28.9.11

နားနားပြီးဖူးကြနော်-၃


၁၆-၉-၂၀၁၁
မန္တလေး စစ်ကိုင်း ပြင်ဦးလွင်ဖက်က တစ်ချို့သောဘုရားများကို စာဖတ်သူတို့ဖူးခွင့်ရပြီးပြီမို့ ၁၆ရက်နေ့မှာ ကျမတို့ ကျောက်ဆည်ဘက်မှာရှိတဲ့ ဘုရားများဖူးဖို့ အလှည့်ကျလာပါတယ်။ ကျမရဲ့အိမ်ကနေ အဝေးဆုံး မှာရှိတဲ့ ကျောက်ဆည်တောင်ပေါ်မှာ တည်ထားကိုးကွယ်တဲ့ တောင်ပေါ်ဘုရားများကို အရင်ဆုံးခြေဦးလှည့်ခဲ့ ပါတယ်။ တောင်ပေါ်ဘုရားတွေရဲ့ ရာဇဝင်သမိုင်းကို ပြုစုနေဆဲမို့ ဘုရားပုံတော်တွေကို အဆင်ပြေသလိုပဲ ရိုက်ယူပြီး မျှဝေပေးလိုက်ပါတယ်။ အခေါက်ခေါက် အခါခါ ဖူးဘူးခဲ့ပေမယ့် အခုတစ်ခေါက်လောက်တော့ တစ်ခါမျှ  နှံ့နှံ့စပ်စပ် စိတ်ပါလက်ပါ ဓာတ်ပုံရိုက်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ မည်သို့သော ရှုခင်းမျိုးမြင်မြင် စာဖတ် သူတို့ကို သတိတရရှိပြီး မျှဝေလိုတဲ့ဆန္ဒက ပေါ်ပေါ်လာတာကြောင့် ဓာတ်ပုံလည်းအတော်လေးရိုက်ဖြစ်ခဲ့ ပါတယ်။ မယုံရင် ဖူးကြည့်ကြနော်း)
ကျောက်သင်္ဘောရဲ့ ရာဇဝင်ကို လက်ရှိတာဝန်ယူထားတဲ့ ဦးဇင်းထံကနေ အကြမ်းဖျင်း သိခဲ့ရတာတော့ ထိုကျောက်သင်္ဘောကြီးက ဒုတိယကမ္ဘာစစ်မတိုင်မီကပင် စတင်တည်ရှိပြီး ဖြစ်ခဲ့တဲ့အကြောင်းနဲ့ကျောင်းထိုင် ဆရာတော်ဟာ အခြားတစ်ရွာသို့ ဆွမ်းစားကြွသွားပြီး အပြန်မှာ မသမာလူတစ်စုရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း ဆရာတော်ရဲ့ ဓာတ်ကြွင်းများကို ပူဇော်ထားလျက်ရှိကြောင်းတို့ကို သိရှိခဲ့ရပါတယ် (အမှားများတစ်စုံတစ်ရာ လွဲချော်ခဲ့လျှင် ကျမအဓိပ္ပာယ်ကောက် လွဲတာသာဖြစ်ကြောင်း ကြိုတင်ပြီးဝန်ခံပါ တယ်)


ကျောက်ဆည်တောင်ပေါ်ဘုရား
                                                         ပြည်လုံးချမ်းသာရွှေတိဂုံစေတီတော် 

                                                                    ဆုတောင်းပြည့်ဘုရား
                                                                  ရွှေသာလျောင်းဘုရား
                                                                       မြသိန်းတန်ဘုရား
                                                                        မြသီတာဘုရား
                                                     သေလာဂီရိရန်အောင်မြင်စေတီတော်
                                                             အဘယမုဒြာမြတ်စွာဘုရားကြီး
                                                                 ကျောက်သင်္ဘောကြီး
             ဓာတ်တော်ကြွင်းတော်မူသော ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိသုဒ္ဓ 'ထူပါရုံ' စေတီတော်မြတ်ကြီး

တောင်ပေါ်ဘုရားဖူးပြီးတဲ့အခါမှာတော့ ကျောက်ဆည်မြို့ရဲ့ မြောက်ဘက်နှစ်မိုင်ခန့်အကွာတွင် ရှိသော သင်တောင်းကြီးရွာ၌ တည်ထားကိုးကွယ်ထားခဲ့သော ရွှေသိမ်တော်မြတ်စွာဘုရားကို ဖူးရန်အတွက် ဆက်၍ ထွက်ခွာလာပါတယ်။ မန္တလေးတိုင်း ကျောက်ဆည်မြို့ သင်တောင်ကြီးရွာမှာ တည်ထားကိုးကွယ် ထားသော အဓိဌာန်အောင် ဆုတောင်းပြည့် မဟာရွှေသိမ်တော်မြတ်စွာဘုရား သမိုင်းအကြောင်းကို ရေးလျှင် ချန်ခဲ့လို့ မရတဲ့ အနော်ရထာမင်းကြီးနဲ့ ရဟန္တာအရှင်အရဟံ အကြောင်း တစ်စိတ်တစ်ဒေသကိုပါ ထည့်သွင်းရေးသား ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာ သာသနာတော်မြတ်ကို ယုံကြည်သက်ဝင်သော ဗုဒ္ဓဘာသာနွယ် ဝင်တို့အနေဖြင့် သိသင့်သိထိုက်သော သမိုင်းကြောင်းတစ်ရပ်လည်းဖြစ်ပါတယ်။ ဘာသာခြားတို့အတွက် လည်း ဗဟုသုတအဖြစ်လေ့လာကြည့်ပါ။ (သိပြီးဖြစ်သည့်တိုင် ဗဟုသုတအဖြစ် နောက်တစ်ကြိမ်လောက် ဖတ်ကြည့်ကြပါလို့ တိုက်တွန်းပါရစေနော်)

မဟာရွှေသိမ်တော်ဘုရားသမိုင်း

အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ရွှေသိမ်တော်မြတ်စွာဘုရားမှာ ကျောက်ဆည်မြို့မြောက်
ဘက် သင်တောင်ကြီးရွာတွင် သီတင်းသုံးပါသည်။ ရွှေသိမ်တော်မြတ်စွာဘုရားမှာ ဘုန်းတန်ခိုးကြီးမြတ်လှ ပါသည်။ သိမ် သမုတ်တော်မူခဲ့သော ပုဂ္ဂိုလ်မှာလည်း မင်းကြီးကိုးကွယ်ခဲ့သော အရှင်ဓမ္မဒဿီခေါ် ရှင်အရဟံ ဖြစ်ပါ သည်။ မင်းကြီးမှာလည်း ပထမ မြန်မာနိုင်ငံတော်ကို အောင်မြင်စွာ တည်ဆောက်နိုင်သူ အရည်းသာသနာကို ဖယ်ရှား၍ ထေရဝါဒ ဗုဒ္ဓသာသနာကို ထွန်းကားစေခဲ့သူ ဖြစ်ပါသည်။ ဤသို့သော ပုဂ္ဂိုလ်ထူးနှစ်ဦး ကိုးကွယ် ခဲ့သော သိမ်တော်ဖြစ်ပါသည်။
အရှေ့ဘက်သို့ မျက်နှာမူ၍ မုခ်တစ်ခုတည်းသာရှိသော စေတီတော်ဖြစ်ပါသည်။ မုခ်ထဲတွင်ဆုတောင်းပြည့် ၊ရွှေသိမ်တော်မြတ်စွာဘုရား ကိန်းဝပ် စမ္ပါယ်တော်မူပါသည်။ သင်တောင်းကြီးရွာသည် ရွှေသိမ်တော် မြတ်စွာ ဘုရားနှင့်တွဲလျက် ခွဲမရသော ရွာဖြစ်ပါသည်။ သင်တောင်းကြီးရွာကား ခရာဇ်သက္ကရာဇ် ၁၀၄၄ မှ ၁၀၇၇ အထိ နန်းစံသွားသော အနိရုဒ္ဓဒေဝ ခေါ် အနော်ရထာမင်းကြီး တည်ထောင်သွားသော လယ်တွင်းဆယ့်တစ် ခရိုင်တွင် တစ်ခရိုင် အပါအဝင်ဖြစ်ပါသည်။ လယ်တွင်းဆယ့်တစ်ခရိုင်မှာ ပင်လယ်၊ မြစ်မနား၊ မြစ်သား၊ မြင်း ခုံတိုင်၊ ယမုံး၊ ပနံ၊ မက္ခရာ၊ တပြက်သာ၊ သင်တောင်း၊ တမုတ်၊ ခံလူးတို့ဖြစ်ကြပါသည်။ ထိုစဉ်က ခရိုင်ကို ခရိုန်ဟူ၍လည်းကောင်း ရွာဟူ၍လည်းကောင်း ခေါ်ကြခြင်းထောက်၍ ရွာနှင့်ခရိုန်မှာ အဆင့်တူဖြစ်ပါသည်။
အနော်ရထာမင်းကြီး နန်းတက်သောအခါ မြန်မာနိုင်ငံသည် စုစည်းမှုမရှိပါ။ ဝါးအစည်းပြေသကဲ့သို့ တစ်နယ် တစ်မင်း အုပ်ချုပ်နေခဲ့ပါသည်။ ပုဂံဝန်းကျင်လောက်သာ အာဏာသက်ရောက်မှု ရှိခဲ့သည်။ မင်းကြီး၏ ထက် သန်သော စေတနာ၊ ကြီးမားသောလုံ့လ၊ ဝီရိယ၊ ဇွဲ၊ သတ္တိ၊ အားမာန်တို့နှင့် ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်ခဲ့သည်။ အခက်အခဲ အကြပ်အတည်းပေါင်း များစွာကို ကျော်ဖြတ်ခဲ့ရသည်။ သာသနာတော် ညစ်နွမ်းနေခြင်းကား မင်းကြီးစိတ်ကို ပင်ပန်းစေသည်။ အဆိုးဆုံးမှာ အရည်းကြီးသုံးကျိပ်နှင့် အတူတကွ တပည့်ခြောက်သောင်းတို့၏ အစုအခဲကြီးဖြစ်ပါသည်။ ယင်းတို့၏ ကိလေသာကုန်ခြင်း အတတ်ပညာမှာ တုံးခုန်ခြင်း၊ ဇယ်ခတ်ခြင်း၊ ကြိုးခုန်ခြင်း၊ ရေငုတ်ခြင်း၊ မီးလှုံခြင်း၊ ဆင်စီးခြင်း၊ မြင်းစီးခြင်း၊ ဓားခုတ်ခြင်း၊ လှံထိုးခြင်း စသည်တို့ဖြစ်ကြပါသည်။
မည်သို့ဆိုစေ ထိုအကျင့်တို့မှာ ထိုခေတ်စစ်ရေးအကျင့်များ ဖြစ်ပါသည်။ မည်သည့်မင်းမျှ အရည်းတို့ကို မကျော်လွှားနိုင်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အံမတုဝံ့သည်မှာ သေချာပါသည်။ အရည်းတို့၏ အဆိုးဆုံးဝါဒမှာ လူမှုရေးဖောက်ဖျက်သည့် စက်ဆုတ်စရာကောင်းသော ပန်းဦးပန်ခြင်းဖြစ်သည်။
အနော်ရထာမင်းကြီးကား ကြီးမားသော စည်းရုံးရေးစွမ်းအားနှင့် စစ်ရေးတည်ဆောက်ခဲ့သည်။ ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးစသော စစ်သူကြီးလေးဦး အကူအညီနှင့် နိုင်ငံတော် တည်ဆောက် ခဲ့သည်။ နိုင်ငံတော်၏ တစ်စုတစ်စည်းတည်းသော ကိုးကွယ်ယုံကြည်မှုကိုလည်း သထုံမှ ကြွလာသော ရှင်ဓမ္မ ဒဿီခေါ် ရဟန္တာအရှင်အရဟံ၏ အကူအညီ ဦးဆောင်မှုဖြင့် ထေရဝါဒ ဗုဒ္ဓသာသနာ၌ တစ်နိုင်ငံလုံးတွင် တည်စေခဲ့သည်။ မှားယွင်းသော မိစ္ဆာအယူကို ဖယ်ရှားလိုသော အနော်ရထာမင်းကြီး၏ ပြင်းထန်သော ဆန္ဒတော်ကို ရှင်အရဟံသိတော်မူ၏ စေတနာ၏ စေ့ဆော် တိုက်တွန်းမှုကြောင့် ထိုအချိန်က မိစ္ဆာအယူ လွှမ်းသော ပုဂံနိုင်ငံတော်သို့ တစ်ပါးတည်းကြွချီလာ၏။ အဖော်မပါ။ ဗုဒ္ဓ၏ မှန်ကန်သော တရားတော်၊ သဒ္ဓါ၊ သီလ၊ သမာဓိ၊ ပညာ၊ ဝီရိယအဖော်တို့သာပါ၏။ ကြီးမားသော ထုထည်နှင့် ရပ်တည်နေသော အရည်းတို့၏ မလိုမုန်းထား ရန်လိုမှုကို ခံရနိုင်ပါ၏။ အသက်ကိုပင် အန္တရာယ်ပြုနိုင်သည်ကို ကောင်းစွာသိတော်မူ၏။ အနော်ရထာမင်းကြီးသာ ပါရမီ မရင့်သန်ပါက မင်းကြီးနှင့် တွေ့လျှင်တွေ့ခြင်း နန်းတော်ထဲတွင်ပင် အသက်ပျောက်သွားနိုင်၏။ အနည်းဆုံး လက်မခံဘဲ ပစ်ပယ်ထားနိုင်၏။
ဤသို့သော အခက်အခဲပေါင်း အမြောက်အမြားကို ဖြတ်ကျော်လာသော သာမန်မဟုတ်သော ပုဂ္ဂိုလ်ထူးဖြစ် ၏။ မိမိအသက်ကို ဖက်ရွက်မျှ တန်ဘိုးထားတော်မမူ။ မုဆိုးမှတဆင့် မင်းကြီးနှင့်တွေ့သောအခါ အကျွတ် တရားရစေသော ပုဂ္ဂိုလ်။ တစ်ပြည်လုံးကို မှန်ကန်သော ထေရဝါဒ၌ တည်စေသောပုဂ္ဂိုလ်။ တစ်နိုင်ငံလုံးသို့ မင်းကြီးတိုင်းခန်းလှည့်လည် သွားရာတွင် သာသနာတည်စေသော ပုဂ္ဂိုလ်။ မင်းကြီးတည်ဆောက်သော စီးပွားရေး နယ်ပယ်တော်တို့တွင် ဘုရားတည်စေသောပုဂ္ဂိုလ်။ ကျောင်းဆောက်၍ သာသနာပြုစေသော ပုဂ္ဂိုလ်။ ဝေးလံသီခေါင်သော အရပ်တို့သို့ကြွကာ သာသနာပြုတော်မူသော ပုဂ္ဂိုလ်။ မင်းကြီးအား လမ်းညွှန်ပေးတော်မူသော ပုဂ္ဂိုလ်။ သာသနာတော်အား  စောင့်ရှောက်သော တစ်ပြည်လုံးကိုကယ်တင်သော ပုဂ္ဂိုလ်။ ထိုအရှင်မြတ်ကား ယနေ့ထိလည်း ကယ်တင်ဆဲဖြစ်၏။ ရဟန္တာအရှင်အရဟံ၏ ဂုဏ်တော် ၊ကျေးဇူးတော် တို့ကို တင်ပြရလျှင် ကုန်နိုင်ဖွယ်မရှိပါ။ ကြည်ညိုဖွယ် အတိသာဖြစ်၏။
အနော်ရထာမင်းကြီးသည် သာသနာတော်ကို သက်ဝင်ယုံကြည်လွန်းသောကြောင့် ရောက်ရာအရပ်မှာ အကြောင်းအမျိုးမျိုးနှင့် ကိုးကွယ်ရန် စေတီတော်များ တည်ခဲ့ပါသည်။ လင်္ကာဒီပခေါ် သီဟိုဠ်ကျွန်းခေါ် သီရိ လင်္ကာကျွန်းမှ ပင့်လာသော စွယ်တော်ပွားကို နန်းဦးတွင် စွယ်တော်တိုက်နှင့်ထားကာ ကိုးကွယ်ခဲ့လေ သည်။  နောင်မှပြည်သူအများ ကိုးကွယ်နိုင်စေရန် အရှင်အရဟံ၏ မေတ္တာရပ်ခံ တိုက်တွန်းချက်အရ စွယ်တော်ကို ဆင်ဖြူတော်ပေါ်တင်ကာ ဆင်ဖြူဝပ်ရာတွင် ဘုရားတည်မည်ဟု အဓိဌာန်နှင့်လွှတ်ရာ ဆင်ဖြူတော်ဝပ်ရာ နေရာတိုင်းတွင် ဘုရားများတည်ထားခဲ့သည်။
ယင်းစေတီတော်တို့မှာ ရွှေစည်းခုံ၊ တန့်ကြည်တောင်၊ လောကနန္ဒာ၊ တူရွင်းတောင်၊ ရွှေသာလျောင်းတောင် ၊ ပြက္ခရွေတောင်တို့တွင် စေတီတစ်ဆူစီ တည်ထားကိုးကွယ်ခဲ့သည်။ လယ်တွင်း ဆယ့်တစ်ခရိုင်တို့တွင် ရွှေဂူ ကြီးဆယ့်တစ်ဆူအပြင် ကျောက်ဆည်မြို့နှင့် မြစ်သားမြို့တို့မှာ ဆည်တော်နံရွှေမုဌော စေတီတစ်ဆူ တည် ထားကိုးကွယ်ခဲ့သည်။ ကျောက်ဆည် အနောက်ဘက် ညောင်ရွေရွာအနီးတွင် ရွှေဆပ်သွားဘုရားကိုလည်း တည်ထားခဲ့ပါသည်။
လုပ်ငန်းများ မရပ်မနား ဆောင်ရွက်နေစဉ် ယခု ဖားလင်ပိုးဘုရား နေရာတွင် ယာယီနန်းတော် တည်ဆောက် ၊နေထိုင်ခဲ့သည်။ တစ်ညတွင် တဲတော်အောက်မှ သည်းထန်စွာ အော်မြည်သော ဖားအော်သံကို ကြားရသည်။ မင်းကြီးက မေးသောအခါ ဟူးရားဖြူ ဟူးရားညိုတို့က ဖားမက လင်ဖားသေကောင်ကို ကျောပိုးပြီး အော် သံဖြစ်ကြောင်း မင်းကြီးအတွက် အတိတ်နိမိတ် မကောင်းကြောင်း လျှောက်ထားကြသည်။ တဲအောက်တူး ကြည့်ရာ ပုဏ္ဏားတို့ဟောသည့်အတိုင်း တွေ့ရသည်။ မင်းကြီးသည် သေရမည့်ဘေးကို စိတ်ပင်ပန်းမှုမရှိဘဲ “ဆည်တော်နံဖားလင်ပိုး” ဘုရားကို အပြီးတည်ပြီး ဆောင်ရွက်စရာ ကိစ္စများပြီးမှ ပုဂံသို့ပြန်သွားခဲ့သည်။ ‘သရပါ’ တံခါးမဝင်မီ အောင်သညဖြစ်ခြေ၌ ကျွဲရိုင်းနှောက်ယှက်သောကြောင့် ပြည်သူများ စိတ်အေးချမ်းစွာ မနေရဟု လျှောက်ထားလာသောကြောင့် ပုဂံနေပြည်တော်အတွင်းသို့မဝင်ဘဲ ဧရာဝတီမြစ်ကိုကူးကာအောင် သာမြစ်ခြေသို့သွားသည်။ ယင်းတိုက်ပွဲတွင် မင်းကြီးကျဆုံးသည်။ တပ်တော်နှင့် နိုင်ငံတံတလျားသာမက အိမ်နီးချင်းနိုင်ငံများကိုပါ အောင်မြင်ခဲ့သော မင်းကြီးမှာ ပြည်သူတို့ကို ကိုယ်တိုင်ကာကွယ်ပေးချင်သော ဆန္ဒတော်ကို မထိန်းဘဲတိုက်သောကြောင့် မင်းကြီးကျဆုံးရခြင်း ဖြစ်သည်။ နိုင်ငံတော်တွက် ဘက်စုံ တည်ဆောက်မှုကို မရပ်မနား ဆောင်ရွက်တော်မူ၍ ပင်ပန်းလွန်းခြင်း၊ ခရီးရှည်ချီတော်မူလာရခြင်း၊ သက်တော်ကြီးရင့်ခြင်း၊ အနိစ္စသဘောကို မလွန်ဆန်နိုင်ခြင်းတို့ကြောင့် မင်းကြီးကံတော်ကုန်ရခြင်းဖြစ်သည်။
သစ္စာကြီးမားတော်မူသော မင်းကြီးသည် ပြည်သူပြည်သားများ အကျင့်ပျက်ပြားမှုများမှ ကာကွယ်ရန် သာသနာတော်ကို အားထားခဲ့သည်။ ထို့ကြောင့်ပင် ဤရွှေသိမ်တော်ကို တည်ထားကိုးကွယ်စေခဲ့သည်။ အတူမရှိသော ဘုရားရှင်၏ တန်ခိုးတော်၊ သီလ၊ သမာဓိ၊ ပညာ အားကြီးတော်မူသော အရှင်အရဟံ၏ သိက္ခာတော်တို့နှင့် အားဖြည့်လိုက်သောအခါ မင်းကြီး၏ စေတနာမှာ ပိုမိုပီပြင်လာသည်။ ရွှေ သိမ်တော် ဘုရားမှာ လျှမ်းလျှမ်းတောက် တန်ခိုးထက်မြက်တော်မူသည်။ ဤမင်းကြီး မည်သည့်နေ့ရက်က တည်ထားခဲ့ သည်ဆိုသော သမိုင်းကို ဖော်ပြနိုင်သော ကျောက်စာတိုင်မှာ ဦးနုလက်ထက်တွင် ပျောက်ကွယ်သွားသဖြင့် အတိအကျမသိနိုင်တော့ပါ။ အခြားဒေသမှ ပုဂ္ဂိုလ်များ ကြိမ်ဆိုကြသောအခါ မိုးကြိုးပစ်ပါစေ၊ မြွေကိုက် ပါစေ၊ မြေမြိုပါစေ၊ လူညွန့်တုံးပါစေ အစရှိသဖြင့် ကျိန်ဆိုကြပြီး ဤဒေသမှ ပုဂ္ဂိုလ်တို့မှာ ထိုကျိန်ဆိုချက်များ အပြင် ‘ရွှေသိမ်တော်စူးပါစေ’ ဟုလည်း ကျိန်ဆိုကြပါသည်။ သို့သော် ဒေသသား အများစုမှာ ဤကျိန်ဆိုချက် ကို သတိထားရှောင်ရှားကြသည်။

ရွှေသိမ်တော်မြတ်စွာဘုရား စေတီတော်ကို အနော်ရထာမင်းကြီး တည်ထားခဲ့စဉ်က ဉာဏ်တော် ၉-တောင် မျှသာရှိသည်။ ၁၃၀၉-ခုနှစ်တွင် ရွာသူရွာသားများ ကောင်းမှုဖြင့် ဉာဏ်တော် ကိုးတောင်ကို ငုံကာ ဉာဏ်တော် ၁၅-တောင် မြှင့်တင်ကာ ဒုတိယအကြိမ် တည်ထားကိုးကွယ်ကြပါသည်။ သက္ကရာဇ် ၁၃၅၆-ခုနှစ် တွင် သင်တောင်းရွာသူရွာသားများ ကျောက်ဆည်နယ်သူနယ်သားများ အခြားဒေသမှ ပုဂ္ဂိုလ်များအပါအဝင် အများကောင်းမှုဖြင့် ဉာဏ်တော် ၁၅-တောင်ကိုငုံကာ ဉာဏ်တော် ၃၄-တောင်အမြင့်သို့ မြှင့်ကာ ပူဇော်ခဲ့ ကြပါသည်။ ဖိနပ်တော် ကုလားကျောင်းခံ ၄-ပေမြင့်ပါသည်။ ရွှေသိမ်တော်နှင့် မဟာရွှေသိမ်တော်မှာ တစ်ဆူ တည်းပင်ဖြစ်ပါသည်။ အရှင်အရဟံ ရဟန္တာမြတ် ကိုယ်တော်တိုင် သမုတ်ခဲ့၍ အနော်ရထာမင်း ဆက်ကပ် ခဲ့သော ဘွဲ့တော်မှာ ‘ရွှေသိမ်တော်’ ဖြစ်ပါသည်။ ယခု ဂေါပကအဖွဲ့မှ မဟာရွှေသိမ်တော်ဟု ‘မဟာ’ ဘွဲ့ကို ထပ်မံ ကပ်လှူခြင်း ဖြစ်ပါသည်။
ယခုလက်ရှိအခြေအနေတွင်လည်း မဟာရွှေသိမ်တော်မြတ်စွာဘုရားအား လာရောက်ပူဇော်ကြသော လူ အများစုတို့သည် သစ္စာအဓိဌာန်ဝင်၍ မိမိလိုရာ အကြောင်းကိစ္စ အဝဝတို့အား တောင်းဆုများပြုကာ ဘုရားပွဲ များပေးသည်ကို လေ့လာတွေ့ရှိရသလို အဓိဌာန်အောင်သူများကလည်း အဓိဌာန်အောင်ပွဲများလည်း လာ၍ ကပ်လှူပူဇော်ကြသည်ကို တွေ့ရှိရပါသည်။ အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြားသိမြင်သော သူတော်စင်အပေါင်းတို့အပါအဝင် လူမျိုး ၁၀၁ပါးတို့ပူဇော်ထိုက်သော ရွှေသိမ်တော်မြတ်စွာဘုရားအား လမ်းကြုံလျှင်ဝင်ရောက် ဖူးမြှော်ပူဇော်နိုင်ကြစေရန် ရည်သန်၍ မဟာရွှေသိမ်တော် မြတ်စွာဘုရားသမိုင်း အား စေတနာအရင်းခံဖြင့် ပြန်လည်မျှဝေပေးလိုက်ရခြင်းဖြစ်ပါသည်။

ပေါ်တော်မူမြတ်စွာဘုရား
မဟာရွှေသိမ်တော်ကနေအပြန်မှာ ဖောင်တော်ဦးအဓိဌာန်ဆုတောင်းပြည့် ပေါ်တော်မူမြတ်စွာဘုရားသို့ ဆက်လက်သွားရောက် ဖူးမြှော်ပါတယ်။

ထူးခြားချက်ကတော့ ရေအောက်ကနေ အရိပ်ပြန်ထင်နေခြင်းဖြစ်ပါတယ်။ အရိပ်ထင်ခြင်းမှာ တင်ထားသော ရုပ်ထုများရဲ့ အရိပ်ကို အလယ်တွင်ထားသည့်တိုင် အောက်တည့်တည့်မှ အရိပ်ပြန်ပေါ်နေခြင်းမျိုးဖြစ်ပါသည် အကယ်၍ မိမိကိုယ်တိုင်ရေခွက်တစ်ခွက်ဖြင့် ထိုရေကို ခပ်ယူခဲ့ပြီး စမ်းသပ်ကြည့်လျှင်လည်း ထိုသို့ပင် အရိပ်ထင်နေမည်ကို ထူးခြားစွာတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
 
ဒုတ္ထဝတီမြစ်
မြွေဘုရား
ပေါ်တော်မူကနေအပြန်မှာတော့ ပလိပ်မြို့မှာရှိတဲ့ မြွေဘုရားကို သွားရောက်ဖူးမြှော်ဖြစ်ပါတယ်။ ကျမတခြား ဘုရားတွေကို ပုံမှန်ဖူးဖြစ်ခဲ့သည့်တိုင် မြွေဘုရားကိုတော့ ဧည့်သည် ဆွေမျိုးများလာလည်တဲ့အခါမှ လွဲပြီး သွားခဲပါတယ်။ မြွေတွေကိုကျမကြောက်သလို ကြည့်ဖို့လည်း ဆန္ဒမရှိတဲ့အတွက် ဆယ်ကြိမ်တစ်ကြိမ် သွားရောက်ပြီးဖူးရန် ခဲယဉ်းတဲ့နေရာ တစ်နေရာပါ။ ဒီတစ်ခေါက်တော့ စာဖတ်သူတို့ကို ဘုရားတွေ စုံလင်စွာ ဖူးမြှော်စေချင်တာကြောင့် ရောက်ခဲ့ခြင်းဖြစ်ပါတယ်။


မဟာမြတ်မုနိဘုရားကြီး
၁၆ရက်နေ့က သောကြာနေ့ဖြစ်တာကြောင့် သောကြာနေ့တိုင်း ဘုရားတစ်ဆူဆူကို ဖူးလေ့ရှိတဲ့ ကျမရဲ့ အမျိုးသားနဲ့အတူ ကျမ ၁၄ရက်နေ့က ရောက်ခဲ့ပြီးဖြစ်တဲ့ မဟာမြတ်မုနိဘုရားကြီးကို နောက်တစ်ကြိမ် ကြည်နူးစွာနဲ့ထပ်မံ ဖူးခွင့်ရရှိခဲ့ပါတယ်။ ညပိုင်းဖြစ်တာကြောင့် အေးချမ်းစွာ ဖူးမြှော်ခွင့်ရပါတယ်။ နေ့ဘက်မှာ မန္တလေးရဲ့ ပူလောင်တဲ့ရာသီဥတုနဲ့အတူ ဖူးခွင့်ရသည်ထက် ညချမ်းအချိန်ခါမှာတော့ ဘုရားကြီးကို ဖူးမြှော် ပူဇော်ရတာ စိတ်ကိုပိုမိုကြည်နူးစေခဲ့ပါတယ်။


[မဟာရွှေသိမ်တော်မြတ်စွာဘုရားသမိုင်းကို ဒေါ်ညွန့်ညွန့်၊ အထက်တန်းပြ (ငြိမ်း) ကျောက်ဆည်မြို့နယ်၊ မင်းရပ်ရပ်ကွက်မှာ ထုတ်ဝေသည့် မန္တလေးတိုင်း ကျောက်ဆည်မြို့၊ သင်တောင်းကြီးရွာ အဓိဌာန်အောင် ဆုတောင်းပြည့် မဟာရွှေသိမ်တော်မြတ်စွာဘုရား သမိုင်း စာအုပ်မှ ကူးယူမျှဝေခြင်းဖြစ်ပါတယ်]
စာဖတ်သူများအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနှင့်ပြည့်စုံကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz