x

25.10.11

ကုန်ဆုံးခဲ့တဲ့ရက်များ


၂၂ရက်နေ့က ကျမလည်း အလုပ်နည်းနည်း များနေတယ် ၂၃ရက်နေ့မှာ အိမ်ပြောင်းမယ် ဆိုတော့ လျှော်စရာ အဝတ်တွေကို အပြီးသပ်လျှော် ပစ်စရာရှိတာတွေကို သပ်သပ်ပုံ အသုံးတည့်ပြီး သယ်မည့်ပစ္စည်းတွေ သပ်သပ် ထုပ်ပိုးပေါ့။ လွှတ်ပစ်ရမှာကများနေပြီး သယ်ရမှာက တစ်ဝက်လောက်သာ ရှိနေပါတယ်။ စင်္ကာပူမှာ တစ်အိမ်ကနေ တစ်အိမ်ကို ရွှေ့ပြောင်းပြီဆိုရင် ပစ္စည်းကောင်းတွေကို လွှတ်ပစ်လေ့ရှိတာကို ကျမသတိထားမိတယ်။ ညီမလေး အိမ်ပြောင်းစဉ်ကလည်း ရေခဲသေတ္တာ တီဗွီတို့အပြင် တစ်ခြားပစ္စည်း ခပ်လတ်လတ်တွေကို လွှတ်ပစ်ခဲ့တာတွေ့ ဘူးတယ်။ မြန်မာပြည်မှာ အိမ်ပြောင်းရင် အသုံးလိုလို မလိုလို တတ်နိုင်သမျှ ဖိသိပ်ပြီး အကုန်သယ်တော့တာပါပဲ။ ဒီမှာက အိမ်မှာအပိုပစ္စည်း ထားလေ့မရှိကြဘူးလို့ သတိပြုမိတယ်။ အိမ်ပြောင်းဘို့ အလုပ်များတယ် ဆိုသည့်တိုင် မနက်ပိုင်းနဲ့တင် အလုပ်ကပြတ်သွားတယ်။ ပစ်စရာများတော့ သိတ်ရွေးနေစရာ မလိုတာလည်းပါတာပေါ့နော်။

ပြီးခဲ့တဲ့ 'တဒင်္ဂမှအစဉ်ထာဝရသို့' ပို့စ်မှာ စာလုံးတွေကို စာဖတ်သူတို့ ဖတ်လို့ကောင်းအောင် ဆိုပြီး စိတ်ရှည်ရှည်နဲ့ ညှိပေးခဲ့တဲ့ သဒ္ဓါ့ကို ကျေးဇူးတင်ပါတယ်။ ကာယကံရှင်ဖြစ်တဲ့ ကျမက နည်းနည်းပါးပါး စာလုံးတွေ ကြဲနေလည်း ထားလိုက်တော့မယ် ဆိုတာကို ဆုံးခန်းထိတိုင် ညှိပေးခဲ့တယ်လေ။ ကျမ အမှတ်တရဖြစ်ဘို့ အခုလို မှတ်တမ်းမှာ ထည့်ရေးခဲ့တာပါ။ အိမ်ပြောင်းမဲ့ အကြောင်း ဆက်ပြောရမယ် ဆိုရင်တော့ ၂၂ရက်နေ့ ညနေပိုင်းမှာ မိုးခါးနဲ့ မေသိမ့် သိမ့်ကျော်တို့ ရောက်လာကြတယ်။ ဘလော့ဂါတွေရဲ့ ကွန်မန့်လေးတွေကို ကျမရဲ့ပို့စ်ပေါ်မှာ ဖတ်တိုင်း ကျမရဲ့ စိတ်ကူးနဲ့ အမြဲလိုလို ပုံဖော်ကြည့်ခဲ့တယ်။ ဒီကနေ့ မေသိမ့်ကိုတော့ ယောက်ျားလေးဆန်တယ်လို့ မှန်းခဲ့ပေမယ့် အထင်နဲ့ အမြင် ကွာနေခဲ့တယ်း)။ မိုးခါးကတော့ ကျမမှန်းတဲ့ ပုံစံလေးအတိုင်းပါ။ ဘလော့ဂါတွေနဲ့ တွေ့ရမယ်လို့ စိတ်ကတွေးမိတိုင်း ပျော်ရွှင်ကြည်နူး မိခဲ့တာအမှန်ပါပဲ။ ကျမတို့ သုံးယောက် အေးအေးဆေးဆေး စကား စမြည်ပြောရင်း ညနေ ၆နာရီခွဲကျော်မှာ ပြန်သွားကြတယ်။
မနက်စာ Breakfast
မိုးခါးနဲ့ မေသိမ့်တို့ ယူလာပေးတဲ့ ကြက်သားပြားကြော်
 ၂၄ရက်နေ့ မနက်မှာ ရန်ကုန်က ပါလာတဲ့ မုန့်ဟင်းခါးကို ချက်ပေးခဲ့ချင်တာကြောင့် စောစောလေး ဈေးဆင်းပြီး မုန့်ဟင်းခါးနဲ့ တွဲဖက်စားဘို့ အမယ်တွေဖြစ်တဲ့ နံနံပင် သံပုရာသီး ငံပြာရည် (အချို) တို့ကိုဝယ်ခဲ့တယ်။ မနက်စာ Breakfast ကိုတော့ ကြက်ဥချောင်းနဲ့ အီကြာကွေး ဝယ်ခဲ့တယ်။ အီကြာကွေးကိုတော့ မုန့်ဟင်းခါးနဲ့လည်း စားလို့ ရတဲ့အတွက် ပိုဆောင်းပြီး ဝယ်ပါတယ်။ မုန့်ဟင်းခါးအနှစ်က အထုပ်ဆိုတော့ နာရီဝက်အတွင်းပဲ မြန်မြန်ဆန်ဆန် ကျက်သွားပေမယ့် မုန့်ဖတ်ကိုတော့ တူမလေးက ယူလာပေးမယ်ဆိုလို့ မုန့်ဖတ်ကို စောင့်ဆိုင်းရပါတယ်။ မနက် ၁၁နာရီလောက် တူမလေးရောက်လာပြီး မုန့်ဖတ်ပြုတ်ပါတယ်။ မုန့်ဖတ်ရတာနဲ့ ဆွမ်းတော်အတွက် ပြင်ပြီး လာရောက်အားပေးသူများအတွက် အဆင်သင့်ပါ။ မိုးခါးနဲ့ မေသိမ့်တို့ ဝယ်ပေးခဲ့တဲ့ ကြက်ပြားကြော်လေးလည်း သုံးဆောင်လို့ရတယ်နော်း)

ပဲမှုန့်ရည်ဖျော်ပြီးမှ သတိရလို့ လွှတ်ပစ်မည့် အခွန်ကိုပဲ ဓာတ်ပုံရိုက်လိုက်တယ်း)
 မုန့်ဟင်းခါးအရည်မှာထည့်ဘို့ ကြက်သွန်ဥငယ်များ
နံနံပင်တွေအားရစရာ သံပုရာသီးလည်းပါ
ကြက်ဥပြုတ်
မုန့်ဟင်းခါးနဲ့တွဲဘက်စားဘို့
မုန့်ဟင်းခါးရည် အဆင်သင့်
ဆွမ်းတော်တင်
တူမလေးဆီကရောက်လာတဲ့ မုန့်ဖတ်း)
 ၂၄ရက်နေ့ ညနေ၅နာရီမှာ ကျမတို့ သားအမိ Admiralty ကနေ Jurong East ကိုပြောင်းရွှေ့ဖို့အတွက် ကျမရဲ့ ညီအစ်မလို ရင်းနှီးခဲ့သူ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော် ထဲက တစ်စက်ရုံထဲမှာ အတူလက်တွဲပြီး အလုပ်လုပ်ခဲ့တဲ့  မမေဇင်နဲ့ ခင်ပွန်းဖြစ်သူမောင် သန်းထိုက်တို့က သူတို့ရဲ့သူငယ်ချင်း အကူအညီကို ယူပြီးပြောင်းရွှေ့ ပေးခဲ့ပါတယ်။ ကျမလည်း ကားလမ်းတစ်လျှောက် အတွေး ယာဉ်ကြောမှာ မျောပါနေမိခဲ့တယ်။ တိုတောင်းတဲ့ လူ့ဘဝ တစ်ကွေ့မှာ အခုလို မထင်မှတ်ပဲ  ပြန်လည်ဆုံဆည်းရုံ မျှမကသေးပဲ တစ်မိုးအောက်မှာ အတူတစ်ကွ နေထိုင် ကြရပုံကို တွေးရင်းနဲ့ ကျမတို့ ပြောင်းရွှေ့နေထိုင်မည့် မမေဇင်တို့ အိမ်ကို ရောက်လာ ပါတယ်။ မှတ်မှတ်ရရ အဲဒီနေ့ကလည်း ညီမမေဇင်တို့ရဲ့ အိမ်ထောင်သက် ၂၄နှစ် နှစ်ပတ်လည်နေ့ ဖြစ်တာကြောင့် ညပိုင်းမှာ အောက်ထပ် မှာရှိတဲ့ Food Court မှာ ညစာ စားဖြစ်ခဲ့ကြတယ်။
ပြောင်းရွှေ့မည့်ပစ္စည်း
ပစ္စည်းကုန်ပါပဲး)
အခန်းကနေမြင်ရတဲ့ ရှုခင်း
အရင်နေတဲ့နေရာက ရှုခင်းမမြင်ရလို့ အခုမှ အဝကြည့်မိတယ်
သားငယ်အခန်း တစ်ခါတစ်ရံ အော်ဂင်တီးရင်း စိတ်ဖိစီးမှုကိုဖြေတတ်တယ်း)
ညီမမေဇင်တို့မိသားစု
တီတင့်နဲ့ ညီမမေဇင်
သားငယ်(အပြာရောင်)နဲ့ တူလေးနှစ်ယောက်
အိမ်ပြောင်းပြီး နောက်တစ်ရက် ၂၅ရက်နေ့မှာတော့ ဖုန်းတစ်လုံး ဝင်လာတယ် မချစ်(ချစ်ကြည်အေး)ဆီကလေ။ 'ဒီကနေ့ အားတယ်တဲ့' ကျမလည်း ဒီပတ်ဝန်းကျင်ကို ပထမဦးဆုံးအကြိမ် ရောက်ခါစမို့ တစ်ယောက်ထဲ သွားဖို့ရာ အခက်အခဲ ဖြစ်နေချိန်မှာ အခုလို မချစ်နဲ့ အဆက်အသွယ် ရလိုက်တော့ အတော်လေး ပျော်သွားတယ်။ မချစ်နဲ့ အပြင်ထွက်ပြီး Jurong Point မှာ အင်ဒိုစာကို မချစ်ကလိုက်ဝယ်ကျွေးခဲ့တယ်။ နှစ်ယောက်သား ဟိုပတ်သည်ပတ် ပတ်ရင်းကနေ မချစ်အိမ်မှာပဲ အချိန်ဖြုံးခဲ့တယ် ကျမကိုအချိန်ပေးတဲ့ မချစ်ကိုလည်း ကျေးဇူးတင်မိသလို အပြင်မှာ ဆုံဆည်းခဲ့သမျှ ဘလော့ဂါတွေ သဘောကောင်းပြီး ချစ်စရာကောင်းတာကို မှတ်တမ်းအဖြစ် ရေးခဲ့မိတယ်။ မမေဇင်နဲ့ နေ့လည် ၂နာရီမှာ Boon lay မှာဆုံခဲ့ကြပြီး မချစ်နဲ့ လမ်းခွဲခဲ့တယ်။

မချစ်က တီတင့်ကို ငါးကြော် ကြက်ကြော် ရေခဲခြစ်တို့နဲ့ ဧည့်ခံတယ်
မချစ် ကျွေးတဲ့နေရာ အမှတ်တရ

မချစ်ရဲ့ ဗုဒ္ဓမြတ်စွာ ကိန်းဝပ်ရာ ဘုရားစင်

မမေဇင်အိမ်က ဗုဒ္ဓမြတ်စွာ ကိန်းဝပ်ရာ ဘုရားစင်

အခုလို ကိုယ်ရောက်ရာ အရပ်တိုင်းမှာ မြတ်စွာဘုရားကို  ဖူးမြှော်ခွင့်ရတဲ့အတွက် စိတ်ကြည်နူးမှုရမိတယ်။
လောကလူသားအားလုံး စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz