x

19.8.11

ရန်ကုန်-ဘိတ်ကပ်ကြေးကိုက်


ကျမရဲ့ စာဖတ်သူမိတ်ဆွေများ တစ်နည်းအားဖြင့် အားပေးသူမိတ်ဆွေများ အချိန်ပိုနာရီဝက်လောက်ရှိခဲ့ရင် ဒီကနေ့မနက် ချက်ခဲ့တဲ့ ရန်ကုန်-ဘိတ်ကပ်ကြေးကိုက်ကို လက်စွမ်းပြကြည့်ကြပါနော်း)။ အကယ်၍သာ ဘိတ်သူဘိတ်သား အစစ်များက ကျမရဲ့ ဘိတ်ကပ်ကြေးကိုက်ကိုဖတ်ပြီး ဖြည့်စွက်စရာလေးများ ရှိခဲ့ရင် အကြံဥာဏ်လေး ပေးခဲ့ပါလို့ တောင်းဆိုပါရစေ။ ရန်ကုန်သူ အန်တီတင့်ရဲ့ ဘိတ်ကပ်ကြေးကိုက်မို့ ရန်ကုန် - ဘိတ် ကပ်ကြေးကိုက်လို့ အမည်ပေးပြီး ပို့စ်လေးတစ်ပုဒ်အဖြစ် မျှဝေပေးလိုက်ပါတယ်နော်။











ပါဝင်သောပစ္စည်းများကတော့-
ညှပ်ခေါက်ဆွဲ (သို့) နန်းပြား၊ ပဲပင်ပေါက်၊ ကြက်သွန်မိတ်၊ ကုဆိုင်၊ ကြက်သွန်ဖြူ၊ ကြက်သား၊ကြက်ရိုး (ဟင်းချို အတွက်) ပြည်ကြီးငါး၊ ပုစွန်၊ ကြက်ဥ၊ဆား၊ ကြက်မှုန့်၊ ငံပြာရည်၊ ပဲငံပြာရည်၊ ဆနွင်းမှုန့်တို့ဖြစ်ပါတယ်။




ကြက်သား၊ ပြည်ကြီးငါး၊ ပုစွန်တို့ကို ဆား ကြက်မှုန့် ငံပြာရည် ဆနွင်းမှုန့်တို့နယ်ပြီး ရေအနည်းငယ်ထည့်၍ သီးသန့်စီ အနူးပြုတ်ထားပါ။ အနူးညီသွားလျှင် သုံးမျိုးစလုံးကို သမအောင်ရောမွှေပြီး ပန်းကန်တစ်ချပ်တွင် ထည့်ထားပါ။ ကြက်ရိုးကို ကြက်သွန်ဖြူ အပြားရိုက် ၅မွှာခန့်၊ ဆား ကြက်မှုန့် ငံပြာရည် ဆနွင်း တို့နယ်ပြီး ဒန်အိုးထဲသို့ ရေထည့်ကာဟင်းချိုအတွက် ကြာကြာပွက်၍အသားနူးသည်အထိ ပြုတ်ထားလိုက်ပါ။



နန်းပြားကို ပဲငံပြာရည်အနည်းငယ်နှင့် အရောင်လည်းလှ အရသာလည်းရှိစေရန်နယ်ထားပါ။ ကျမအိမ်မှာ တော့ အရောင်လှရုံလောက် နည်းနည်းပဲထည့်သုံးပါတယ်။

ဒယ်အိုးတွင် ဆီထည့်ပြီး ကြက်သွန်ဖြူထောင်းကို ဆနွင်းအနည်းငယ်ထည့်၍ ဆီသတ်ပါ။ မွှေးလာသောအခါ ယခင် အနူး ပြုတ်ထားသော ကြက်သား၊ ပြည်ကြီးငါး၊ ပုစွန်တို့ကို ရောထည့်ကာမွှေပြီးနန်းပြားကိုထည့်ပါ။ ဆား ငံပြာရည် တို့ကိုလိုအပ်သလောက် ထည့်ပြီးမွှေပါ။ ပြီးလျှင် ပဲပင်ပေါက်နှင့် ကုဆိုင်တို့ကိုထည့်မွှေပါ။ ငရုပ်ကောင်းမှုန့် အနည်းငယ်ထည့်ပါ။ သမသွားလျှင် ပါးပါးလှီးထားသော ကြက်ဥကိုထည့် လိုက်ခြင်းဖြင့် ရန်ကုန်-ဘိတ်ကပ်ကြေးကိုက် ရပါပြီ။

 ခလောက်ထားသော ကြက်ဥကို အချပ်လိုက်ကြော်ပြီး လိပ်ကာ ထိုအလိပ်ကိုအေးသောအခါ ပါးပါးလှီးထားပါ။



တွဲဖက်စားသုံးရန် အချဉ်ရည်ကိုတော့ မန်ကျည်းမှည့်ကို ရေစိမ်ပြီး အနှစ်ကိုယူကာ ထန်းလျက်ထောင်း၊ ငရုပ် သီးစိမ်းထောင်း၊ ဆား၊ ကြက်သွန်ဖြူထောင်းတို့နှင့် ရောမွှေသမလိုက်ခြင်းဖြင့် အရသာရှိသော အချဉ်ရည်ကို ရပါမည်။ (အိမ်မှာအကြော်များ ကြော်စားလျှင်လည်း အထက်ပါအချဉ်ရည်ဖြင့် တွဲဖက်စားသုံးလေ့ ရှိပါတယ်) နံနံပင်နှစ်သက်လျှင် နံနံပင်ကိုရေစင်အောင်ဆေးပြီးလျှင် ပါးပါးလှီးပြီးအချဉ်ရည်ထဲသို့ ထည့်မွှေခြင်းဖြင့် စားသုံးနိုင်ပါတယ်။



ကြက်ရိုးပြုတ်နူးသွားပြီးအပွက်ကြာလျှင် ကြက်သွန်မိတ်ပါးပါးလှီးငရုတ်ကောင်းမှုန့်တို့ ထည့်ကာ အရသာ ကောင်းမွန်သော ဟင်းချိုတစ်ခွက်သည်လည်း ရန်ကုန်-ဘိတ်ကပ်ကြေးကိုက်နှင့် တွဲဖက်စားသုံးရန် အလွန် လိုက်ဖက် ပါတယ်။ ရန်ကုန်-ဘိတ်ကပ်ကြေးကိုက်၊ ကြက်ရိုးဟင်းချိုနဲ့ အချဉ်ရည်တို့ အဆင်သင့်ဖြစ်ပြီမို့ နှစ်သက်သလို သုံးဆောင် လို့ရပြီနော်



ရန်ကုန်-ဘိတ်ကပ်ကြေးကိုက် သုံးဆောင်ပြီးရင် အအီပြေစေဖို့ နာနတ်သီးနဲ့ နဂါးမောက်သီး အဆင်သင့်လေး လုပ်ပေးထားတယ်နော်။ လာရောက်အားပေးသူများကိုကျေးဇူးတင်ပါတယ်။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz