x

21.9.11

နားနားပြီးဖူးကြနော် -၁


ကျမ ၁၃-၉-၂၀၁၁ ရက်နေ့ ည ၉နာရီ ၃၀မိနစ် မှာ ရန်ကုန်ကနေ မန္တလေးကို ရွှေမန္တလာ အထူးယာဉ်နဲ့ ခရီး ထွက်ခဲ့ပါတယ်။ ခရီးသွားရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ၁၄-၉-၂၀၁၁ ရက်နေ့မှာ ကျမရဲ့ ယခုဘဝ တစ်သက်စာ ကျေးဇူးရှင် ခင်ပွန်းသည်ရဲ့ ၅၅-နှစ်ပြည့် မွေးနေ့ကို ရည်စူးပြီး အလှူတစ်ခုပြုလုပ်ဖို့ပါ။ မိသားစု အပေါ်တင်မက နှစ်ဖက်သော ဆွေမျိုးညာတိ မိတ်သင်္ဂဟအပေါင်းတို့အပေါ်ပါမကျန် မြင့်မြတ်သော စိတ်ဓါတ် နဲ့အခက်အခဲ မှန်သမျှကို မိမိတတ်စွမ်းသမျှ ကူညီတတ်တဲ့အပြင် ဘာသာသာသနာရေးကို အထူးဦးစားပေး ကိုင်းရှိုင်းသူ အိမ်ဦးသခင် ကျေးဇူးရှင်ပါ။ မိသားစုအပေါ် ဟာကွက်မရှိအောင် ပြုစုပျိုးထောင်ပေးခဲ့သူ။ ကျမရဲ့ အိမ်ထောင်သက်တစ်လျှောက်လုံး လေးစားချစ်ခင်ခဲ့ရသော ခင်ပွန်းသည်မို့ အခွင့်အခါရတဲ့ အချိန်အခါများ  မှာလောကီရေး လောကုတ္တရာရေး တို့အတွက် ကျေးဇူးဆပ်ရင်း လက်တွဲခဲ့တာ ၂-၁၁-၂၀၁၁ ရက်နေ့ဆိုရင် အိမ်ထောင်သက် ၂၉နှစ်ပြည့်တော့မှာဖြစ်ပါတယ်။

ညခရီးစဉ်ဖြစ်တာကြောင့် မှတ်တမ်းဓါတ်ပုံတွေ ရိုက်ရတာ အဆင်မပြေခဲ့ပါဘူး။ အထူးယာဉ်ဆိုသည့်တိုင် အခြားယာဉ်များနည်းတူ ကားခမှာ ကျပ်တစ်သောင်းလေးရာဖြစ်ပါတယ်။ အချို့ကားများနဲ့ ကွာခြားချက်က ထိုင်ခုံများ အရှေ့နဲ့အနောက် ကပ်နေခြင်း မရှိတာကြောင့် ခရီးသွားရတာ သက်တောင့်သက်သာရှိပြီး ပင်ပမ်း မှုသက်သာပါတယ်။ ၁၄-၉-၂၀၁၁ ရက်နေ့ မနက် ၅နာရီခွဲမှာ မန္တလေးကိုရောက်လို့လာပါတယ်။ ၁၄ရက်နေ့ က ဗုဒ္ဓဟူးနေ့ဖြစ်တာကြောင့် အလှူကို ရုံးပိတ်ရက်ဖြစ်တဲ့ ၁၇ရက်နေ့စနေနေ့ကို သတ်မှတ်ခဲ့ကြပါတယ်။ ကျမရောက်တဲ့ ၁၄ရက်နေ့မှာမွေးနေ့အတွက် အိမ်ကဘုရားမှာပဲ ဆွမ်း ရေချမ်း သစ်သီး ပန်း ဆီမီးတို့ကို မြိုင်မြိုင်ဆိုင်ဆိုင် ကပ်လှူခဲ့ပြီး မန္တလေး စစ်ကိုင်းဖက်ကို ဘုရားဖူးလှည့်ခဲ့ပါတယ်။ ကျမဖူးခွင့်ကြုံတဲ့ ဘုရားများ အားလုံးရဲ့ ရာဇဝင်သမိုင်းများကို စာဖတ်သူများအတွက် မျှဝေပေးလိုသော်လည်း တစ်ချို့သော ဘုရားများရဲ့ သမိုင်းများမှာ ပြုစုဆဲဖြစ်တာကြောင့် ပုံများကိုသာ မျှဝေပေးနိုင်မှာဖြစ်ပါတယ်။

                                                              ရွှေမန္တလာနှင့်ညခရီးစဉ်
                                                     ခေတ္တနားသည့် စားသောက်ဆိုင်များ
၁၄-၉-၂၀၁၁ (ဗုဒ္ဓဟူးနေ့)မှာ ဖူးခဲ့သောဘုရားများကတော့-

မဟာမြတ်မုနိဘုရားကြီး
မဟာမုနိဘုရားကြီးရဲ့ရာဇဝင်သမိုင်းကို ‘ဒီနေရာလေးမှာ’ မျှဝေပြီးဖြစ်တာကြောင့် ဓါတ်ပုံလေးတွေသာတင် သွားမှာဖြစ်ပါတယ်။ 
                                  ပထမဦးစွာ သွားရောက်ဖူးမျှော်ခဲ့သည့် မဟာမုနိရုပ်ရှင်တော်
                                                      
                                             ဆွမ်း ပန်း ရေချမ်း ဆီမီးတို့အားကပ်လှူခဲ့စဉ်


ရွှေကျီးမြင်ဘုရား

                                                






                                                





                                                                    မဟော်ဂနီ







                                                  မန္တလေးမှ စစ်ကိုင်းတောင်သို့ အသွား
ဆွမ်းဦးပုညရှင်
                                                                 
                                               ဆွမ်း ပန်း ရေချမ်း ဆီမီးတို့အားကပ်လှူခဲ့စဉ်
အံ့ဘွယ် (၁၄)ပါး လွန်ထင်ရှား အများသိစေရာ
၁။ ဘုရားပွဲတော်ကျင်းပတိုင်း ပရိသတ်မည်မျှပင် လာရောက်ကြသူ များပြားသော်လည်း စေတီတော် ရင်ပြင် သည် အမြဲဝင်ဆန့် ကျယ်ဝန်းနေခြင်း။
၂။ စစ်ကိုင်းတောင်ရိုး ဝါတွင်းဘုရားစဉ် (၁၄)ပွဲတွင် ဝါဆိုလပြည့်နေ့၌ ဆွမ်းဦးပုညရှင်စေတီပွဲကို ထိပ်ဆုံးမှ ဆွမ်းဦးကပ်စတင် ဆင်ယင်ပြုလုပ်ကြသည်။ ထိုသို့ရှေ့ဆုံးမှ မစဘဲ နောက်ဆုံးမှထား၍ ကျင်းပမိလျှင် ဥပဿ ကာ ဥပဿကီများ သွေးထွက်သံယိုဖြစ်ခြင်း ဝမ်းသွားဝမ်းပျက် ဖျားနာပျက်စီး ဒုက္ခရောက်တတ်ခြင်း။
၃။ စစ်ကိုင်းတောင်ရိုးတစ်ဝိုက် မိုးရာသီအတွင်းဖြစ်စေ အခါမဲ့ မိုးရွာသွန်းဖြိုးကာနီးတွင်ဖြစ်စေ ပုညရှင်စေတီ ၏ အောက်အတွင်းမှ ကျောက်ငဖားအော်သံကို လိုဏ်ထ၍ အမြဲကြားရခြင်း။
၎။ ဆွမ်းဦးပုညရှင်စေတီဘုရား ကျောင်းကန်တန်ဆောင်း ဇရပ်များအတွက် ရည်စူး၍လှူဒါန်းရန် အဓိဌာန်ပြု  ကာငွေစုသောအခါ မမျှော်လင့်သောနေရာမှ ငွေကြေးဝင်လာခြင်း လှူဒါန်းပြီးစီးသွားသော် ထိုကုန်ငွေများ တစ်ဖန်ပြန်၍ ဝင်လာတတ်ခြင်း။
၅။ မြေငလျင်လှုပ်ခါနီးတွင်ဖြစ်စေ ဘုရားပြိုပျက် ဖျက်ဆီးကာနီးတွင်ဖြစ်စေ ကျောင်းကန် တန်ဆောင်း ဇရပ် များ မီးသင့်ခါနီးတွင်ဖြစ်စေ (၃)ညတိုင်တိုင် ကျီးပြိုခြင်း ကျီးပြိုပြီး နောက်နေ့နံနက်၌ ကျီးများ ထူးကဲစွာစေတီ တစ်ဆူလုံးပြည့် လာရောက်နားခို မည်းနက်သွားအောင် ရှိနေခြင်း။
၆။ လပြည့်ပြီး အာရုဏ်တက်သည်နှင့် လူထက် နတ်များ ဆွမ်းဦးကပ်လှူပြီး ဖြစ်နေလေ့ရှိခြင်း ဆွမ်းဦးကပ်ပြီး သည်နှင့် သိုက်မောင်းထုသံ (၉)ချက်တိတိ ကြားရခြင်း။
၇။ မင်းပြစ်မင်းဒဏ်သင့်သူများ နဝင်္ဂသီလဆောက်တည်၍ ပုညရှင်စေတီတွင် အဓိဌာန် (၉)ရက် ဝင်လျှင် မင်းပြစ်မင်းဒဏ် ပခြင်း။
၈။ သင်္ဘောသားများ ပင်လယ်ရပ်ခြား ရေကြောင်း အမှုထမ်း မသွားမှီ သွားရောက် ဖူးမျှော် ရှိခိုးပူဇော်သော် ဥပစ္ဆေဒကကံ မဲ့ခြင်း။
၁၀။ ဘုရားရှင်ကိုယ်တော်မြတ်၏ ‘မျက်ကွင်းဓါတ်တော်’ တန်ခိုးတေဇော် အာနုဘော်တော်အားကြောင့် ရက် ရှည်ဥပုဒ်ဝင်လာလျှင် (က) မနောအမြင် မနောအသိရခြင်း (ခ) စက္ခုအမြင် စက္ခုအသိထူးကဲလာခြင်း။
၁၁။ တိုင်းပြည် မြို့ရွာပျက်ခြင်း လူမျိုး ဘာသာ သာသနာ ဘေးဒုက္ခ အန္တရာယ်ကြုံခြင်း မင်းပြောင်းမင်းလဲ ၊ခေတ်ပြောင်း ခေတ်လွှဲဖြစ်ခြင်း ရှိအပ်သော ပုညရှင်စေတီမှ နီရဲညိုမောင်းသော ရောင်ခြည်တော်ကွန့်မြူးပြာ ဋိဟာထူး၍ ပြသခြင်း ပင်းယနှင့် စစ်ကိုင်း ပျက်ခါနီးတွင် တစ်ကြိမ် ရှမ်းသိုဟန်ဘွား သာသနာဖျက် ဆီးချိန် တွင် တစ်ကြိမ် ဂျပန်ခေတ်ပျက်ခါနီး၌တစ်ကြိမ် ဤသို့ဖြစ်ခဲ့၏။
၁၂။ မင်းသက်ကုန်ခါနီးတွင်ဖြစ်စေ မင်းဆက်ပြတ်ခါနီးတွင်ဖြစ်စေ တိုင်းပြည်အုပ်ချုပ် မင်းလုပ်လိုသောသူ သည် ဆွမ်းဦးပုညရှင်စေတီတော်ရှိ တနင်္ဂနွေဂြိုဟ်တိုင်မှစ၍ ဂြိုဟ်ကြီးရှစ်ခွင်အစဉ်အတိုင်း ဆွမ်း ပန်း ရေချမ်း တင်၍ အဓိဌာန်ဝင်ကာ တနင်္ဂနွေဂြိုဟ်တိုင်တွင် မွန်းမတည့်မှီ ပြန်ဝင်ရခြင်းဖြင့် ပြန်လည်၍ အောင်လံထူ ရွှေ ထီး ကိုင်နိုင်ခြင်း။
၁၃။ ထူးခြားသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် သံဃာထူး သံဃာမြတ်များ စခန်းဝင် ပြီးမြောက်ခါနီး၌ ကျောက်ဖား (၉)ချက်အော်သံကြား၍ သိုက်မောင်းထုသံ (၉)ချက်ကြားရပြီးနောက် အခါ မဲ့မိုးကြီးရွာခြင်း။
၁၄။ စစ်ကိုင်းတောင် ငဖားတောင်မှ ပညာရှင် သိဒ္ဓိရှင် သာသနာပြု ပုဂ္ဂိုလ်များ သမထစခန်း အောင်မြင် ထွက်ရပ်လမ်းစဉ် ပြီးမြောက်၍ ခရီးပေါက်သော အခါတွင်လည်းကောင်း ဝိပဿနာ ပြီးမြောက် မဂ်ခေမာလမ်း သို့ ကြွလှမ်းသွားရောက်သောအခါတွင် လည်းကောင်း ဖြူဖွေးတောက်ပသည့် ရောင်ခြည်တော်ကွန့်မြူးကာ တန်ခိုးတော်ထူးခြားစွာ ထီးတော်မှပြခြင်း စသည်တို့ပင်တည်း။
ဆွမ်းဦးပုညရှင်စေတီတော်မြတ်၏ သမိုင်းနောက်ခံ

သုံးလူမြတ်ရှင်သဗ္ဗညုဘုရားသခင်သည် ဘုံသုံးပါး၌ နစ်မွန်း မျောပါလျှက်ရှိကြသော ဝေနေယျကြာ သတ္တဝါ အပေါင်းတို့အား သနားခြင်း မဟာကရုဏာတော်မြတ်သည် ရှေးရှုပြဌာန်းတော်မူသည် ဖြစ်၍ တရားဒေသနာ အမြိုက်ဆေးဖြင့် တိုက်ကျွေးကယ်မတော်မူလို၍ ထိုထိုများစွာ မြို့ပြည်ရွာများသို့ အခါအားလျော်စွာ ခရီးဒေသ စာရီ ကြွချီတော်မူမြဲ ဖြစ်လေသည်။

မြတ်စွာဘုရားသည် ကျိုက်ထီးရိုး မန်းစက်တော် စသည်တို့ကဲ့သို့ စစ်ကိုင်းတောင်သို့လည်းဝါတော် (၂၀)ကျော် အခါကပင် ကြွရောက်တော်မူလာပြီးလျှင် စစ်ကိုင်းတောင်ရိုးမှ ဌာနကြီးအသီးသီးတို့ကို ဗျာဒိတ်တော် ထားတော် မူခဲ့ခြင်းပင် ဖြစ်လေသည်။ ဘုရားရှင်တို့မည်သည်လည်း အနာဂတံသ ဉာဏ်တော်မြတ်ဖြင့် မပြတ် ရှုကြည့်တော်မူပြီးမှ နောင်အခါ သာသနာတော် တည်ထွန်းပြီး သာသနာတော် စည်ပင်ပျံ့ပွားမည့်ဒေသသို့ သာ ဒေသစာရီ ကြွချီတော်မူလာမြဲ ဖြစ်လေသည်။ ယင်းသို့ ဘုရားရှင်ကိုယ်တော်တိုင် သာသနာ့အောင်မြေ အဖြစ်ဖြင့် အောင်မြေနင်းတော်မူခဲ့သော တောင်ထူးတောင်မြတ် ဖြစ်၍လည်း ဓာတ်မွေသရီ အဆူဆူတို့ ကိန်းဝပ်ရာ ဖွေးဖွေးဖြူသောစေတီ အဆူဆူတို့သည်လည်း သူမတူအောင် ပေါများလှပေရာ စစ်ကိုင်းတောင် ဗျိုင်းကောင်နှင့် တူသလေး ဟူ၍ပင် စာဖွဲ့ထားရပေသည်။

ထိုအဆူဆူသော စေတီတော်မြတ်များနှင့်အတူ ရဟန်းတော်တို့ သီတင်းသုံးရာ ကျောင်းများနှင့် သီတင်းသည် သီလရှင်တို့၏ ချောင်များကလည်း စစ်ကိုင်းတောင်ကို ကွက်လပ်မရှိအောင် ဖုံးအုပ်လုမတတ်ပင် ပေါများ လှပေသည်။ ယင်းသည် ရှုခင်းကို စစ်ကိုင်းတောင်ရိုးကြီးတွင် အရှေ့ဘက်နှင့် တောင်ဘက်မျက်နှာစာ အထူး သဖြင့် ပုညရှင်စေတီတော်ကြီး၏ စောင်းတန်းအသွယ်သွယ်တို့တွင် တွေ့မြင်နိုင်ပေသည်။ ယင်းသို့သော သာသနာ့ဗိမာန်ဆောင် သာသနာ့မီးရှူး တန်ဆောင်ဖြစ်ကြသော ကျောင်းကန် ဘုရား ပုထိုး ဂူ ဥမင်တို့မှာ လည်း ယခုခေတ်ကျမှ ရုတ်တရက် ပေါ်ပေါက်လာခြင်းမျိုး မဟုတ်ဘဲ ရာဇဝင်နှင့်ချီပြီး ရှေးကျသည့် အချိန် အခါကပင် ရှိနှင့်ပြီးဖြစ်၍ စစ်ကိုင်းတောင်ရိုးကြီးကို သာသနာ့ နယ်မြေအဖြစ်ဖြင့် အသိအမှတ်ပြုခဲ့သော အစဉ် အလာသည် ရှေးကျလှပြီဟု ဆိုရမည်ဖြစ်လေသည်။ ယနေ့စစ်ကိုင်းတောင်ရိုးတွင် ချောင်ပေါင်း (၅၀၀) ကျော် မျှရှိနေခြင်းဖြင့် စစ်ကိုင်းတောင်၏ သာသနာ့ရောင်သည် တိုးတက်ထွန်းပြောင်လျက် ရှိနေဆဲဖြစ်ကြောင်း ခန့်မှန်းနိုင်ဖွယ်ရာပင်ဖြစ်လေသည်။

စစ်ကိုင်းတောင်၏ ကိုယ်စားပြု ပုညရှင်တောင်

ဤသို့သော ဂုဏ်ထူးဝိသေသတို့နှင့် ပြည့်စုံသော စစ်ကိုင်းတောင်ကြီးတွင် ပုညရှင်တောင်သည် တစ်တောင် အပါအဝင်ဖြစ်လေသည်။ စင်စစ်အားဖြင့် တောင်ပေါင်း (၃၀)ကျော်ရှိသည့်အနက် ပုညရှင်တောင် တစ်တောင်တည်းကပင် စစ်ကိုင်းတောင်၏ ကိုယ်စားပြုရာကဲ့သို့ စစ်ကိုင်းတောင်ဆိုလျှင် ပုညရှင်တောင်ပါ ပါဝင်ပြီးဖြစ်၍ ပုညရှင်တောင်ဆိုလျှင်လည်း စစ်ကိုင်းတောင်ကိုပင် ရည်ညွှန်းပြီးခေါ်ဆိုကြောင်း အများနား လည်ကြပြီး ဖြစ်လေသည်။ စစ်ကိုင်းတောင်ဘက်သို့ ဧရာဝတီမြစ်တွင်းမှ ဖြစ်စေ သို့မဟုတ် စစ်ကိုင်းတံတား ကြီးပေါ်မှ ဖြစ်စေ ကူးလာကြရာ၌ ဧရာဝတီမြစ်အတွင်း တစ်နေရာရာမှဖြစ်စေ စစ်ကိုင်းတံတားပေါ်မှဖြစ်စေ စစ်ကိုင်းတောင်ကို ရှုမျှော်ကြည့်လိုက်လျှင် စစ်ကိုင်းတောင်အားလုံးတို့တွင် ပုညရှင်တောင်သည် ရှေ့တန်း မျက်နှာစာက အပေါ်လွင်ဆုံး အမြင်သာဆုံးဖြစ်နေသည်ကို လူတိုင်းမြင်တွေ့ခဲ့ဘူးကြမည် ဖြစ်လေသည်။ ယင်းသို့သောရှုခင်းမျိုးကို ရှေးအင်းဝခေတ်ကပင် စာဆိုတော်ကြီးများကလည်း ရှုခဲ့မြင်ခဲ့ကြဖူးပုံကို ကဗျာ ကောက်နုတ်ချက် တစ်ချို့ဖြင့် တင်ပြပေသည်။

သက္ကရာဇ် ၁၁၁၃-ခုနှစ် ဟံသာဝတီရောက် မင်းတရားကြီး၏ စစ်ကိုင်းဘက်မှ ဘုရားပုထိုးများကို လွမ်းဆွတ် တသ အမှတ်ရသည့်အနေဖြင့် တမ်းချင်းကဗျာဖွဲ့ဆိုခဲ့သည်။

အနှစ် ၄၀၀ခန့်မျှ ကြာရှည်ခဲ့ပြီဖြစ်သော အင်းဝညောင်ရမ်းဆက်ခေတ်မှ အနောက်ဘက်လွန်မင်းတရား လက်ထက်တွင် ထင်ရှားသော စာဆိုတစ်ဦးဖြစ်သည့် မင်းဇေယျရန္တမိတ်ကလည်း အင်းဝမြို့တောမှ စစ်ကိုင်းတောင်ဆီသို့ ရှုမြင်ရပုံကို စပ်ဆိုဖော်ပြထားလေသည်။

စာဆိုတော် ရှင်ထွေးနာသိန် တောင်ငူမြို့မှနေ၍ ညနေဆည်းဆာတွင် ပုညရှင်တောင်ကို အဝဘက်မှ လှမ်းမြင်ရပုံ စပ်ဆိုထားလေသည်။

ဘုရားရှင် (၄)ဆူတော်တို့လက်ထက်မှ ပုညရှင်တောင်
(၁) ကကုသန်ဘုရား လက်ထက်တော်၌ သေလာပဗ္ဗတောင်
(၂) ကောဏာဂုံ ဘုရားရှင် လက်ထက်တော်၌ ဝင်္ဂစာရတောင်
(၃) ကဿပဘုရားရှင် လက်ထက်တော်၌ ဓမ္မိကတောင်
(၄) ဂေါတမဘုရားရှင် လက်ထက်တော်၌ ရဟန္တာ နာဂဒတ္တမထေရ် နေဖူးသောကြောင့် နာဂဒတ္တတောင် ၄င်းနောက် ငဖားတောင်တွင်၍ ကာလရွေ့လျှင် ပုညအမတ်၏ စေတီတော်ကိုစွဲ၍ ပုညရှင်တောင် စစ်ကိုင်းတောင်ညွှန်းကျမ်းတွင် ပြဆိုထားလေသည်။ ယင်းတောင်ညွှန်းကျမ်း အလိုအားဖြင့် ပုညရှင်တောင် သည် ဤဘဒ္ဒကမ္ဘာနှင့်အတူ ကမ္ဘာဦးကပင် ပေါ်ထွန်းရှိနေနှင့်ပြီး ဖြစ်သော အဓိကရတောင်ထူးတောင်မြတ် တစ်လုံးပင်ဖြစ်ပေသည်။






သမိုင်းတစ်စကို ခွန်းဟနေသည့်အပြင် တစ်ဖက်တစ်လမ်းက ဘဏ္ဍာငွေရှာပေးနေသော ရွှေဖားရုပ်ကြီး
  ဘုရားလောင်းယုန်မင်းဘဝ၌ ပုညရှင်တောင်ပေါ်ဝယ် ကျင်လည်ကျက်စားခဲ့ပုံ အသံတိတ် ယုန်မင်းရုပ်ထု
                                      သဘာဝရှုခင်းလေးတွေကိုလည်းမှတ်တမ်းရိုက်ခဲ့တယ်
ကောင်းမှုတော်ဘုရားကြီး
                                                
သဗ္ဗေပုရန္တုသင်္ကပ္ပါ-ရတနာပူရ အဝရွှေပြည်တော်ကြီးကို စိုးစံအုပ်ချုပ်တော်မူသော သာသနာ့ဒါယကာ သီရိ သုဓမ္မရာဇာမဟာဓိပတိ ဘဝရှင်သာလွန်မင်းတရားကြီးသည် သမိုင်းလင်္ကာကျောက်စာအရဂေါတမမြတ်စွာ ဘုရားရှင် လက်ဝဲအောက်စွယ်တော်စစ်နှင့် တကွ များပြားလှစွာသော ဓာတ်တော်မွေတော် ဌာပနာ တို့ဖြင့် တင့်တယ်ခမ်းနား ကြီးမားအံ့သြဖွယ်ရာ သက္ကရာဇ် ၉၉၈-ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သော ရာဇမဏိ စူဠာကောင်းမှုတော် စေတီတော်မြတ်ကြီးဖြစ်လေသည်။

ဌာပနာတော်များမှာ-
ရွှေသား ငွေသား မိုးကြိုး ပတ္တမြားနီ ပတ္တမြားစစ် မြ ပယင်း ဂေါ်မိတ် ဥဿဖယား ပဉ္စလောဟာ စန္ဒရကန် နဂါးသွဲ့ နဂါးရစ် နဂါးဝင် မောရဂီဝါ ကျောက်သား သာမည ပေါင်းရုပ်ထုတော် အစရှိသော ရုပ်ထုတော်များ။

ရွှေသား ငွေသား မိုးကြိုး မြ ပယင်း စန္ဒရကန် နဂါးရစ် ကြေး သာမည ပေါင်းစေတီတော် စသည့်စေတီတော် များ။

မွေရှင်တော် ပုလဲမွေတော် မဟိယင်္ဂနု ဆတောင် ပင်ဆင် ရွှေဝါ တဂေါင်းကြီး တဂေါင်းသေး လိဝသု ဆပ်သွား ၊ရွှေဥမင် မောဂ္ဂလန် ဝါလုက အရှေ့သပ္ပာယ် စင်ကြပ် မြောက်အိုး စကတောင် ရေပူဓာတ် ခွင်ဓာတ် မျက် ကွင်းဓာတ် သာမည စရွတ်သေး စရွတ်ရွှေပန်းခိုင် ငွေပန်းခိုင် ပယင်းဆီမီး ရွှေဆန် အစရှိသော မွေတော် ဓာတ်တော်များ ထိုသို့်များစွာအဖြာဖြာတို့ကို ဌာပနာတိုက် (၇)တိုက်ဖြင့် သိုက်မြိုက်စွာ ဌာပနာတော်မူလေ သည်။









ကံတလူဘုရား
                                                               











ဒီတစ်နေ့တာအတွက် ဘုရားဖူးကို ဒီလောက်နဲ့သာ ကျေနပ်ကြပါနော် နားနားပြီးဖူးကြပါလို့း)
လာရောက်အားပေးသူ စာဖတ်မိတ်ဆွေများ စိတ်ဓာတ်အစဉ်ကြည်လင်အေးမြချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz