x

31.8.11

ပဒေသာပင်မြို့(သို့) FMI CITY


ပဒေသာပင်မြို့လေးရဲ့ တည်နေရာကတော့ လှိုင်သာယာမြို့နယ်ထဲမှာ တည်ရှိပြီး ဘုရင့်နောင်တံတားနဲ့ အောင်ဇေယျတံတား နှစ်စင်းအကြားမှာတည်ရှိတဲ့ မြို့လေးဖြစ်ပါတယ်။ ဒီမြို့လေးကို FMI City လို့လည်း လူသိများကြသလို အေးချမ်းစွာနဲ့ သပ်သပ်ရပ်ရပ်ရှိတဲ့ မြို့လေးတစ်မြို့ပါ။ တစ်ချိန်ကတော့ ချောင်းခြားဖြစ်ပြီး သွားရေးလာရေး ခက်ခဲသည်ဟုဆိုကာ လူအတော်များများ မနှစ်သက်ပေမယ့် လက်ရှိအခြေအနေမှာတော့  နေထိုင် သွားလာမှု အဆင်ပြေသည်ကို လူအများလက်ခံ လာသည့်နောက်ပိုင်းမှာ လူနေများလာတဲ့ မြို့လေး တစ်မြို့ပါ။ ရုံးပိတ်ရက်များ ရက်ဆက်ဖြစ်တဲ့အခါမျိုးမှာတော့ ဘုရင့်နောင်တံတားမှာ ကားပိတ်တတ်တာက လွဲလို့ ကျန်အချိန်များမှာ အခက်အခဲမရှိအဆင်ပြေ သွားလာနိုင်တဲ့ မြို့ဖြစ်ပါတယ်။

မြို့အဝင်မှာ ခန့်ငြားထည်ဝါလှတဲ့ ပင်မဂိတ်ကြီးတစ်ဂိတ်ရှိပြီး အရှေ့မျက်နှာစာတွင်ပင် ဂိတ်အခွဲတစ်ဂိတ် အပိုရှိပါသေးတယ် အလားတူ ဂိတ်ခွဲများ ပဒေသာပင်မြို့ရဲ့ ဘေးဘက်များတွင်လည်း တစ်ဂိတ်စီရှိပါတယ်။ ပင်မဂိတ်ကလွဲလို့ ကျန်ဂိတ်များကိုတော့ နံနက် ၆နာရီမှ ညရနာရီအထိသာ ကားများ ဝင်ထွက်ခွင့်ရှိပြီး သတ်မှတ်ချိန်များ ကျော်လွန်သွားခဲ့လျှင် ပင်မဂိတ်ကိုသာ အသုံးပြု၍ ဝင်ထွက်ခွင့်ပြုလုပ်ကြရပါတယ်။ မြို့လေးထဲတွင် နေထိုင်သူတို့ အဆင်ပြေစေရေးအတွက် ရိုးမဘဏ်၊ စီးတီးမတ်၊ သား ငါး ပန်း ဟင်းသီး ဟင်းရွက်နဲ့ ပစ္စည်းစုံဈေးရှိပြီး မြို့နှင့်အနီးတွင် ကျောင်းရှိကာ ပဒေသာပင်မြို့နှင့် မျက်နှာချင်းဆိုင် လမ်းရဲ့ တစ်ဖက်တွင် နိုင်ငံတကာအဆင့်မှီ ပန်းလှိုင်ဆေးရုံကြီး ရှိပါတယ်။
မြို့အတွင်းသို့ ပင်မဂိတ်မှဝင်လာလျှင် လက်ျာဖက်တွင် စီးတီးမတ်ရှိပြီး လက်ဝဲဖက်မှာတော့ ဤမြို့လေးမှာ နေထိုင်သူများအတွက် ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ပေးတဲ့ Estate Dept ရှိပါတယ်။  ပင်မ ပဒေသာပင် လမ်းမကြီး အတိုင်းတည့်တည့်ဆက်သွားလျှင် အလယ် တွင် ရေကူးကန်ရှိပါတယ်။ မြို့တွင်နေထိုင်သူတို့ အတွက် အပမ်းဖြေနိုင်သည့်နေရာ တစ်နေရာဖြစ်သလို ပြင်ပမှဧည့်သည့်များ လာရောက်လည်ပတ်လျှင် သတ်မှတ်ထားသော အခကြေးငွေဖြင့် အသုံးပြုနိုင်ပါတယ်။ ရေကူးကန်မှ ပဒေသာပင်လမ်းမကြီးအတိုင်း တည့်တည့် ဆက်သွားလျှင် နေထိုင်သူတို့အား ဖြန့်ဝေပေးတဲ့ ရေစင်ကြီးကိုတွေ့ရမှာဖြစ်ပါတယ်။ ထိုရေစင်မှ ပဒေသာပင်လမ်းမကြီး အတိုင်း ဆက်သွားလျှင် ပဒေသာပင်ဓမ္မာရုံကို လက်ဝဲဖက်မှာ တွေ့ရပြီး ဓမ္မာရုံနဲ့ ကပ်ရက်တွင် ဖုန်းတာဝါတိုင် ကိုတွေ့ရမှာဖြစ်ပါတယ်။ 

ဂိတ် (၂) မှအဝင်လမ်းကို တည့်တည့်လာလျှင် ၃-ထပ် ကွန်ဒိုတိုက်ခန်းများရှိပြီး အဆိုပါတိုက်များ မှအတွင်းသို့ ဆက်သွားလျှင် ချမ်းမြေ့ပဒေသာပင်ရိပ်သာကျောင်းရှိပါတယ်။ အဆိုပါ ကျောင်းတွင် သန္တိသုခဓမ္မဗိမာန် သုံးထပ်ကျောင်းတော်ကြီးအား တည်ဆောက်လျက်ရှိပါတယ်။ ကိုယ်ပိုင် စားသောက်ဆိုင်များ ဆံပင်အလှ ပြုပြင်ရေးဆိုင်များ အင်တာနက်ဆိုင်များအပြင် လေအေးပေးစက် ရေခဲသေတ္တာ ရောင်းဝယ်ရေးနှင့်ပြုပြင်ရေး ဆိုင်များ ရေသန့်ဖြန့်ဖြူးရေး ဆိုင်များ ရှိပါတယ်။ ပဒေသာပင်မြို့တော်အတွင်းရှိ လမ်းများအားလုံးလိုလို ပန်းနာမည်များကို အသုံးပြုထားသလို အကွက်လိုက်ကို A, B, C, D စသဖြင့် အင်္ဂလိပ်အက္ခရာဖြင့် သတ်မှတ် ထားပါတယ်။ မိမိဝယ်သည့် မြေကွက် အရွယ်အစားပေါ်မူတည်ပြီး အိမ်များကိုလည်း ဆင်တူ ဆောက်ကြရ ပါတယ်။ ပေ ၄၀ x ပေ ၆၀ အကွက်တွင် ပုံစံတစ်မျိုး ပေ ၆၀ x ပေ ၈၀ အကွက်တွင် ပုံစုံတစ်မျိုး စသဖြင့် သတ်မှတ်ပုံစံများအတိုင်း နှစ်ထပ်တိုက်များ ဆောက်လုပ်ကြရပါတယ်။ ပေ ၁၀၀ ပတ်လည်အကွက်များတွင် တော့ မိမိစိတ်ကူးအတိုင်း ဆောက်ခွင့် ရှိကြ တာကြောင့် ပေ ၁၀၀ ပတ်လည်မြေများတွင် အိမ်ပုံစံ အမျိုးမျိုးကို တွေ့နိုင်ပါတယ်။
                                  စတင်ဆောက်နေသော သန္တိသုခဗိမာန် သုံးထပ်ကျောင်းတော်ကြီး
                                                            ၄-ထပ် ကွန်ဒိုတိုက်ခန်းများ
                        ဂိတ်ဝမှအတွင်းသို့ အလှမ်းဝေးသဖြင့် ဆိုက်ကားဂိတ်အား စံနစ်တကျထားရှိပုံ
                    သား ငါး ဟင်းသီး ဟင်းရွက် ကုန်စုံဆိုင် အမျိုးမျိုးကို အတန်းလိုက် စနစ်တကျထားရှိပုံ
                                                     ကိုယ်ပိုင်စားသောက်ဆိုင်လေးများ
                                  စိတ်ကူးလေးတွေကို အကောင်ထည်ဖော် ဆောက်လုပ်ထားပုံ
                              ပေ ၁၀၀ ပတ်လည်မြေတွင် မိမိနှစ်သက်တဲ့ ပုံစံမျိုးဆောက်လုပ်ထားပုံ
                                                တစ်ချို့တိုက်တွေကတော့ ဆောက်လုပ်ဆဲပါ
                                      ပေ ၆၀ x ပေ ၈၀ အကွက်တွေမှာတော့ ပုံစံဆင်တူလေးတွေ
                                       စိမ်းလန်းစိုပြေတဲ့ သစ်ရိပ်အကြားမှ အိမ်ကလေးများ

ပဒေသာပင်မြို့သည် စံနစ်တကျ ဆောက်လုပ်ထားသော မြို့လေးတစ်မြို့ဖြစ်ပြီး သစ်ပင် ပန်းမာလာတို့ဖြင့် စိတ်ကြည်နူးမှုရှိစေရန်လည်း ဖန်တီးထားသော မြို့တစ်မြို့ဖြစ်ပါတယ်။ အိမ်များကို အတန်းလိုက် ဓာတ်ပုံ ရိုက်လိုသည့်တိုင် သစ်ပင်များဖြင့် အုပ်ဆိုင်းနေမှုကြောင့် အိမ်ဆင်တူများကို ဓာတ်ပုံရိုက်ယူရန် ခက်ခဲလှ ပါတယ်။ အေးချမ်းတိတ်ဆိတ်မှုဖြင့် တရားဘဝနာပွားနိုင်သည့် မြို့လေးတစ်မြို့ဖြစ်ကြောင်း ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်။

စာဖတ်သူများအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနှင့် ပြည့်စုံကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz