x

4.10.11

ခပ်စိမ်းစိမ်းဒဿနများ(၁) (တဂ်ပို့စ်)


တနင်္ဂနွေနေ့လေးတွေဟာ ကျမအတွက်တော့နားရက်ပေါ့။ အချိန်အားလုံး ဘယ်လိုဖြုန်းဖြုန်း ကျမစိတ်ကြိုက် သုံးခွင့်ရှိတဲ့နေ့။ တစ်ပတ်မှာ တနလာင်္ကနေ စနေအထိက လုပ်ရမည့် အလုပ်တွေကို အစီအစဉ်ဆွဲပြီး အလုပ် လုပ်တတ်တဲ့ ကျမတစ်ယောက် ယခု အရင်နဲ့မတူ တစ်မူထူးတာက ဆွဲထားတဲ့ အစီအစဉ်ထဲကနေ အားချိန် ရရင်ရသလို အွန်လိုင်းပေါ်ရောက်သွားခြင်းပါ။ တနင်္ဂနွေနေ့မှာ ကွန်နက်ရှင်သာကောင်းနေမယ်ဆိုရင် ဒီလိုမှ မဟုတ် အပြင်သွားစရာကိစ္စ ပေါ်မလာဘူးဆိုရင် မိုးလင်းကစလို့ မိုးချုပ်တဲ့အချိန်အထိ ကျမ အွန်လိုင်းပေါ်မှာ စာဖတ်လိုက် ကွန်မန့်ရေးလိုက် ရေးချင်တဲ့ပို့စ်လေးတွေ စဉ်းစားလိုက်နဲ့ တစ်ယောက်ထဲ တွေးချင်တာ ကိုတွေး စိတ်ထဲက ရေးချင်တာရေးနေတတ်တယ် (အမောင် စံပယ်လေး ပဥာက်တို့လို ဆွေးတာတော့ မပါ ဘူးပေါ့း)) အိမ်ကအဖွဲ့က ကိုရီးယား ဇာတ်လမ်းလေးတွေကို နှစ်သက်တော့ အခွေအသစ်ထွက်တိုင်းလိုလို ဝယ်ကြည့်တတ်ပြီး  ဇာတ်လမ်း ကောင်းနိုးရာရာ အခွေဆိုရင် တနင်္ဂနွေရက်တွေမှာ ကျမစိတ်သက်သက် သာသာ နားစေဘို့ဆိုပြီး ကျမကို ကြည့်ခိုင်းလေ့ရှိတယ် တစ်ခွေနှစ်ခွေနဲ့ ဇာတ်လမ်းကို အဆုံးသတ်တာမျိုး ဆိုရင်တော့ ကြည့်ဖြစ်သလို ၄-၅-၆ခွေကြည့်မှ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာဆိုရင် လုံးဝ မကြည့်တော့ဘူး။ သူတို့လေးတွေက စေတနာ ထားပြီး ကြည့်ခိုင်းတော့လည်း သူတို့တစ်တွေ ကျေနပ်အောင် ကြည့်လိုက်တဲ့ သဘောလေ။ အခုအချိန်မှာတော့ အရင်လိုဇာတ်လမ်း အစ-အဆုံးအခွေကို စိတ်ဝင်တစားကြည့်တာ မျိုး မရှိတော့ပဲ ဇာတ်လမ်းကို ဖွင့်ထားပြီး အာရုံက ဘလော့ထဲရောက်နေတာကြောင့် ဇာတ်လမ်းတစ်ပုဒ်သာ ပြီးသွားတယ်။ ဇာတ်လမ်းအကြောင်းကို လုံးစေ့ပတ်စေ့ မသိလိုက်တာကလည်း အကြိမ်ကြိမ်ဖြစ်နေပါပြီး))။

ဒီတော့ တနင်္ဂနွေနေ့ဖြစ်တဲ့ (၂-၁၀-၂၀၁၁)ရက်နေ့မှာ ဘလော့မိတ်ဆွေတို့ရဲ့ ပို့စ်တွေကို လိုက်ဖတ်မယ်လို့ စိတ်ကူးရပြီး ပုံမှန်ထက်ပိုစောပြီးထလိုက်တယ် (ကြိုးစားပုံများး))။ ဟိုဖတ်သည်ဖတ် ကွန်မန့်တွေလည်း ကျမ ဟိုရေးသည်ရေးနဲ့ ကိုကိုးအိမ်ရဲ့ပို့စ်ကိုဖတ်မိတဲ့အခါမှာ ကဗျာကောင်းလေး တစ်ပုဒ်ကို တွေ့ခဲ့ရတယ်။ ကျမ ကဗျာတွေမစပ်တတ်ပေမယ့် ကဗျာကိုချစ်ပါတယ်။ အသက်ကြီးသော်လည်း ကဗျာလေးတွေကို ခံစားတတ် ပါတယ်။ ကျမရဲ့ပို့စ်ကို လာရောက် အားပေးဖတ်ရှုသူများ ‘ခပ်စိမ်းစိမ်းဒဿနများ’ ကို မဖြစ်မနေဖတ်သင့် တာကြောင့် တိုက်တွန်းပါရစေနော်း) ကဗျာလေးရဲ့ အဆုံးနိဂုံးမှာတော့ ချစ်စရာကောင်းတဲ့ ကိုကိုးရဲ့ ဆန္ဒလေးတစ်ခု ကို ဖော်ညွှန်းထားတာကို မထင်မှတ်ပဲတွေ့လိုက်ရတဲ့ အခါမှာ သူကြီးမင်း ကိုကိုမောင် ပြောခဲ့ သလို တီတင့် တစ်ယောက် ကင်မရာကိုဆွဲကိုင်ပြီး ခပ်စိမ်းစိမ်းအတွေးအခေါ်များ ရှာဖွေဘို့ရာ ပြင်ဆင် ပါတော့တယ်း)) ဘယ်လိုပို့စ်မျိုးကို နောက်တစ်ကြိမ်တင်ရပါလိမ့်ဆိုတဲ့ပဟေဠိကို အဖြေ ညှိပေးခဲ့တဲ့ ကိုကိုးအိမ်ကို ကျေးဇူး တင်ပါတယ်လို့ အရင်ဆုံးပြောပါရစေနော်း)။

၂၀၀၀ခုနှစ် မတိုင်ခင်က ပဒေသာမြို့တော်ရဲ့ ၆၀ပေx၈၀ပေ တိုက်အိမ်အပါအဝင် မြေကွက်တစ်ကွက်ရဲ့ တန်ဘိုးဟာ သိန်း ၈၀လောက်ရှိတဲ့အပြင် လစဉ်အရစ်ကျ ပေးဆပ်ပြီး ဝယ်ယူနိုင်အောင်လည်း စီစဉ်ပေးထား တာကြောင့် နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ကျမရဲ့ဒုတိယညီမနဲ့ အငယ်ဆုံးညီမလေးဟာ အဲဒီနှစ်တွေမှာ ဝယ်ယူနိုင်ခဲ့သလို တတိယညီမက အတိတ်ကံကောင်းမှုကြောင့် အောင်ဘာလေသိန်းထီဆု ကြီး ပေါက်ပြန်တဲ့ အတွက် သူလည်းဝယ်ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာတော့ ဈေးက သိန်း၁၂၀ လောက်ဖြစ်နေပါပြီ။ ကျမတို့ ညီအစ်မလေးယောက်အနက် သုံးယောက်က တစ်နေရာတည်းမှာ စုစုစည်းစည်း ဝယ်ထားပြီဆိုတော့ ကျမရဲ့ဖေဖေ ကျမကိုပါဝယ်စေချင်တယ်။ ကျမမှာ လုံလောက်တဲ့ငွေကြေးမရှိတဲ့အပြင် ကြီးမားတဲ့ မိသားစု ကြီးဖြစ်နေရတာမို့ လစဉ်ပေးဆပ်ပြီး ဝယ်ဘို့ အတွက်လည်း ခက်ခဲပါတယ်။ မည်သို့ရှိစေကျမဖေဖေနှုတ်က ‘ခက်ခဲမှန်းတော့ ဖေဖေသိပါတယ် ဒါပေမယ့်လည်း ညီအစ်မလေးယောက်သာ တစ်နေရာတည်း အခြေချ သွားပြီဆိုရင် ဖေဖေလည်း အတော်လေးစိတ်အေးသွား မှာပါ’ တဲ့။ ဖေဖေ့ရဲ့ အဲဒီစကားတစ်ခွန်းဟာ ညီမတွေ အနားကို ကျမရောက်သွားအောင် တွန်းပို့ပေးခဲ့သလို ပါပဲ။ အိမ်မဝယ်နိုင်တာကြောင့် ကျမ ပေ၆၀ x ပေ၈၀ ရှိတဲ့  မြေကွက်လေးကိုသာ ဝယ်ဖြစ်ခဲ့ပြီး လက်ထဲမှာ ငွေရှိရင်ရှိသလို တစ်ဖြည်းဖြည်းဆောက် လုပ်ပြီး အိမ် တစ်လုံးဖြစ်အောင် အကောင်အထည်ဖေါ်ခဲ့ပါတယ်။

‘ခပ်စိမ်းစိမ်းဒဿနများ’ ရေးဘို့ရာ နိဒါန်းအစပျိုးနေတာလည်း နည်းနည်းများသွားပြီး)။ အပေါ်မှာရေးခဲ့ သလို ညီအစ်မလေးယောက် တစ်နေရာတည်းမှာ စုမိခဲ့သည့်တိုင် ကျမတစ်ယောက်သာ မြေကြီးသက်သက် ကို ဝယ်ခဲ့ပါတယ် မြေဖို့အိမ်ဆောက် လုပ်ငန်းတွေလုပ်ပြီးတဲ့အခါ အိမ်ရဲ့ တစ်ဖက်မှာ မြက်ခင်းစိမ်းစိမ်းကို စတင် စိုက်ခဲ့သလို အိမ်ပတ်လည်မှာလည်း နှစ်သက်သမျှ သစ်ပင်များကို နေရာချစိုက်ပျိုးခဲ့ပါတယ်။ လွန်ခဲ့တဲ့ လပေါင်းများစွာက ကျမစိုက်ပျိုးခဲ့တဲ့ အပင်လေးတွေနဲ့ ပတ်သက်ပြီးတော့ စာဖတ်သူတို့ စိတ်ဝင်စားတယ် ဆိုရင်ဖြင့် ‘ဘဝအတွက်အိပ်မက်တစ်ချို့’အဖြစ်နဲ့ ရေးခဲ့ဘူးပါတယ်။ အဲဒီပို့စ်မှာတင်ထားတဲ့ ပုံလေးတွေကို ကြည့်ရင် ကျမစိုက်ပျိုးခဲ့တဲ့ အပင်တွေအကြောင်း တစ်စိတ်တစ်ဒေသသိကြမှာ ဖြစ်ပါတယ်။ ကျမအပြင် ကျမ ညီမလေး အဒေါ်တို့လည်း ကျမလိုပဲ သူတို့နှစ်သက်ရာ သစ်ပင် ပန်းပင် ဟင်းသီးဟင်းရွက်ပင်တို့ကို စိုက်ပျိုး ကြပါတယ်။ အိမ်တိုင်းကိုယ်စီလည်း ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ်စိတ်ပျိုးကြပါတယ်။ ခပ်စိမ်းစိမ်းသစ်ပင်တွေ ကိုယ်စီနဲ့ ပဒေသာ ပင်မြို့တော် တစ်ခွင်လုံးမှာလည်း စိမ်းလန်းစိုပြေလျှက်ရှိသလို အလည်လာသူ အများစုက သဘောကျနှစ်သက်ကြတဲ့ မြို့တော်လေးတစ်မြို့ အဖြစ် ရှင်သန်လာခဲ့ပါတယ်။ မိသားစု တစ်စုမှအစ လူသား အားလုံး စိမ်းလန်းစိုပြေတာကိုနှစ်သက် သဘောကျသလို တန်ဘိုး ထားလျှက်ရှိပါကြောင်း ခပ်စိမ်းစိမ်းဒဿန များ အကြောင်းကို ဥာဏ်ရည်မှီသလောက် ရေးသားဖော်ပြပြီးတဲ့ အတွက် ကျမနဲ့အနီးစပ်ဆုံးမှာရှိတဲ့ ခပ်စိမ်း စိမ်းသစ်ပင်လေးတွေကို စာဖတ်သူတို့ စိတ်အေးချမ်းစေဘို့ မျှဝေ လိုက်ပါတယ်နော်။
                                                                  မြက်ခင်းပြင်
                                                          ရှားစောင်းလက်ပတ်
                                                  မြေပိုတွင်အပင်များစိုက်ထားပုံ
                                                          စိမ်းစိမ်းစိုစိုအပင်များ
                                               မျက်စိကိုအေးမြစေသောအပင်များ
                                                     ဘယ်နားကြည့်ကြည့်စိမ်းစိုစို



                                        မိမိစိတ်ကြိုက်ခြံအပြင်မှာတစ်ယောက်တစ်မျိုးစိုက်
                                              လမ်းတိုင်းမှာမျက်စိတစ်ဆုံးစိမ်းစိုလျက်





                                          မြက်ခင်းပြင်အစားပန်းအလှဖြင့်တန်ဆာဆင်
                                             ပေ ၁၀၀ပတ်လည်နဲ့အထက် နေရာများ











                                           အိမ်အများစုမှာ ကွမ်းသီးပင်စိုက်ကြတယ်




                                            ရေကန်အစား စဥ့်အိုးကြီးများကိုအသုံးပြု

ပဒေသာပင်မြို့တော် အကြောင်းအရာကို ဒီထက်မက ပိုသိချင်တယ်ဆိုရင်တော့‘FMI City’မှာဖတ်ကြည့်လို့ ရပါတယ်နော်။ ကိုကိုးအိမ်ရေ နည်းနည်းနောက်ကျသွားပေမယ့် အဆင်ပြေသလို တဂ်ပို့စ်လေးတင်လိုက်ပြီး)


လောကလူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz