x

25.9.11

နားနားပြီးဖူးကြနော်-၂


၁၅-၉-၂၀၁၁
ပြင်ဦးလွင်ကိုတက်ဖို့ ညီမရွှေစင် စစတို့နဲ့ချိန်းထားတာကြောင့် မနက်၈နာရီလောက်မှာ အိမ်ကနေထွက်မယ် အပြု ကျမအမျိုးသားက ချိန်းထားတဲ့အချိန်ကိုမေးတယ်။ ကျမလည်း ၈နာရီ ၄၅မိနစ်နဲ့ ၉နာရီကြားအတွင်း အရောက်သွားချင်တယ်ဆိုတော့ သူက ဒါဆိုရင် ညီမရွှေစင်တို့ နေတဲ့နေရာက အိမ်ကနေသွားရင် ၂၀မိနစ် ခန့် ကြာနိုင်တာကြောင့် ၈နာရီ ၃၀မိနစ်လောက်မှ သွားဖို့ကျမကို ပြောပါတယ်။ ကျမအမျိုးသားပြောသလို နာရီဝက်လောက်အိမ်မှာပဲ အချိန်ကိုကုန်လွန်စေခဲ့ပြီး ၈နာရီ ၃၀မိနစ်မှာ အိမ်ကထွက်လာခဲ့တယ်။ အဲ့ဒီနေ့မှ တခြားနေ့နဲ့မတူပဲ လမ်းမှာ ကုန်ကားတွေပိတ်၊ ရထားလမ်းပိတ်နဲ့ ၉နာရီ ၁၅မိနစ်လောက်မှ ရောက်သွား ပါတော့တယ်။ ညီမရွှေစင်(Shwe Zin U) စစ(စည်းစိမ်ရှင်) နတ်နတ်(နတ်ဆိုးလေး) တို့နဲ့ဆုံဖြစ်တယ်။ နတ်နတ် မအားတာကြောင့် ပြင်ဦးလွင်ကို ညီမရွှေစင် စစတို့နဲ့ပဲ ခရီးဆက်ခဲ့တယ်။ မောင်ဇော်သိင်္ခနဲ့ ကိုကိုးအိမ်တို့ လည်း အလုပ်တွေရှုပ်နေပုံရတယ် ဖုန်းလေးနဲ့ပဲ တွေ့ခဲ့ရတယ်း) ပြင်ဦးလွင်မတက်မီ အရသာရှိတဲ့ မန္တလေး မြီးရှည်ဆိုင်တစ်ဆိုင်မှာ ညီမရွှေစင်က လိုက်ကျွေးပါတယ်။ (ဘလော့ဂါမောင်နှမများ စာဖတ်သူများကို တိုးတိုးတိတ်တိတ် သတင်းပေးလိုက်ပြီနော်း))

မနက် ၁၀နာရီလောက်မှာ ပြင်ဦးလွင်ကို စတက်ခဲ့ကြတယ်။ ကျမမန္တလေးကို အလည်ရောက်တိုင်း မဖြစ်မနေ သွားတဲ့ နေရာတွေကတော့ မန္တလေး စစ်ကိုင်း ကျောက်ဆည် ပြင်ဦးလွင်ရှိ ဘုရားများနဲ့ ကျမမိခင်ရဲ့အုတ်ဂူ။ ဒီတစ်ခေါက် ညီမရွှေစင်တို့ပါလို့ထင်ပါရဲ့ အခါတိုင်းထက် ပိုပျော်နေမိတယ်။ ပြင်ဦးလွင် မရောက်ခင် ပန်းတွေ စုံညီပေါတဲ့ အနီးစခန်းမှာ ညီမရွှေစင်တို့ရဲ့ မောင်လေးအိမ်ကို ခဏဝင်ပြီးကော်ဖီသောက်ကြတယ်။ အိမ်လေး တည်ဆောက်ထားပုံက စိတ်ကူးယဉ်ဆန်တယ်။ ဒီလိုနဲ့ ပြင်ဦးလွင်ဖက်ကို ခရီးဆက်ခဲ့ကြတယ်။ ဖူးခွင့်ရသမျှ ဘုရားတွေကို အစဉ်အတိုင်းတင်သွားပေးပါ့မယ် စာဖတ်သူတို့ဖူးကြနော်။

ပြင်ဦးလွင်သို့ခရီးစဉ်






မဟာအံ့ထူးကံသာဆုတောင်းပြည့်စေတီတော်











ပွဲကောက်ရေတံခွန်
ပွဲကောက်ရေတံခွန်မှာ ဓာတ်ပုံတစ်ချို့တစ်ဝက် ရိုက်ရင်း ဘက်ထရီ အားကုန်သွားတာကြောင့် အားနာစွာနဲ့ စစရဲ့ကင်မရာကို ငှားရမ်းသုံးစွဲရပါတော့တယ်။ စစတစ်ယောက် ကွန်နက်ရှင် မကောင်းဖြစ်တဲ့ကြားကနေ ဓာတ်ပုံတွေကို ဆက်တိုက်ပို့ပေးခဲ့တာကြောင့် ဘုရားဖူးရင် စစအတွက်လည်းဆုတောင်းပေးကြအုံးနော်း)




  



ရေတံခွန်ကအပြန် ဗိုက်ဆာနေကြပြီမို့ တရုတ်ဆိုင်တစ်ဆိုင်မှာ ဝင်စားကြတယ် ကြက်သားတောက်တောက် ပုစွန်ချိုချဉ်နဲ့ ငါးခေါင်းဟင်းချို မှာစားတယ်။ စစက သက်သတ်လွတ်စားတော့ ကြက်ဥစပယ်ရှယ်ဆိုတာရယ် အစိမ်းကျော်ရယ်ပါ ထည့်မှာလိုက်တယ်။ လာစားတဲ့လူက လေးယောက် ဟင်းတွေအများကြီးမှာလို့ ဆိုင်ရှင် နဲ့စားပွဲထိုးက အံ့သြနေတယ်း)။ ဘယ်ရမလဲ ပိုတဲ့ဟင်းတွေ ပါဆယ်ထုတ်သွားတာပေါ့။ စာဖတ်သူတို့ကို ကျမ ကြိုတင်ပြီးသတိပေးထားချင်တာကြောင့် ဟင်းပွဲကိစ္စတွေကို ဒီပို့စ်မှာထည့်ရေးတာပါ။ ကြက်ဥစပယ်ရှယ် ဆိုရင်သတိထားပြီး မှာကြနော်း)) လူ ၈ယောက်လောက် စားလို့ရနိုင်တယ်လို့ ထင်ပါတယ်။


မဟာဆုတောင်းပြည့်နှီးဘုရားကြီး
မြန်မာ့တိုင်းရင်းသားများ ရှေးရိုးရာယဉ်ကျေးမှုလက်ရာဖြစ်သည့် နှီးဘုရားများအနက် အထင်ရှားဆုံးမှာကော ဇာသက္ကရာဇ် ၇၀၀ပြည့်နှစ်က ရှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်မြို့နယ် မိုင်းနှုန်းရွာ၌ တည်ထားကိုးကွယ်သော   နှီးဘုရားကြီး ဖြစ်ပါသည်။ ၄င်းနှီးဘုရားကြီးကို သိကြားမင်း အိပ်မက်ပေးသဖြင့် ဆရာတော် မဟာဂုရုနန္ဒ မထေရ်မြတ်ကြီး ဦးဆောင်၍ နယ်သူ/နယ်သား သူတော်ကောင်းများ စုပေါင်းတည်ထား ကိုးကွယ်ခဲ့ကြပါသည်
ဘွဲ့တော်မှာ သိကြားမင်းကိုယ်တိုင် ဝတ်ဖြူစင်ကြယ်ဝတ်၍ အဘိုးအိုတစ်ယောက်အသွင်ဖြင့် ပါဝင်ရက်လုပ် ထားမှုကြောင့် ရှမ်းတိုင်းရင်းသားများက ဖရားကျောက်အင်းဆံ (သိကြားမင်းကောင်းမှုတော်)ဟု ဘွဲ့တော် ဆက်ကပ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းအရ သိရပါသည်။ နှီးဖြင့်ရက်လုပ်ပြီး လက်ရာမြောက်၍ ကြည်ညိုဖွယ် ဖွယ်ကောင်းသည့် သမာဟိတမုဒြာ ဗုဒ္ဓဆင်းတုတော်ဖြစ်သည်။ ကိုးကွယ်ကြည်ညိုသူ နတ်လူဗြဟ္မာ သတ္တဝါ တို့၏ အကျိုးကို များစွာ ဖြစ်ထွန်းစေခဲ့ပါသည်။

ထိုနှီးဘုရားကြီးနည်းတူ ဆင်းရဲချမ်းသာမရွေး နှီးတစ်ချောင်း ဝါးတစ်ပင် ပါဝင်လှူဒါန်းရုံဖြင့် ဘုရားဒါယကာ အဖြစ် ခံယူနိုင်၍ ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေခြင်း အကျိုးငှာ ဖောင်းတောရွာဒေသ တွင် နှီးဘုရားကြီးတစ်ဆူ ပွင့်တော်မူနိုင်ရေးအတွက် ဘုရားဒါယကာ ဦးအောင်မြင့် (အငြိမ်းစားဗိုလ်မှူး) ဆရာမဒေါ်နန်းငွေ မိသားစုတို့မှ နယ်မြေဆရာတော်ကြီးများ၏ သြဝါဒကိုခံယူ၍ ဖရားကျောင်း အင်းဆံ နှီး ဘုရားကြီးသို့ သွားရောက်ဖူးမြော် အဓိဌာန်ပြုကာ နှီးဘုရားတည် သာသနာပြု ဗိသုကာဆရာကြီး လုံးအွန်ဆိုင် (တာချီလိတ်မြို့နယ် ဝှေလေလန်ရွာ)ကို ပင်ပန်းခက်ခဲစွာ ရှာဖွေပင့်ဆောင်ခဲ့ပါသည်။

ဆင်ခေါင်းကြီးကျောင်းဝင်း ညောင်ပင်ကြီးအောက်၌ ယာယီစံကျောင်းတော် ဆောက်၍ မြတ်ဗုဒ္ဓဒေသနာ ဓမ္မက္ခန္ဓာကို ရည်မှန်းပြီး ဝါး နှီး အလုံးပေါင်း ၈၄၀၀၀ကျော် စီမံပြုလုပ် အသုံးပြုကာ၁၃၆၆-ခု နတ်တော် လပြည့်နေ့မှစ၍ နယ်သူ/နယ်သားများနှင့်အတူ ဆရာကြီး လုံးအွန်ဆိုင် ဦးဆောင် ရက်လုပ်ပူဇော်ရာ ၁၃၆၆- ခု ပြာသိုလဆန်း (၁၄)ရက်နေ့ (တစ်လအတွင်း) ရက်လုပ်ပူဇော်မှု ပြီးစီးအောင်မြင်ခဲ့ပါသည်။ ထိုနေ့ နံနက် ယာယီစံကျောင်းတော်၌ပင် ပထမအကြိမ် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ ကျင်းပပူဇော်ကြပါ သည်။ စတင်ရက်လုပ်သည့်နေ့ နံနက်(၈)နာရီအချိန် ထူးခြားစွာ မြေငလျင်ကြီး ပြင်းထန်စွာလှုပ်၍ရက်လုပ်ဆဲ အချိန် မှာ ညောင်ပင်ကြီး အရှေ့ကိုင်းမှလည်း အံဖွယ်အခါမဲ့ အသီး(၈၄)လုံး သီးခဲ့ ပါသည်။

ကောဇာသက္ကရာဇ် ၁၃၆၇-ခု ကဆုန်လပြည့်နေ့၌ နှီးဘုရားကြီးကို ပတ္တမြားတောင် ဣစ္ဆာသယစေတီရင်ပြင် ဂန္ဓကုဋီစံကျောင်းအတွင်းသို့ အခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ ပင့်ဆောင်၍ ဒုတိယအကြိမ် ဗုဒ္ဓါ ဘိသေက အနေကဇာတင်မင်္ဂလာ ကျင်းပပူဇော်ကြပါသည်။






အိမ်ချက်မုန့်ဟင်းခါး
ကွန်နက်ရှင်စောင့်ရင်း ဓာတ်ပုံလေးတွေ တင်ရတာဆိုတော့ ထိုင်စောင့်ရတဲ့ အချိန်တွေကိုနှမြောလို့ အချိန်ပို ကို မုန့်ဟင်းခါး ချက်ပြီး တန်ဖိုးရှိရှိအသုံးချလိုက်တယ်း)) မုန့်ဟင်းခါးချက်နည်းလေးကို ‘ဒီနေရာလေးမှာ’ အရင်က အသေးစိတ် ရှင်းပြခဲ့ပြီးဖြစ်တာကြောင့် ဒီနေ့တော့ ချက်ထားတဲ့ မုန့်ဟင်းခါး လတ်လတ်ဆတ်ဆတ် ရဲ့ပုံလေးတွေပဲ တင်ပေးလိုက်ပြီနော်။ ဘုရားဖူးပြန်တွေ မောလာရင် မုန့်ဟင်းခါးလေးသုံးဆောင်ပါ။ နားနားပြီး ဖူးဘို့ရာ ဘုရားများကျန်သေးတာကြောင့် အားမွေးထားကြနော်။






စာဖတ်သူများအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz