x

29.8.11

သီရိမင်္ဂလာကမ္ဘာအေးစေတီတော် သမိုင်းသိမှတ်ဖွယ်များ


 မနေ့က ဥပုသ်နေ့အခါသမယမှာ ကျမအပါအဝင် ညီမလေး အဒေါ်လတ် အဒေါ်ငယ် တူမလေးတို့နဲ့ အတူ ကမ္ဘာအေး စေတီတော်ကို သွားရောက်ဖူးမြှော်ခဲ့ရပါတယ်။ အရင်နှစ်တွေကတော့ ဘုရားဖူးသက်သက်ပဲမို့ အလွန်ဆုံးကြာ ၂နာရီပါပဲ။ အခုတော့ စာဖတ်သူအားလုံးကို ကျမပြုပြုသမျှသော ဒါန သီလ ဘာဝနာ ကုသိုလ် အစုစုတို့အတွက် သာဓုခေါ်နိုင်စေဘို့ရယ် နှစ် လ ရက်ပေါင်းများစွာ ဖူးခွင့်မကြုံသူတို့အတွက် ဖူးမြှော်စေလို တာရယ် ဘာသာခြားတို့အတွက်လည်း ဗဟုသုတ ရစေဘို့ရယ် ရည်သန်ပြီး ဓာတ်ပုံလေးတွေ အေးအေး ဆေးဆေး လိုက်ရိုက်တာကြောင့် အနည်းဆုံးတော့ နောက်ထပ်မိနစ် ၃၀ ပိုပေးပြီး ကုသိုလ်ယူပါတယ်း)

ဤစေတီတော်မြတ်ကြီး၏ ဘွဲ့တော်မှာ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်သူ နိုင်ငံသားများနှင့်အတူ ကမ္ဘာသူ ကမ္ဘာသား ပူဇော်သူအားလုံးတို့အား ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံ လျက် အေးချမ်းသာယာမှုကို ရရှိခံစားနိုင်ကြစေရန် ရည်မှန်း၍ တည်ထားသော စေတီတော်မြတ်ကြီး ဖြစ်ပါ သည်။ စေတီတော်မြတ်ကြီးတွင် မုခ်ဝငါးခုရှိပြီး ထိုမုခ်ဝါငါးခုတို့၌ ဉာဏ်တော် (၈)ပေစီရှိ ဗုဒ္ဓရုပ်ပွားတော် ငါးဆူဖြစ်သော ဒီပင်္ကရာဘုရား ကကုသန်ဘုရား ကောဏာဂုံဘုရား ကဿပဘုရား ဂေါတမဘုရားတို့ ကိန်းဝပ်စံပယ်လျက်ရှိနေသည်ကို ဖူးမြင်နိုင်ကြပါသည်။ စေတီတော်မြတ်ကြီး၏ ဓါတ်တော်တိုက်အတွင်းဝယ် ဘော်သားအချိန် ပိဿာ (၃၃၃) ဉာဏ်တော် (၈)ပေရှိသည့် မြန်မာပြည်တွင်းရှိ ဘော်သားဆင်းတုအနေဖြင့် အကြီးဆုံးဟု ယူဆရသော သီရိမင်္ဂလာ မဟာဇိနိန္ဒဘွဲ့တော် သထားသည့် ဘော်ဆင်းတုတော်ကြီးတစ်ဆူ ကိန်းဝပ်တော်မူလျက်ရှိပါသည်။

မြတ်စွာဘုရားရှင်၏ သရီရဓါတ်တော် မွေတော်များနှင့် ရဟန္တာဓါတ်တော်များသည် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဂန္ဓကုဋိတိုက်အတွင်း၌ ကိန်းဝပ်စံပယ်လျက် ရဟန်းရှင်လူပြည်သူအများ၏ ပူဇော်မှုကို ခံယူလျက်ရှိပါသည်။

ရှင်တော်မြတ်ဘုရား၏ သာသနာတော်တွင် ပညာအရာတွင် အထူးချွန်ဆုံး အမြတ်ဆုံးဖြစ်သော ရဟန္တာအရှင် မြတ်တစ်ပါးနှင့် တန်ခိုးတော်အရာတွင် အထူးချွန်ဆုံး အမြတ်ဆုံးဖြစ်သော ရဟန္တာတစ်ပါး ဟူ၍အရှင် မြတ်နှစ် ပါး ပေါ်ထွန်းခဲ့ပါသည်။ ထိုနှစ်ပါးတွင် ပညာအရာ အထူးချွန်ဆုံး အမြတ်ဆုံးဖြစ်သော ရဟန္တာအရှင်မြတ်မှာ အရှင်သာရိပုတ္တရာ ဖြစ်ပါသည်။ ထိုအရှင်မြတ်ကို လက်ျာတော်ရံဟူသော ဌာနန္တရဘွဲ့ထူး ချီးကျူးထားအပ် ပါသည်။ တန်ခိုးတော်အရာ အထူးချွန်ဆုံး အမြတ်ဆုံးဖြစ်သော ရဟန္တာအရှင်မြတ်မှာ အရှင်မဟာမောဂ္ဂလာန် ဖြစ်ပါသည်။ ထိုအရှင်မြတ်ကို လက်ဝဲတော်ရံဟူသော ဌာနန္တရဘွဲ့ထူး ချီးကျူးထားအပ်ပါသည်။ ထိုသရီရ ဓါတ်တော်များကို သီရိဓမ္မာသောကမင်းကြီး လက်ထက်တွင် အဝန္တိတိုင်း ဥဇ္ဇေနီပြည်အနီး (ယခုအခေါ် အိန္ဒိယနိုင်ငံ ဘိုပေါလ်ပြည်နယ်အတွင်း) ဝေဒိသာတောင်ရံရှိ သဉ္ဇိ (Sanchi) စေတီတော်ကြီးတွင် ဌာပနာ တော်မူခဲ့ပါသည်။ ခရစ်နှစ် ၁၈၅၁ ခုနှစ်က ထိုစေတီတော်ဟောင်းကြီးကို တူးဖော်ရာ အဂ္ဂသာဝက အရှင်မြတ် နှစ်ပါး၏ ဓါတော်များကို ဌာပနာထားရာ ကျောက်သေတ္တာကြီး နှစ်လုံးနှင့်အတူ တွေ့ရှိရပါသည်။ သေတ္တာကြီး တစ်လုံး၏ အတွင်း၌ ကျောက်ကြုတ်ခေါ် ကျောက်သေတ္တာငယ်ကလေး တစ်လုံးကိုပါ တွေ့ရပါသည်။ အပြင် ကျောက်သေတ္တာကြီး၌ “သာရိပုတ္တဿ” ဟုရေးသားထားကာ အတွင်းကျောက်ကြုတ်ငယ်၌ “သ” ဟုရေးထား သည်ကို တွေ့ရပါသည်။ အခြားကျောက်သေတ္တာကြီး တစ်လုံး၌လည်း အလားတူပင် အတွင်း၌ ကျောက်ကြုတ် ငယ်တစ်ခုကို တွေ့ရပါသည်။ အပြင် ကျောက်သေတ္တာကြီး၌ “မောဂ္ဂလာနဿ” ဟုရေးထား၍ အတွင်း ကျောက်ကြုတ်ငယ်၌ “မ” ဟုရေးသားထားသည်ကို တွေ့ရပါသည်။

ရေးသားထားသည့် အက္ခရာအမျိုးအစားမှာ ဗြဟ္မိ (သို့မဟုတ်) ပြာကရိုက်ဘာသာ အက္ခရာအရေးအသားမျိုး ဖြစ်ပါသည်။ ထိုအချိန်က အိန္ဒိယနိုင်ငံတွင် ဗြိတိသျှတို့ အုပ်စိုးလျက်ရှိပါသည်။ ထို့ကြောင့် ဗြိတိသျှတို့က ထို ဓါတ်တော်များကို အင်္ဂလန်သို့ ယူဆောင်သွားကြပါသည်။ ထို့နောက် လန်ဒန်မြို့တော်ရှိ ဝိတိုရိယပြတိုက် (Victoria Albert Museum) အတွင်း၌ ထားရှိခဲ့ကြပါသည်။ ထိုပြတိုက်၌ နှစ်ပေါင်းတစ်ရာခန့် ကြာအောင် ဓါတ်တော်များကိန်းဝပ်တော်မူခဲ့ကြရပါသည်။ အိန္ဒိယပြည် လွတ်လပ်ရေးရသောအခါ ဓါတ်တော်များ အိန္ဒိယ သို့ ပြန်လည် ကြွရောက်တော်မူခဲ့ကြပါသည်။ ဓါတ်တော်များကို မူလနေရာ သဉ္ဇီ (Sanchi) စေတီတော်ကို မွမ်းမံကာ ပြန်လည်ဌာပနာ ထားခဲ့ကြပါသည်။ ၁၉၅၁ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့တွင် အိန္ဒိယအစိုးရနှင့် မဟာဗောဓိအသင်းကြီးက မြန်မာနိုင်ငံ ပြည်သူတို့အား ဓါတ်တော်အချို့ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ကာလကတ္တားမြို့၌ ကျင်းပခဲ့ကြပါသည်။ ဤသို့ဖြင့် လက်ျာတော်ရံ ပညာအရာ ဧတဒဂ်ရ အရှင်သာရိပုတ္တရာ နှင့် လက်ဝဲတော်ရံ တန်ခိုးတော်အရာ ဧတဒဂ်ရ အရှင်မဟာမောဂ္ဂလာန် အဂ္ဂသာဝက ရဟန္တာအရှင်မြတ် နှစ်ပါး၏ ဓါတ်တော်များသည် မြန်မာနိုင်ငံသို့ ကြွရောက်တော်မူလာကြကာ ဤသီရိမင်္ဂလာ ကမ္ဘာအေး စေတီတော်မြတ်ကြီး၏ ဓါတ်တော်တိုက်အတွင်းဝယ် ကိန်းဝပ်စံပယ်လျက် ရှိနေတော်မူခဲ့ကြပါသည်။
စေတီတော်မြတ်ကြီး၏ အင်္ဂါထောင့်အရပ်တွင် မဟာဗုဒ္ဓဝင်ပြခန်းကြီးကိုလည်း လေ့လာနိုင်ကြပါသည်။ ဝါတွင်းသုံးလပတ်လုံး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားအား ကျေးဇူးဆပ်သောအားဖြင့် အဘိ ဓမ္မာ တရားတော်ကို ဟောကြားပြီးနောက် သီတင်းကျွတ်လတွင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည် သို့ မြတ်စွာဘုရားရှင် ဆင်းသက်လာပုံကို ရောင်စုံမီးလုံးများ ရုပ်လုံး ရုပ်ထုများဖြင့် မြန်မာ့ရိုးရာ ပန်းပု ပန်းချီ ရုပ်ကြွပညာတို့ကို ပေါ်လွင်စေကာ လှပတင့်တယ်စွာ ပြသထားသည်ကိုလည်း စိတ်ဝင်စားဖွယ်တွေ့ရှိလေ့လာ နိုင်ကြပါသည်။ ပြခန်းကြီး၏ ပတ်လည်တွင် မြတ်စွာဘုရား အလောင်းတော် သုမေဓာ ရှင်ရသေ့နှင့် သုမိတ္တာ ယက္ကန်းသည်မကလေးတို့ ဗျာဒိတ် ခံယူနေကြပုံမှစ၍ ပရိနိဗ္ဗာန် စံဝင်တော်မူသည်အထိ ဗုဒ္ဓဝင်တစ်ခုလုံး အကျဉ်းချုံး၍ လည်းကောင်း၊ ပထမသင်္ဂါယနာတင်ပုံမှ စ၍ ဆဌသင်္ဂါယနာတင်ပုံအထိ သင်္ဂါယနာခြောက်တန် တင်ခဲ့ပုံများကိုလည်းကောင်း ပန်းပုရုပ်လုံးရုပ်ထုများဖြင့် ခမ်းနားတင့်တယ်စွာ ရှုချင့်စဖွယ် သရုပ်ဖော် ပြသ ထားသည်ကို လေ့လာကြည်ညိုနိုင်ကြပါသည်။

(ကျမ မနေ့က ရောက်စဉ်က ဗုဒ္ဓဝင်ပြခန်း ပြင်ဆင်မွမ်းမံနေတာကြောင့် သံတံခါးပိတ်ထားလို့ လက်လျှိုပြီး ဓါတ်ပုံ နှစ်ပုံသာ ရိုက်နိုင်ခဲ့ပါတယ်။ အခုလည်းကွန်နက်ရှင်အတော်လေး ဆိုးနေတာကြောင့် ပုံများ ကိုအားလုံး တင်လို့မရဖြစ်နေတာကြောင့် ဒီလောက်နဲ့ပဲ ကျေနပ်ကြပါနော်)
[သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပက၏ လက်ကမ်းစာစောင်မှကူးယူမျှဝေခြင်းဖြစ်ပါတယ်]
“စိတ်ဓါတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနှင့်ပြည့်ဝကြပါစေ”

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz