x

21.10.11

တဒင်္ဂမှ အစဉ်ထာဝရသို့


ကျမရဲ့တွေ့ကြုံခဲ့ရသမျှသော ပျော်ရွှင်ကြည်နူးမှု ရက်များထဲမှာ မနေ့က ၂၀-၁၀-၂၀၁၁ ရက်တစ်ရက်လည်း မထင် မှတ်ပဲ မှတ်တမ်းတင် အကျုံးဝင်ခဲ့တယ်။ ၁၉၇၅-ခုနှစ်မှ ၁၉၈၁ခုနှစ်အထိ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းတော် ကြီးမှာ ဆုံးခန်းတိုင် အင်ဂျင်နီယာဘာသာရပ် အသီးသီးကို သင်ကြားတတ်မြောက်ပြီးနောက် သမိုင်းပေး တာဝန် အရ တစ်ယောက်တစ်နယ်စီ ခွဲခွာခဲ့ကြရတဲ့ သူငယ်ချင်းများ ဆရာကန်တော့ပွဲ ပြုလုပ်တိုင်း အခက်အခဲအကြောင်း အမျိုးမျိုးကြောင့် ကိုယ်တိုင် လာရောက်နိုင်ခြင်း မရှိတဲ့တိုင် အလှူငွေများ တတ်စွမ်းသလောက် ထည့်ဝင်ပြီး အဝေး ကနေကျေးဇူးရှင် ဆရာသမားတို့ကို စိတ်ဖြင့်ရည်မှန်းကာ ပူဇော်ကန်တော့ကြပါတယ်။နှစ်ပေါင်း ၃၀ကျော်မှသာ တစ်ဖန်ပြန်လည်၍ ဆုံဆည်းခွင့်ရခဲ့တဲ့ သူငယ်ချင်းများနဲ့ တွေ့ဆုံခဲ့ရတာကို ဖေါ်ပြလို့ မရအောင် ပျော်ရွှင်ကြည်နူး ခဲ့ရပါတယ်။

စင်္ကာပူနိုင်ငံကို ကျမတစ်နှစ်လျှင် နှစ်ကြိမ်သုံးကြိမ်မျှ ရောက်လေ့ရှိခဲ့ပေမယ့် အရင်အခေါက်တွေမှာ ဓာတ်ပုံရိုက်တာ ဝါသနာထုံတဲ့ ကျမနှစ်သက်တာလောက်သာ ရွေးချယ်ပြီး ဓာတ်ပုံရိုက်ခဲ့ပေမယ့် အခုတစ်ခေါက် မှာဖြင့် အရင်နဲ့ မတူ မြင်မြင်ရသမျှကို ဓာတ်ပုံရိုက်ပြီး ပို့စ်တင်ချင်တာမျိုး စိတ်ကဖြစ်နေတယ် သူကြီးမင်းကိုကိုမောင် အရင် တစ်ခါပြောသလို ကင်မရာကြီးတကားကားနဲ့ ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကိုလည်း ရီချင်တယ် ဒါတောင်ပို့စ်တင်ရင် သူများတွေလို စာကြောင်းကို အဆီအငေါ်တည့်အောင် ဖြောင့်ဖြောင့်ရေးတတ်တဲ့ အရည်အချင်းက ရှိသေးတာ မဟုတ်သေးဘူး ဘလော့ရေးနေတော့လည်း ကိုယ့်ကိုယ်ကို အားပေးမိတယ် ဘလော့ဂါ ဘလော့ဂါပေါ့း))။

ဘလော့ဂါဘဝကို ရောက်ခဲ့ပြီးတဲ့နောက်ပိုင်း ကျမ face bookလည်း ပိုသုံးဖြစ်လာသလို ငယ်သူငယ်ချင်းတွေနဲ့ ပြန် ဆုံဆည်းခွင့်ရခဲ့တယ် ထို့အတူ မိတ်သစ်ဆွေသစ်များလည်း တိုးပွားလာတယ်။ ကျမဘလော့ကို သူငယ်ချင်းတွေ ဝင်ဖတ်ရာကနေ အဆက်အသွယ်ပြတ်ခဲ့တဲ့ ငယ်သူငယ်ချင်းတွေနဲ့ အခုလိုပြန်လည်ဆုံဆည်းခွင့် ရခဲ့တယ်။ ၁၉ - ရက်နေ့ည ရနာရီမှာ နွယ်နွယ်ဆီက ဖုန်းဝင်လာတယ် ၂၀ရက်နေ့ မနက် ၁၀နာရီခွဲမှာ Yewtee MRT station မှာ ဆုံကြမယ်တဲ့။ ပျော်လိုက်သည်ဖြစ်ခြင်း လောလောဆယ် ဆုံနိုင်မည့် သူငယ်ချင်းကတော့ စုစုပေါင်း ဂ-ယောက်။ ဒီလိုနဲ့ပဲ တစ်ညတာအချိန်ကို ကျော်ဖြတ်ခဲ့ပြီးမနက် ၉နာရီခွဲလောက်မှာ ကျမအိမ်ကနေ Admiralty MRT station ကိုရောက်ခဲ့ပြီး ပုံမှန်ခြေလှမ်းနဲ့ လှမ်းလျှောက်လျှင် ၇-မိနစ်ခန့်သာ ကြာတဲ့အတွက် အချိန်စောနေတာကြောင့် အရောင်း ဆိုင်လေးတွေဘက်ကို လျှောက်ကြည့်နေမိတယ်။ ၁၀နာရီထိုးမှ ကျမ ထွက်ခွာလာပါတယ်။ 

မြင့်မြင့်ရီ၊ မိမိခင်၊ တီတင့်၊ ခင်နှင်းဝေ၊ မတိုးရီ၊ နွယ်နွယ်၊ မမလေး

မြင့်ထွေး၊ မြင့်မြင့်ရီတို့အတွဲက ခုထိသည်းသည်းလှုပ်း)
ဂျာကြီးရဲ့စေတနာ သစ်သီးစုံလင်စွာနဲ့ဧည့်ဝတ်ပြု
ပျော်မဆုံးမော်မဆုံး တစ်ပြုံးပြုံး

ကြုံတောင့်ကြုံခဲတို့များတစ်တွေ
စားကြမယ်ဝါးကြမယ်
တီတင့်တော့ chicken salad ပဲမှာစားတယ်
သူတို့တစ်တွေမှာစားတာ
ဒါလေးသောက်တော့ ကြာစွယ်ရိုးဟင်းချိုကိုသတိရတယ်
တီတင့်တို့ စားခဲ့တဲ့နေရာ
Yewtee MRT ကိုရောက်တော့ escalator ပေါ်ကနေ စိတ်စောပြီး အောက်ကိုလှမ်းကြည့်မိတယ်။ အော် ကိုယ့်ထက် စိတ်စောတဲ့ သူငယ်ချင်းလေး ရောက်နေပါလားလို့ တွေးမိတယ်။ မတိုးရီ သူနဲ့မတွေ့တာ နှစ်ပေါင်း ၃၀-ကျော်ပြီ ဒါပေမယ့် ကျမသူ့ကို အဝေးကပင် မှတ်မိနေတာကြောင့် ကိုယ့်ကိုယ်ကို ကျေနပ်မိတယ်။ သူ့ဆီကို ကျမတန်းတန်း မတ်မတ်ပဲ လျှောက်သွားတယ် ကျမကိုမြင်တော့ သူကပြုံးပြပြီး မှတ်မိသားပဲတဲ့။ ကျောင်းမှာထဲက စကားနည်းတဲ့ သူငယ်ချင်း အခုလည်း မပြောင်းမလဲ အရင်အတိုင်းပါပဲ။ တစ်ခွန်းမေး တစ်ခွန်းဖြေရင်း ကျန်သူငယ်ချင်း များကို ဆက်စောင့်နေကြတယ်။ နွယ်နွယ် ရောက်လာတယ်။ သူကတော့ ကျမဘလော့ကို ဖတ်မိရာကနေ အစပြုလို့ ငယ်သူငယ်ချင်းများနဲ့ ပြန်လည် ချိတ်ဆက်မိအောင် ဆောင်ရွက်ပေးတဲ့ သူငယ်ချင်းပါ။ ကျမနဲ့အတူ ချင်းပြည်နယ်ရှိ ဗစ်တိုးရီးယားတောင် ရှမ်းပြည်နယ်ရှိ မြင်းမထိတောင် ရွှေဥဒေါင်းတောင်တွေကို အတူတကွ တက်ခဲ့ကြတယ်။ တစ်ခါ ရှေ့ဆင့်နောက်ဆင့် ထပ်ရောက်လာတာကတော့ မမလေး(ဂျာကြီး) ပါပဲ ကျမတို့ ဂျာနယ်ကျော် မမလေးကို အစွဲပြုပြီး စနောက်ခေါ်ကြရင်း နာမည်တွင်သွားတဲ့ သူငယ်ချင်း။ မိမိခင် သူကတော့ Textile ဘာသာ ရပ်ကို ကျမနဲ့အတူတူ တက်ရောက်ခွင့်ရခဲ့ပြီး ယနေ့တိုင် လက်တွဲနေတဲ့ သူငယ်ချင်း။ ခင်နှင်းဝေ အလုပ်အမြဲ ရှုပ်နေတတ်တဲ့ သူငယ်ချင်း အခုလိုတွေ့ဆုံပွဲမှာတောင် သူ့ကိုဦးစားပေးပြီး သူအားချိန်လေးမှာ ဆုံဘို့ချိန်းခဲ့ကြရ တယ်။ မြင့်မြင့်ရီ နဲ့ မြင့်ထွေးတို့ ကနောက်ဆုံး ရောက်လာကြတယ် ကျောင်းတုန်းက အေးအေးလေးနဲ့ စကားနည်း ခဲ့သလောက် အခုတော့ ယခင်နဲ့ မတူအတော်လေး စကားပြောလာတဲ့ သူငယ်ချင်းစုံတွဲပါ။

အဖွဲ့စုံပြီဆိုတာနဲ့ Yewtee MRT Station အောက်မှာ ဆူညံ ပွက်လောရိုက်တော့တာပါပဲ။ ဘေးပတ်ဝန်းကျင်ကို သတိမထားမိလောက်အောင် အပြိုင်အဆိုင် စကားများပြောကြတယ်။ ကျမအပါအဝင် အခုတွေ့ဆုံတဲ့ သူငယ်ချင်း များအားလုံးရဲ့ ဖူးစာရှင် အိမ်ထောင်ဖက်တွေက ကျောင်းတုန်းက တွဲခဲ့တဲ့ သူငယ်ချင်းတွေပဲဆိုတာ သိလိုက်ရတဲ့ အခါ စိတ်ထဲမှာ ကြည်နူးပြီးပီတိဖြစ်မိတယ်။ (မိမိခင်သူငယ်ချင်းကတော့ Single နော်း)) သူတို့အားလုံးရဲ့ အိမ်ဦး သခင်တွေက အလုပ်ထဲရောက်နေကြပြီး ထွက်ဖို့အဆင်မပြေကြလို့ မဆုံဖြစ်ခဲ့ပါဘူး။ မမလေးအိမ်ကို အားလုံးသွား ကြပြီး သစ်သီး အအေးတို့နဲ့ ဧည့်ခံတယ်။ ရှေးဖြစ်နှောင်းဟောင်း အကြောင်းကြောင်းတွေ ပြောရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်ခဲ့တယ်။ သူကျွေးမယ် ကိုယ်ကျွေးမယ်နဲ့ နေ့လည်စာကို Pizza စားဘို့ သဘောတူကြပြီး မမလေး အိမ်ကနေ ဆိုင်ကိုရွေ့ကြပြန်တယ်။

နေမကောင်းတဲ့သူငယ်ချင်းအတွက် မုန့်ဝယ်သေးတယ်
အားလုံးဆုံတော့ သူငယ်ချင်းလေးပျော်နေပုံ
ဆုံဆည်းခဲပေခြင်း
သူငယ်ချင်းရဲ့နေရာမှမြင်ရပုံ
ခွဲခါနီး ပလာတာနဲ့နှုတ်ဆက်
နေ့လည်စာ စားပြီးချိန်မှာတော့ ကျန်းမာရေးမကောင်းတဲ့အတွက် ဆေးလာကုနေတဲ့ သူငယ်ချင်း ခင်မမစိုးဆီကို ခရီးဆက်ကြပြန်တယ်။ သူမတူအောင် စာတော်တဲ့သူငယ်ချင်းပါ ကျောင်းမှာ ဆရာမ ပြန်လုပ်ပြီး ကျောင်းသားတွေ အပေါ် စေတနာထက်သန်တဲ့ ဆရာမတစ်ယောက်ပေါ့။ ခင်မကိုတွေ့လိုက်ရတဲ့အခါမှာ ကျန်းမာရေးအတော်လေး တိုးတက်လာတာကို မြင်ရတာကြောင့် ဝမ်းသာမိတယ်။ ခင်မဆီမှာ အချိန်တော်တော်ကြာ စကားပြောကြပြီး တစ်ခါ ကြိုက်တာဝယ် S$ 2 ဆီကို ယွန်းကြပြန်တယ်။ အဲဒီနေရာရောက်တိုင်း shopping ဝါသနာမပါတဲ့ ကျမအချိန်ကြာ ကြာ ပတ်တတ်ပါတယ်း)။ ကောင်းနိုးရာရာလေးတွေ ဝယ်တတ်ပါတယ်း)။ တကယ်တော့ မြန်မာပြည်မှာလည်း ကျပ် ၁၃၀၀နဲ့ ရနိုင်တဲ့ ပစ္စည်းလေးတွေဖြစ်သည့်တိုင် ဆွဲဆောင်မှုက ပိုကောင်းနေတာကြောင့် ဝယ်ဖြစ်သွားတယ်။ ကျမသဘောကျတာကတော့ MRT ကနေ Shopping Mall , Hospital အစရှိတဲ့နေရာတွေကိုသွားတဲ့အခါ Shuttle Bus တွေစီစဉ်တာကို အတော်လေး သဘောကျပါတယ်။ ခရီးသွားသူတွေ သက်တောင့်သက်သာ ဖြစ်စေဘို့ စီစဉ် ထားတာလေးတွေ အတုယူစရာပါ။

နှစ်သက်တာလေးတွေဝယ် (ချော့ကလက်က သူငယ်ချင်းပေးတာနော်း))
 ဆီထုတ်တဲ့ပိုက်ကအစ သဘောကျ
တီတင့်ဈေးဝယ်တဲ့နေရာ
Admiralty
တီတင့်ရဲ့မနက်စာ breakfast
ကြက်တောင်ပံ ပန်းပွင်းစိမ်း ပန်းပွင့်ဖြူ ကြက်ဥ ဘုရားပန်း
ကြက်တောင်အချိုချက်၊ ပန်းပွင့်စိမ်း+ဖြူကြော်၊ ငါးပိရည် မုန်ညှင်းပင်ပေါက်တို့စရာ
သားတို့ရဲ့ ဘုရားစင်
အဲဒီကနေ အပြန်မှာတော့ ပလာတာဝင်စားကြပြန်တယ်။ မြန်မာပြည်က ပဲဟင်းရည်ကို ပိုနှစ်သက်တယ်။ ပလာတာ စားပြီး လမ်းခွဲတော့ ညနေ ၆နာရီကျော်ပြီ အိမ်ပြန်ရောက်တော့ ညစာမစားဖြစ်တော့ဘူး။ ဒီပို့စ်လေးကို တင်ဘို့ ဒီ ကနေ့မနက် စောစောထရေးခဲ့တယ်။ ကျမရေးနေရင်း တစ်ခုသတိရလိုက်တယ် အရင်တင်ခဲ့တဲ့ပို့စ်မှာ နောက်ပို့စ် ကျရင် စားစရာ စီစဉ်ပေးမယ်ဆိုတာကိုပေါ့။ ကွန်မန့်လာပေးသူတွေထဲမှာလဲ ညီမရွှေစင်ကအစ ‘တားတား ဗိုက် ဆာတယ် တမီးဗိုက်ဆာတယ်’ ဆိုတာလေးတွေကို ဖတ်မိတာကြောင့် ပို့စ်ရေးတာကို ခနရပ်ပြီးအောက်ဈေးကို ဆင်းခဲ့တယ်။ ဒီကနေ့တင်တဲ့ပို့စ်လေးနဲ့အတူ ချက်ထားတဲ့ဟင်းလေးတွေပါ တွဲတင်ပေးလိုက်ပြီနော်။ (တဒင်္ဂဆုံဆည်းခွင့်ရခဲ့တဲ့ သူငယ်ချင်းများအတွက် အစဉ်ထာဝရသတိရစေဘို့ မှတ်တမ်းလေးပါ ကျန်သူငယ်ချင်း များနှင့်လည်း ဆုံဆည်းခွင့်လေးရနိုင်မယ်ဆိုရင်ဖြင့်…….)

လောကလူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz