x

12.10.11

ရောင်စုံမီးများဖြင့်ပူဇော်



စာဖတ်သူများအားလုံး ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ သီတင်းကျွတ်ပွဲတော်နေ့လေးပါကွယ်။
ဒီကနေ့ သတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့)အတွက် ပို့စ်လေးတစ်ခုတင်ဘို့ မနေ့ညက စဉ်းစားခဲ့တယ်။ တစ်နေ့လုံးလည်း ဘလော့တွေကို လည်ပတ်ဖတ်ရင်း ရက်ထူးရက်မြတ် အခါတော်နေ့နဲ့ ပတ်သက်တဲ့ ပို့စ်များလည်းဖတ်ဖြစ်ခဲ့တယ်။ ည ၇နာရီလောက်မှာ နှစ်စဉ်ပူဇော်နေကြအတိုင်း ဘုရားခန်း အတွင်းအပြင်မှာ ဆီမီးမြိုင်မြိုင်ကို ရောင်စုံ မီးလုံးလေးတွေနဲ့ ထွန်းညှိသလို အိမ်ရှေ့ အိမ်နောက် လှေကားထစ်များမှာပါ ဖယောင်တိုင်မီးများ ထွန်းညှိပူဇော်ပြီး အတွေးတစ်ခုဝင်လာတယ်။ အမှတ်တရဓာတ်ပုံလေး ရိုက်ချင်တဲ့စိတ်ပေါ် လာတာနဲ့ ကင်မရာကိုင်ပြီး အောက်ထပ်ကိုဆင်းခဲ့တယ်။ စိတ်တိုင်းကျ ရိုက်ပြီးတော့ လမင်းကြီးကို ရိုက်ပြန်တယ်။ လမင်းကြီးကို ဓာတ်ပုံရိုက်နေတုန်း လေယာဉ်တစ်စင်း ကောင်းကင်မှာ ပျံသန်းတာကို မြင်တော့ ရိုက်ပြန်တယ်။ တစ်ခါ မီးပုံပျံလေးတွေ ကောင်းကင်ပေါ်မှာတွေ့လို့ ရိုက်တယ်။ ရိုက်ပြီးရင်းရိုက်ရင်းနဲ့ နောက်ဆက်တွဲ ပေါ်လာတဲ့ စိတ်ကူးကတော့ အမျိုးတွေအိမ်မှာ ဘယ်လိုပုံစံနဲ့ မီးရောင်စုံကို ရှင်တော်ဘုရားကို ပူဇော်သလဲပေါ့။ ဒီတော့ ညီမလေးအိမ်ကို အရင်ဆုံးသွားပြီး ညီမလေးနဲ့အတူ အဒေါ်တွေအိမ်ကို လိုက်လျှောက်ကြည့်ရင်း FMI ဝန်းအတွင်း လှည့်ပတ်ပြီး ဓာတ်ပုံရိုက်ပါတော့တယ်။ ရိုက်ရင်းနဲ့ ထုံးစံအတိုင်း ပို့စ်တင်ဖို့ စိတ်ကူးလေးရလာတယ်လေး) 

















လပြည့်နေ့မတိုင်မီတစ်ည သာတဲ့လ
မိုးပန်းချီကမီးပုံးပျံမမြင်ဘူးဆိုလို့ အဲဒီလိုပုံဖြစ်သွားတယ်း)

လေယာဉ်က အဲဒီပုံဖြစ်သွားတယ်း)

အိမ်လေးတွေကတော့ စိတ်ကူးကိုယ်စီနဲ့ ရှင်တော်မြတ်ဘုရားကို မီးရောင်စုံနဲ့ ပူဇော်ထားတာကို တွေ့ရပါတယ်။ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့လို့ သတ်မှတ်ပြီး ရှင်တော်ဘုရားကို ဆီမီးထွန်းပူဇော်ကြသလို အသံမစဲပဌာန်း ရွတ်ပွဲများလည်း ကျင်းပကာ ဆက်နွယ်ပြီး မြန်မာဗုဒ္ဓဘာသာဝင်တို့ရဲ့ အစဉ်အလာ သက်ကြီး ပူဇော်ပွဲများ ကျင်းပကြပါတယ်။ ရှင်တော်မြတ်ဘုရားဟာ မယ်တော်မိနတ်သားကို မွေးကျေးဇူးဆပ်ရင်း ခက်ခဲ နက်နဲတဲ့ အဘိဓမ္မာ တရားများ ဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့မှာ ရှင်တော်ဘုရားက သိကြားမင်းအား ‘ဒါယကာ သိကြားမင်း၊ ငါဘုရားသည် လူ့ပြည်သို့ ပြန်ကြွတော်မူအံ့’ ဟု အသိပေး မိန့်ကြားတော် မူလိုက်တယ်၊ သိကြားမင်းလည်း ရှင်တော်ဘုရား မိန့်ကြားတော်မူသည်နှင့် တစ်ပြိုင်နက် မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်သက်ဆင်းရန် စောင်းတန်း သုံးသွယ် ရုတ်ချည်းဖန်ဆင်းလိုက်တယ်။ ယာဘက်စောင်းတန်းက ရွှေ၊ ဝဲဘက်စောင်းတန်းက ငွေစောင်းတန်းဖြစ်ပြီး အလယ်စောင်းတန်းက ပတ္တမြားစောင်း တန်းဖန်ဆင်းသတဲ့။ စောင်းတန်းများရဲ့ အခြေကလူ့ပြည်သင်္ကဿမြို့တံခါးဖြစ်ပြီး စောင်းတန်းဦးက မြင်း မိုရ်တောင် ထိပ်ဖြစ်တယ်လို့ ဆိုထားပါတယ်။

ပတ္တမြားစောင်းတန်းထိပ်မှ ရေမီးအစုံ တန်ခိုးပြာဋိဟာများပြပြီး နောက်ရောင်တော် ခြောက်ပါး အစုံနှင့် ရောင်ခြည် လွှင့်ထုတ်ကာ သက်ဆင်းလာတော်မူသော ဘုရားရှင်၏ အသရေတော်ကို ဖူးမြော်ကြည်ညိုကြရသော နတ် လူဗြဟ္မာ အပေါင်းတို့မှာ ဘုရားအဖြစ်ကို မတောင့်တသူဟူ၍ တစ်ယောက်မှ မရှိကြဟုသိရပါတယ်။ ရှင်တော်မြတ် ဘုရား၏ ယာဘက်စောင်းတန်းဦးမှ သိကြားမင်းက ဦးဆောင်ပြီး ဝိဇယုတ္တရခရုသင်းကို မှုတ်ပြီး ပူဇော်ကာ လိုက်ပါ လာခဲ့သည်။ သူ့နောက်က သုယာမနတ်မင်းက စာမရီသား မြီးယပ်ကိုကိုင်လျက် လိုက်ပါလာကာ သူ့နောက်မှ မယ်တော်မိနတ်သား သန္တုသိတနတ်မင်းက ပတ္တမြားယပ်ဝန်းကို တလွှဲလွှဲခတ်ပြီး ပူဇော်ကာ လိုက်ပါလာတယ်။ အဲဒီနောက်မှာတော့ ပဉ္စသီခနတ်သားဟာ ဗေဠုဝစောင်းကို ပိုက်ပြီး ဓမ္မတေးများ တီးခတ် ပူဇော်ကာ သက်ဆင်း ကြသတဲ့။ နောက်ဆုံးမှာတော့ စကြာဝဠာတွင်းရှိ နတ်အပေါင်းဟာ တခဲနက်လိုက်ပါလာကြသတဲ့။ ဝဲဘက်
ငွေစောင်း တန်းမှာ ဗဟ္မာကြီးများက ဦးဆောင်ပြီး ဗြဟ္မာ့ထီးဖြူကြီးကို ဆောင်းမိုးပူဇော်လျက် လိုက်ပါ သက်ဆင်း
ကြသတဲ့။

အဲဒီအချိန်အခါမှာ သာဝတ္ထိပြည်သူပြည်သားများလည်း ရှင်သာရိပုတ္တရာမထေရ်၏ အကြောင်းကြားချက်အရ ရှင်တော်ဘုရား တာဝတိံသာမှ လူ့ပြည်သင်္ကဿမြို့တံခါးမှသက်ဆင်းတော်မူလာမည်လို့ သိကြတဲ့အတွက် သာဝတ္ထိပြည်မှ ထွက်လာကြသတဲ့။ သာဝတ္ထိနှင့် သင်္ကဿမြို့ဟာ ယူဇန(၃၀)လောက် ဝေးကွာတယ်။ ထွက်ပြူ လာတဲ့ လပြည့်ဝန်းကြီးက နောက်ခံအလင်းရောင် ငွေခြည်လွှာကားချပ်ကြီးမှာ ရောင်ခြည်တော်ခြောက်စုံဖြင့် ထွန်းလင်းဝင်းတောက်နေတဲ့ ရှင်တော်မြတ်ဘုရားရယ်၊ တန်ခိုးဣဒ္ဓိပါဒ် အလင်းတွေနှင့် ဝင်းထိန်နေတဲ့ နတ်ဗြဟ္မာ ပရိတ်သတ်ကြီးခြံရံပြီး တဖြည်းဖြည်း ဆင်းသက်လာကြတဲ့ ရှုခင်းဟာ သာဝတ္ထိပြည်သူတွေအတွက် တစ်သက် မေ့ဖွယ်ရာ မရှိတော့ပါ။ သင်္ကဿမြို့တံခါးစောင်းတန်းရဲ့ အခြေတစ်ဝိုက်မှာ လည်း စေတနာ ပီတိဝေဖြာလျက် လူတွေစီမံထွန်းညှိပူဇော်နေကြတဲ့ ဆီမီးပွဲတော်ကြီးရဲ့ မြင်ကွင်းဟာလည်း အံ့ဖွယ်ရှုမဝ ဖြစ်နေ ကြမည်မှာ ပြောဖွယ်ရာစကားမရှိပါ။

ကြီးမားလှတဲ့ လူပရိတ်သတ်ကြီးက ပူဇော်ကြတဲ့ ဆီမီးအလင်းရောင်မျိုးစုံဟာ စောင်းတန်းသုံးသွယ်မှ သက်ဆင်း လာတဲ့ ရှင်တော်မြတ်ဘုရားရဲ့ ရောက်ခြည်တော်များ၊ နတ်ဗြဟ္မာတို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါများကို တုပယှဉ်ပြိုင်နိုင် ၍မရပါ။ သို့သော် သဒ္ဓါကြည်ညို စေတနာအရင်းခံဖြင့် ဆီမီးပူဇော်၍ ခရီးဦးကြိုလိုကြတဲ့ မနောကံကုသိုလ်ကတော့ နတ်ဗြဟ္မာများရဲ့ သဒ္ဓါကြည်ညိုမှုထက် မနိမ့်ကျပေ။ ဤသို့ဖြင့် စဉ်ဆက်မပြတ် သီတင်းကျွတ်လပြည့်နေ့မတိုင်မှီ ရက်ကပင် အစပြုလို့ ဆီးမီးရောင်စုံတို့ ထွန်းညှိကာ ရှင်တော်မြတ်ဘုရားကို စေတနာသဒ္ဓါထက်သန်စွာဖြင့် ရိုသေလေးမြတ်စွာ ခရီးဦးကြိုပြုခဲ့သည်မှာ သာသနာနှစ်ပေါင်း ၂၅၀၀ ပင်ရှိခဲ့လေပြီမဟုတ်ပါလား။

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့) ဒီကနေ့ ကုသိုလ်လေးတော့ လုပ်ခဲ့ချင်ပါသေးတယ်။ မနက်အာရုံမှာ ညီမလေးနဲ့ကျမတို့  ငါးထပ်ကြီးဘုရား ၊ခြောက်ထပ်ကြီးဘုရားနဲ့ ကိုးထပ်ကြီးဘုရားကို သွားရောက်ဖူးမြှော်ရင်း ဥပုသ်သီလလေးတွေ ယူခဲ့တာမို့ ဘုရားသုံးဆူနဲ့ပတ်သက်တဲ့ သမိုင်းလေးတွေကိုနောက်ထပ်တင်မဲ့ ပို့စ်ကျမှသာ စာဖတ်သူတို့ဖတ်ပြီး အခုတော့တင်ထားတဲ့ဘုရားသုံးဆူကို ကြည်ညိုရင်းကျေနပ်ကြပါလို့ပြောပါ ရစေနော်။

ငါးထပ်ကြီးဘုရား
ခြောက်ထပ်ကြီးဘုရား
ကိုးထပ်ကြီးဘုရား

ဒီကနေ့ညကျမတို့အားလုံး ဆီမီးနဲ့ပူဇော်ကြမှာဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ရဲ့ တရားထူးတရားမြတ်များကို ရရှိနိုင် ကြပါစေ။

လောကလူသားများအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနှင့်ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz