန်းမှာ လူမျိုးပေါင်းစုံပါဝင်တဲ့အတွက် တိုင်းရင်းသားများအားလုံး တစ်ဦးနဲ့ တစ်ဦးစည်းလုံး ညီညွတ် ချစ်ခင်မှုကိုရစေချင်တာရယ်၊ ကျမတို့ညီအစ်မ နှစ်ယောက်ကိုလည်း ပညာ  တစ်ခုသင်ယူတတ်မြောက်စေလိုတဲ့အတွက် စီမံသင်ကြားပေးခဲ့ပါတယ်။ ဖေဖေ့ဌာနမှာ ပန်တျာ သင်တန်းဆင်း ဆရာတစ်ယောက်ရဲ့ စနစ်တကျသင်ပေးခြင်းဖြင့် အောင်မြင်ခဲ့တဲ့ အကအဖွဲ့တစ်ဖွဲ့ ရှိနေခြင်းကြောင့်လည်း လွတ်လပ်ရေးပွဲ ပြည်ထောင်စုပွဲစသဖြင့် ပွဲတိုင်းတွင် ပွဲလမ်းသဘင်များ ပြုလုပ်ကာ သင်တန်းဆင်းအကအဖွဲ့အားကပြစေခဲ့ပါတယ်။ ကယားအက၊ ကရင်အက၊ ကချင်အက၊ လမုန်းအက အစရှိ သည်တို့ကိုလည်း ကရန်အတွက် အဖွဲ့များကို ဖိတ်ခေါ်ပြီး ကပွဲဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျမတို့အဖွဲ့ကို ကျိုင်းတုံမြို့မှ ငှားရမ်းသဖြင့် သွားရောက်ကပြကြရသည်အထိ နာမည်ရခဲ့ ပါတယ်။ ကျိုင်းတုံမြို့ခရီးကိုကျမတို့အကအဖွဲ့ ရိန်းဂျားခေါ် ကားကြီးနှစ်စီးနဲ့ သွားကြရပါတယ်။ ကားကြီးထဲ တွင် ကျမတို့အကတစ်ဖွဲ့လုံးနဲ့ ဆိုင်းအဖွဲ့ ထိုဆိုင်းအဖွဲ့ အသုံးပြု ဗုံတိုဗုံရှည် ပတ္တလားကအစလိုအပ်သမျှ တူရိယာပစ္စည်းများ၊ အကအဖွဲ့ရဲ့ အသုံးအဆောင်များထည့်ထားသောသေတ္တာကြီးများအစရှိတာတွေကိုကား နှစ်စီး အပြည့်တင်ကာ ကျိုင်းတုံခရီးကို သွားကြရပါတယ်။ လမ်းကလည်း အလွန်ဆိုးပြီး ချောက်ကမ်းပါးများ အကြားလမ်းကျဉ်းကျဉ်းလေးထဲမှာ ကားနှစ်စင်းရှောင်လျှင် သည်းထိတ်ရင်ဖိုဖြစ်ရပါတယ်။ ထိုခရီးကိုသွားရင်း ကြားမြို့တစ်မြို့မှာညအိပ်ကာနောက်တစ်ရက် ခရီးဆက်ပြီးကျိုင်းတုံမြို့သို့ ရောက်ခဲ့ပြီးကပွဲကိုပြုလုပ်ပေးရ ပါတယ်။ ကျိုင်းတုံမြို့မှ ဖိတ်ခေါ်တဲ့သူများကလည်းအားကျခဲ့သဖြင့် ကျမတို့ကဲ့သို့ အကအဖွဲ့များကို စတင် ဖွဲ့စည်းကြပါတယ်။ အကဝါသနာ မပါခဲ့တဲ့ ကျမလည်း ခြေခါးခေါင်းလက်တို့ကို စည်းချက်ဝါးချက်တို့နဲ့အညီ စနစ်ကျ ကကွက်အမျိုးမျိုးကို ချိုးကတတ်ပြီမို့ စိတ်ဝင်စားသွားသလိုပညာတစ်ခုကိုစနစ်တကျ တတ်အောင် သင်ကြားခွင့် ပေးခဲ့တဲ့ ဖေဖေ့ကိုလည်းကျေးဇူးတင်မိပါတယ်။ ကျမတို့ တာလေရွာကြီးသို့ လာလည်သမျှသော ဧည့်သည်များကို ကပြခဲ့ရသလိုတခြားမြို့နယ်တွေရဲ့ ဖိတ်ကြားမှုတွေကြောင့်လည်း သွားရောက် ကပြရပါ တယ်။ မိုင်းလင်းမိုင်းဆတ် ပါလျိုးတို့ဖက်အထိသွားရောက် ကပြကြရပါတယ်။ ကျမတို့အဖွဲ့မှာ တိုင်းရင်းသား စုံစုံလင်လင်ပါသလို တစ်ယောက်နဲ့ တစ်ယောက်လည်း ရင်းရင်းနှီးနှီး ချစ်ခင်နေကြတာမို့ ဖေဖေ့ရဲ့ ဆန္ဒ ပြည့်ဝခဲ့ပါတယ်။

တစ်နှစ် နှစ်နှစ် သုံးနှစ်အကြာမှာတော့ တာလေရွာကြီးလည်း တာလေမြို့အဖြစ် ကင်ပွန်းတပ်ခဲ့ပါတယ်။ ၃နှစ် ခန့်နေပြီးတဲ့အခါမှာတော့ ဖေဖေကျိုင်းတုံသို့ ပြောင်းဖို့ သတင်း ရောက်လာပါတယ်။ ကျမတို့မိသားစုတွင် အစ်ကိုဖြစ်သူမှလွဲ၍ ကျန်မိသားစုအားလုံး ဖေဖေပြောင်းသမျှသော မြို့အသီးသီးသို့ နောက်တော်ပါးများ အဖြစ် တစ်မြို့ပြီးတစ်မြို့လိုက်သွားကြရာမှ နောက်ဆုံးရောက်ခဲ့တဲ့ တာလေရွာမြို့လေးမှာ ၄တန်းမှ ၆တန်း အထိ ကျော်ဖြတ်လာခဲ့ပြီဆိုတော့ ကျောင်းပြန်တက်လျှင် ကျိုင်းတုံမြို့ကျောင်းမှာ ၇-တန်းကို ဆက်ပြီး တက်ရမှာ ဖြစ်ပါတယ်။ မကြာမီကာလမှာပြောင်းရွှေ့နေထိုင်ရတော့မည့် ကျိုင်းတုံအိမ်ကိုလည်း စိတ်ကူးနဲ့ ပုံဖော်ရင်း ကျမနှစ်သက်တဲ့ ရှမ်းပြည်အတွင်းမှာသာ ရှိနေတဲ့မြို့သစ် တစ်မြို့သို့ ပြောင်းရတော့မှာမို့ ကျမ အပျော်ကြီး ပျော်နေမိခဲ့ပါတယ်။ ကျမဖေဖေရဲ့ နည်းပေးလမ်းပြ လုပ်ဆောင်ချက် ခိုင်းစေချက်အားလုံးရဲ့ ရလဒ်ကတော့ ကျမတို့ မောင်နှမတစ်တွေ ငယ်စဉ်ကပင် မည်သည့်အကြောင်း ကိစ္စမဆို ကြောက်ရွံ့ခြင်း မရှိပဲ မည်သူနှင့်မဆို ပြောရဲဆိုရဲ မည်သည့်နေရာမဆို သွားရဲလာရဲတဲ့သတ္တိကို ရရှိခဲ့ခြင်းပါ။

ဒီပို့စ်လေးကို ရေးနေရင်း ကျမတာလေမြို့လေးမှာ ကခဲ့စဉ်က ပန်တျာလှမြင့် မဒေါင်းစိန်နဲ့ မခင်မာကြီးတို့ သင်ကြားပေးခဲ့တဲ့ ကဗျာသွင်းသီချင်းလေး စန္ဒကိန္နရီကိန္နရာ မြိုင်ထအစရှိတဲ့သီချင်းလေးတွေကို နှုတ်ကနေ ပြန်ပြီးရွတ်ဆို ကြည့်မိတဲ့အခါ မှတ်မိနေဆဲမို့ ကျမရင်ထဲမှာ စွဲကျန်နေသော အကြောင်းအရာများအနက် မမေ့နိုင်သော အကြောင်းအရာတစ်ချက်မို့ ‘လွမ်းငွေ့ဝေဝေ မြို့တာလေ’ အဖြစ် မှတ်တမ်းတင်ခွင့်ရတာကို ကြည်နူးမိတာအမှန်ပါ။
ကဗျာသွင်းအကကိုကစဉ်ကဆိုခဲ့တဲ့သီချင်းလေးတစ်ပိုဒ်က----
“ခြေနဲ့ ခါးနဲ့ ခေါင်းနဲ့ လက်ကယ် စုံမှသာ…. ခြေ…ခြေကစကာအကွက်ကိုပုံစံခင်းလို့ ….တဆင့်ဆင့် တစစ အကမှာ ကျနသေချာ ….ခြေနဲ့ ခါးနဲ့ ခေါင်းနဲ့ လက်ကယ် စုံမှသာ…….ခြေ….ခြေကစကာ အကွက်ကို ပုံစံခင်း လို့ …တဆင့်ဆင့် တစစအကမှာကျနသေချာ….ကိုယ်လက် အင်္ဂါ အချိုးကျဖို့ရာ…. နည်းမျိုးစုံဟန်ခင်းလို့ သီချင်းလေးနဲ့ ကျမတို့သင်ရတာ…. ခြေခါးကိုသာဘယ်ညာပြောင်းလို့ ခေါင်းနဲ့ ကိုယ်လက်ပါ”

လေးစားစွာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz