x

15.10.11

အသုပ်စုံအားပေးပြီးရင် ဘုရားဖူးကြမယ်


လပြည့်ညအလွန်မှာသာတဲ့လနဲ့ ကြယ်ကလေးအမှတ်တရ
'အသုပ်စုံအားပေးပြီးရင်' အဲဒီလိုစာသားလေးမြင်ရင် စာဖတ်သူတို့ ပိုစိတ်ဝင်စားမလား စဉ်းစားမိတာမို့ အစားအစာ ကိုအရင်တင်ပေး ထားတယ်နော်း) ‘အူမတောင့်မှ သီလစောင့်နိုင်မယ်’ ဆိုတဲ့သဘောတရားလေး လိုက်ကိုင်ထား ပါတယ်။ ဘုရားချည်း ဖူးခိုင်းနေရင် စာဖတ်သူတို့အတွက် အာရုံမရမှာစိုးတာကြောင့် စေတနာသဒ္ဓါတရားလေးနဲ့ အလိုက်တသိ စားစရာကို အရင်စီစဉ်ပေးပြီးမှ ဘုရားဖူးဘို့ စီစဉ်ပေးလိုက်ပြီနော်။

ထမင်း အသုပ်စုံကတော့ ကျမတို့အားလုံးလိုလို မကြာခနလုပ်စားလေ့ရှိတဲ့ အစားအစာ တစ်ခုပါ။ မြန်လည်းမြန် ချဉ်စပ်ငံလေးသုပ်တဲ့ အသုပ်မျိုးကို ဘူးသီးဟင်းခါး ချိုချိုလေးနဲ့တွဲဖက် စားသုံးမယ်ဆိုရင်ဖြင့် မနက်စာထမင်း တစ်နပ်အတွက် ပူပင်စရာမလိုတော့ပါ။ တစ်ခါတစ်ရံ ထမင်းသုပ်လုပ်စားချင်စိတ်ပေါ်လာပြီး အမယ်များများမရှိတဲ့ ရက်ဆိုရင်လည်း ကျမ အဆင်ပြေသလို ရှိတာလေးနဲ့ ချဉ်စပ်ငံသုပ်ပြီး ဟင်းခါးလေးနဲ့ တွဲဖက်စားသုံးခဲ့တဲ့ အကြိမ် လည်း မရေတွက်နိုင်သလို ကြိုတင်ပြင်ဆင်ချိန်ရတဲ့ ဒီကနေ့လို့နေ့မျိုးအခါမှာတော့ စဉ်းစားမိသလောက်အမယ် များနဲ့သုပ်လေ့ရှိပါတယ်။

ပါဝင်တဲ့အမယ်တွေကတော့-
ထမင်းဖြူ၊ ငါးဘတ်၊ ခေါက်ဆွဲ၊ မုန့်ဖတ်၊ ပဲပင်ပေါက်၊ ဂေါ်ဖီထုပ်၊ သင်္ဘောသီး၊ ဘူးသီး၊ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ငံပြာ ရည်၊ ဆား၊ မန်ကျည်းမှည့်၊ ငရုပ်စိမ်းမှုန့်၊ ငရုပ်ကျက်မှုန့်၊ ငရုပ်ကောင်းမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ဖြစ်ပါတယ်။









ငါးဘတ်ကို ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ ငံပြာရည်တို့နဲ့ပြုတ်ပြီး အရိုးနွှင်ကာ ချေထားပါ။ ဆီထဲတွင် ငရုပ်စိမ်းမှုန့်နဲ့ ငါးဘတ်မွှေကိုထည့်သပ်ပြီး ထမင်းဖြူကိုထည့်ကာ သမအောင်နယ်ပါ။ ကြက်သွန်ဖြူကို သီးသန့်ဆီသတ်ထားပြီး ကြက်သွန်နီကိုလည်း သီးသန့်ဆီသတ်ထားပါ။ မန်ကျည်းမှည့်ကို ရေစိမ်ထားပါ။ ကြက်သွန်ဖြူ နီတို့နဲ့ ဘူးသီး ဟင်းချိုလေးလုပ်ထားပြီး စားခါနီးတွင် ငရုပ်ကောင်းထည့်ခြင်းဖြင့် အသုပ်စုံနှင့်လိုက်ဖက်သော ဟင်းခါးတစ်ခွက် အဆင်သင့်ပါ။

အစုံထည့်နယ်ခြင်းဖြင့် ထမင်းအစုံသုပ်ကိုရပါပြီ ထုံးစံအတိုင်း ဦးဦးဖျားဖျား ဘုရားကပ်လိုက်ပြီမို့ စာဖတ်လာသူ မိတ်ဆွေများအတွက် အသုပ်စုံနဲ့ဟင်းခါးလေး အားပေးရန်အဆင်သင့်ပါနော်။ အားပေးပြီးရင်တော့ ဘုရားဆက်ဖူး ကြပါစို့း)


ငါးထပ်ကြီးမြတ်စွာဘုရား သမိုင်း
ရန်ကုန်မြို့ ငါးထပ်ကြီးဘုရား ဗုဒ္ဓရုပ်ပွားတော်ကြီး၏ ဘွဲ့တော်မှာ “မဟာသကျ အတုလမာရ်အောင်” ဘွဲ့တော်ဖြစ်ပါ သည်။

 




ငါးထပ်ကြီးဘုရားဟု ခေါ်တွင်လာရခြင်း
ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီး ဒါယကာ သာလွန်မင်းတရားကြီး (၉၉၀-၁၀၁၀)၏ သားတော်ဖြစ် သည့် မင်းရဲ မင်းရဲရန္တမိတ် (၁၀၁၀-၁၀၂၃) တည်ထားကိုးကွယ်ခဲ့သော စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရား ရုပ်ပွားတော် ကြီး၏ ပုံတော်ကိုမှီငြမ်းပြု၍ ဦးအာသဘ၏ အရာမ်ရှေ့တောရ တောအုပ်ကြီးအတွင်း၌ ၁၂၆၂-(၁၉၁၀) ခုနှစ်ကစ၍ တည်ထားကိုးကွယ်ပါသည်။ ထိုစစ်ကိုင်း ငါးထပ်ကြီးဘုရား၏ ရုပ်ပွားတော်ကြီး ပုံတော်ကိုမှီငြမ်းပြု တည်ထားသည့် အတွက်ကြောင့် ငါးထပ်ကြီးဘုရားဟုပင် ခေါ်ကြလေသည်။ စစ်ကိုင်းငါးထပ်ကြီးဘုရားမှလွဲ၍ အင်္ဂတေဖြင့်ပြုလုပ် သည့် ဆင်းတုဘုရားများတွင် ရန်ကုန်မြို့ ငါးထပ်ကြီးဘုရား ဆင်းတုတော်သည် အကြီးဆုံးဖြစ်လေသည်။ ထို ငါးထပ်ကြီးဘုရားကြီး၏ ပွဲတော်ကို ပြာသိုလပြည့်နေ့တိုင်း နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ကြသည်။

ငါးထပ်ကြီးဘုရားကြီး၏ အံ့သြဖွယ်များ
ငါးထပ်ကြီးဘုရား တည်ရှိရာဖြစ်သော အရာမ်မြေသည် အံ့သြဖွယ်အသွယ်သွယ်တို့ ဖြစ်လေသည်။
၁။ မကောင်းကြံစည်သော ပုဂ္ဂိုလ်များ ဒဏ်သင့်တတ်ခြင်း၊
၂။ လူကိုသေစေတတ်သော အဆိပ်ပြင်းသော မြွေဆိုးများ မနေနိုင်ခြင်း၊ မရှိခြင်း၊
၃။ ပိန္နဲ၊ စောင်းလျား၊ ထန်းအသီးအနှံများ (၁၂)ရာသီ သီးပွင့်ခြင်း၊
၎။ ဘုန်းသမ္ဘာရှိသူ အကြီးအကဲတို့ကိုသာ လက်ခံ၍ ဘုန်းမဲ့သူများကို ဖယ်ရှား၍ ကြည်ရှည်စွာ လက်မခံခြင်း၊
၅။ ကျေးငှက်များ နေ့၊ ညဥ့် မြူးတူးရွှင်ပျခြင်း၊
၆။ လောကီ လောကုတ် ဆုတောင်းမှုပြည့်ခြင်း၊
၇။ အဓိဌာန် အကြံအစည် သစ္စာပြုခြင်းမျိုး အလွယ်တကူ အောင်မြင်တတ်ခြင်း၊
၈။ လောကီဂိုဏ်းဆရာတို့ အင်းအိုင်ခလဲ့၊ လက်ဖွဲ့ဓာတ်ဆင်၊ မန်းမှုတ်ပြုလုပ်ကြခြင်း၊
၉။ ဥစ္စာစောင့်များ ပျော်မွေ့နေထိုင်ကြသည်ဟု လောကီဆရာတို့ ယုံကြည်ကြခြင်း၊
၁၀။ ခေတ်အဆက်ဆက် ဘေးအန္တရာယ်ကင်းလွတ်ခြင်း၊
၁၁။ လျှိုမြောင် ဂနိုင် စိမ့်စမ်းတော သစ်ပန်းတို့ဖြင့် စိတ်နှလုံးကို ယူကျုံးသည့်နှယ် မွေ့လျော်ဖွယ် ကြည်နူးရွှင်ပျအေး ချမ်းသာယာခြင်း။
 


ငါးထပ်ကြီး ဘုရားရှိခိုး
မဟာပဒုမေ အာဝါသံ၊
ဇလပုမ္ဖေတိ ဘူသနံ။
ဗောဓိပဏ္ဏေ ပရိဗ္ဗူတံ၊
မဟာဗိမ္မံ နာမာမဟံ။
မဟာပဒုမေ = ဝစ္ဆံတွေအဖုံဖုံ၊ ဝတ်မှုန်တွေအစားစား၊ ကားကားစွင့်စွင့်၊ မားမားမြင့်လျက်၊ ပွင့်၍နေပြီး၊ ပဒုမ္မာကြာပွင့် ကြီး၊ ကြာချပ်ကြီး၌။
အာဝါသံ = မွေ့လျော်ရွှင်ပြုံး၊ ရောင်ခြည်တော် အစဉ်ဖုံးလျက်၊ သီတင်းသုံးတော်မူပေထသော။
ဇလပုပ္ဖေဟိ = ရေကန်၌ရှိသောရေ၊ ရနံ့တွေ တလျှမ်းလျှမ်းလွင့်ပေသည့်၊ ပန်းပွင့်တို့ဖြင့်။
ဘူသနံ = မကွာအစဉ်၊ သဒ္ဓါရွှင်လောက်အောင်၊ တန်ဆာဆင်ပေထသော။
ဗောဓိပဏ္ဏော - ဗောဓိပဏ္ဏေဟီ = ဝရံတာ မျက်နှာကြက်၌၊ တပ်ဆင်အပ်သော ညောင်ရွက်တို့ဖြင့်။
ပရိဗ္ဗူတံ = တဘက်တချက်၊ တလက်လက်တန်ခိုးဖြာအောင်မိုးကာ အပ်ပေထသော၊ မဟာဗိမ္မံ၊ သက်တော်ထင်ရှား၊ တရားတော်ဟောဟန်၊ ဧည့်ခံဟန်ဖြင့်၊ သဏ္ဍာန်မပျက်၊ တက်သက်ရောက်ခြည်၊ ပတ်ပတ်လည်ထင်ရှားသည့်၊ ငါးထပ်ကြီးဘုရားကို။ အဟံ၊ ရုပ်နာမ်ခန္ဓာ၊ ငါဟုတွင်ခေါ်၊ တပည့်တော်သည်။
နာမာမိ = ဒူး လက် နဖူး၊ တည်ငါးဦးဖြင့်၊ အထူးရိုကျိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

အရှေ့တောရကြီးအတွင်း ဆရာတော် ဦးကေသရ အရညကင် ဆောက်တည်နေချိန် ၁၂၂၁ ခုနှစ်၊ ဆရာတော် ဦးအာသဘ ရောက်ရှိပြီး၊ ဆရာတော် ဦးကေသရက အရှေ့တောရကြီးကျောင်းကို လွှဲအပ်သည်။ ထိုအချိန်မှစ၍ အရှေ့တောရကြီးကို ဆရာတော် ဦးအာသဘ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ အရှေ့တောရကြီးတစ်ခုလုံးကို အုပ်ချုပ်နေသော ဆရာတော် ဦးအာသဘ၏ ကျောင်းမြေအတွင်း ငါးထပ်ကြီးဘုရားကို တည်ထားကိုးကွယ်ခဲ့သည် ငါးထပ်ကြီး ဘုရားသမိုင်းကိုရေးလျှင် ဦးအာသဘ ဆရာတော်မှ အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက် လာခဲ့သော သံဃာတော်များနှင့် ကျောင်းတိုက်၏ အခြေအနေကို အမှန်အတိုင်း၊ အရှိအတိုင်း၊ ရေးသားဖော်ပြပါမှ သမိုင်းဟူ သည့် စကားရပ်နှင့် ကိုက်ညီမည်ဖြစ်ပါသည်။ ဖတ်လို့ကောင်းသော သမိုင်းမဟုတ်။ မှတ်ဖို့ကောင်းသည့် သမိုင်း သာဖြစ်သည်။

ဤသမိုင်းကိုဖတ်ရာ၌ ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တစ်ထောင်၊ ကျိုက္ကဆံဘုရားများနှင့် သမိုင်းကြောင်း အခြေခံနှလုံး သွင်း ဖတ်ရှုပါမှ သမိုင်း၏ ဖြစ်စဉ်အမှန်ကို သိရှိရမည်ဖြစ်ပါသည်။ ငါးထပ်ကြီးဘုရားသည် ကျောင်းအရာမ်မြေ အတွင်း၌ တည်ထားသော ဘုရားဖြစ်သည်ကိုလည်း နှလုံးသွင်းရန်လိုပါသည်။ အကျဉ်းချုပ်ဖော်ပြရသော် ငါးထပ် ကြီး ဆရာတော် ဦးဇာဂရ၏ ဂရန်မြေ၊ ငါးထပ်ကြီးကျောင်းတိုက်ကြီး၏ အရာမ်အတွင်း၌ မဟာသကျ အတုလ မာရ်အောင် ဘွဲ့တော်ဆောင်သော ငါးထပ်ကြီးမြတ်စွာဘုရား၊ ရုပ်ပွားတော်တည်ရှိရာနေရာဖြစ်သည်။ ဆရာတော် ဦးကေသရက အရှေ့တောရကြီးကျောင်းတိုက်ကို ဆရာတော် ဦးအာသဘအား လွှဲအပ်၍ ဟံသာဝတီ ဂိုဏ်းအုပ် ပထမ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ပူဇော်ဆက်ကပ်၍ ထိုဆရာတော်ကြီး၏ တပည့်ဒါယကာ၊ ဒါယိကာမ များက ကျောင်းများကို ဆောက်လုပ်လှူဒါန်း ကိုးကွယ်ကြပါသည်။

(ငါးထပ်ကြီးဘုရား စောင့်ရှောက်ကြသော သံဃာတော်များ ရှာဖွေတင်ပြ၍ ငါးထပ်ကြီးဆရာတော် ဦးဇာဂရ အတည်ပြုသည့် ‘ငါးထပ်ကြီးဘုရားသမိုင်း’ စာအုပ်မှ ကောက်နှုတ်ရေးသား မျှဝေပါသည်)

လောကီသားများအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနှင့် ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်



ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz