x

9.11.11

သာမညဖလ အခါနေ့


(မှတ်ချက်။ တန်ဆောင်မုန်း လပြည့်နေ့တွင် နက္ခတ်ဗေဒ အလိုအရ မယ်ဇလီဖူး သုပ်စားခြင်း ဆေးဖော်ခြင်း ဆေး ကြိတ်ခြင်း ဂါထာမန္တရားများ စီရင်ဆောင်ရွက်ခြင်း တို့ကို ပြုလုပ်ရန် မသင့်ဘဲ လမင်း၏ အထွန်းအလင်းဆုံးနှင့် အားမာန် အပြည့်ဝဆုံး အချိန်ဖြစ်သည့် တန်ဆောင်မုန်း လပြည့်ည ညဥ့်သန်းခေါင် ကျော်လွန်ပါမှ အဆိုပါ လောကီ အစီအရင်များကို ပြုလုပ်လျှင် အကျိုးအာနိသင်များ ရရှိနိုင်လိမ့်မည်ဖြစ်ကြာင်း မြန်မာနိုင်ငံ နက္ခတ်ပညာရှင်များ အဖွဲ့မှ ထုတ်ပြန်ထားသည်။)


သာမညဖလ အခါနေ့
တန်ဆောင်မုန်း လပြည့်ညတွင် ဗုဒ္ဓမြတ်စွာ သာမညဖလ သုတ်ကို ဟောကြားခဲ့သဖြင့် သာမညဖလ အခါတော်နေ့ ဟုလည်း ဗုဒ္ဓဘာသာတို့က သတ်မှတ်ကြသည်။ သာမညဖလ အခါတော်နေ့ အကြောင်းကို ပြောရလျှင် လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀နီးပါးက အကြောင်းအရာ တစ်ရပ်ကို ပြောရပါမည်။ ဗုဒ္ဓမြတ်စွာ လက်ထက်တော်က  ဖြစ်သည်။ ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ် မင်းသည် သာယာကြည်နူးဖွယ်ကောင်းသည့် တန်ဆောင်မုန်း လပြည့်ည၏ အလှအပကို ကြည့်ပြီး-
၁။ ရမဏီယာ ဝတ = မွေ့လျော်ဖွယ်ကောင်းသော ညပါတကား။
၂။ အဘိရူပါ ဝတ = အလွန်လှပသော ညပါတကား။
၃။ ဒဿနီယာ ဝတ = ရှုချင်စဖွယ်ကောင်းသော ညပါတကား။
၎။ ပါသာဒိကာ ဝတ = ကြည်လင်ရွှန်းပသော ညပါတကား။
၅။ လက္ခညာ ဝတ = မေ့မရနိုင်သောညပါ တကား ဟု ရင်တွင်းဖြစ် စကားငါးခွန်းဖြင့် ထုတ်ဖော် ချီးမွမ်းတော် မူ၏။

အဇာတသတ်မင်းသည် ဖခမည်းတော် ဗိမ္ဗိသာရကို သတ်မိသည့် ကြီးလေးသော အပြစ်ကံကြောင့် ကြည်နူး သာယာဖွယ် အတိပြီးသည့် တန်ဆောင်မုန်း လပြည့်ည၏ အလှအပကို အပြည့်အဝ မခံစားနိုင်ပါ။ ခမည်းတော် အပေါ် ကျူးလွန်မိသည့် အဖသတ်ကံ ဖြစ်ရပ်နောက်ပိုင်း ကျိန်းစက် လိုက်တိုင်း ထိတ်လန့် ကြောက်မက် ဖွယ်ကောင်းသော အိပ်မက်က ခြောက်လှန့်နေသည်။ ကျူးလွန်ခဲ့သည့် မကောင်းမှု ဖြစ်ရပ်ဆိုးတွေကို တဝိုး တဝါး ပြန်မြင်ယောင်လေလေ ကျိန်းစက် မရလေလေဖြစ်လေသည်။ သို့ဖြင့် တန်ဆောင်မုန်း လပြည့်ညတွင် ညီလာခံတစ်ရပ် ခေါ်ယူ လိုက်ပြီး မှူးမတ်ဗိုလ်ပါတို့အား အထက်ပါ စကားအတိုင်း မိန့်ကြားခဲ့သည်။

မင်းကြီး၏ သဘောထားကို အကင်းပါးကြသော မှူးမတ်ဟူးရာတို့က မင်းကြီးစကား၏ နောက်ကွယ်တွင် ဘာကို ဆိုလိုမှန်း သိလိုက်ကြသည်။ ထို့ကြောင့်လည်း မိမိတို့၏ သက်ဆိုင်ရာ ဘာသာရေး ဂိုဏ်းဆရာကြီးများ၏ ဂုဏ်ကျေးဇူးတော်ကို အသီးအသီး ထုတ်ဖော် ချီးကျူးကာ လျှောက်တင်ကြသည်။ တစ်ဆက်တည်း ထိုဂိုဏ်း ဆရာကြီးတို့ကို ချဉ်းကပ်ခြင်းဖြင့် မင်းကြီး ခံစားနေရသည့် ဝေဒနာဆိုး အိပ်မက်ဆိုးမှ နိုးထလာမည် အမှန်မသွေ ဟုလည်း အာမခံကြသည်။

အမတ်အများစု ထုတ်ဖော်ကြသည့် သူတို့ဂိုဏ်းဆရာများ၏ ဂုဏ်ကျေးဇူးကို အဇာတသတ်မင်း စိတ်ဝင်စား၍ မရနိုင်။ ထင်ရှားကျော်ကြားနေသည့် ဆရာကြီးခြောက်ဆူ ဖြစ်သော ပူရဏကဿပ၊ မက္ခလိဂေါသာလ၊ ကေသ ကမ္ဗလ၊ ပကုဓကစ္စာယန၊ မဟာဝီရ။ သဉ္စယ တို့၏ အကြောင်းကို မင်းကြီး ကောင်းစွာ သိနှင့်နေပြီဖြစ်သည်။ လတ်တလော ခံစားနေရသည့် သူ၏ ကုရာနနတ္ထိ ဆေးမရှိသည့် စိတ်ရောဂါကို ဤဆရာကြီးတို့ က ပျောက်ကင်းအောင် မကုသနိုင်မှန်း စိတ်တွင်းမှနေ မင်းကြီးအလိုလို သိရှိနေသည်။ ထို့ကြောင့်လည်း စိတ်ဝင်စား၍ မရနိုင်ဖြစ်နေသည်။

ဘာမှ လျှောက်ထားခြင်းမပြုသည့် ဇီဝကအမတ်ဘက်ကို မင်းကြီးလှည့်ကာ “ဘာကြောင့် တိတ်ဆိတ်နေသလဲ” ဟု မိန့်သည်။ ခွင့်ရလျှင်ရချင်း ဇီဝကအမတ်က မြတ်စွာဘုရား ရှိရာအရပ်ကို လက်အုပ်ချီကန်တော့ပြီးနောက် မင်းကြီး ကို ဤသို့ လျှောက်တင်ခဲ့သည်-
“အရှင်မင်းကြီး၊ ဘုန်းတော်ခြောက်ပါးနဲ့ ပြည့်စုံတော်မူတဲ့ ဗုဒ္ဓအရှင် ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့ သရက်ဥယျာဉ်မှာ ရဟန်းတော် တစ်ထောင့်နှစ်ရာံငါးဆယ်နဲ့အတူ သီတင်းသုံးနေတော်မူတယ်။ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရားတော်ဟာ အစ၊ အလယ်၊ အဆုံး ကောင်းခြင်းသုံးဖြာ၊ အင်္ဂါ ခြောက်သွယ်နဲ့ ပြည်စုံတဲ့ တရားတော်ဖြစ်တယ်။ ဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ ဖြောင့်မတ်ခြင်း စတဲ့ အင်္ဂါကိုးတန်၊ ငြိမ်းအေးသည့် နိဗ္ဗာန်နန်းကို အာရုံပြုတဲ့ ပုဂ္ဂိုလ်များဖြစ်တယ်။ ဗုဒ္ဓမြတ်စွာ ကိုသာ ချဉ်းကပ်ခွင့်ရပါမူ အရှင်မင်းကြီး ခံစားနေရတဲ့ ဝေဒနာများ သက်သာပျောက်ကင်း ပါလိမ့်မယ်။ စိတ်ကြည်ရွှင် လာပါလိမ့်မယ်” ဟု လျှောက်တင်သည်။ ဗုဒ္ဓဟူသော စကားကို ကြားရရုံဖြင့် အဇာတသတ်မင်း၏ စိတ်တို့သည် လှုပ်ရှားလာသည်။ ဤပုဂ္ဂိုလ်ဆီသို့သွားရန် သူဆုံးဖြတ်လိုက်၏။

အဇာတသတ်မင်း ဘုရားရှင်ကို အဖူးအမျှော် သွားရောက်သည့် အချိန်ကား တန်ဆောင်မုန်း လပြည့် ညချမ်း ချိန်ခါ ဖြစ်ပါသည်။ ထိုအချိန်တွင် မြတ်စွာဘုရားက ရာဇဂြိုဟ်မြို့နှင့် မနီးမဝေး သမားတော်ကြီး ဆရာဇီဝက လှူဒါန်း ထားသည့် သရက်ဥယျာဉ်တွင် သီတင်းသုံးစဉ် ကာလဖြစ်သည်။ ဗုဒ္ဓဘုရား ရှိရာသို့ ဘုရင်ထွက်ခွာသည့်အခါ နန်းမြို့တော် အရှေ့ဘက် တံခါးမှ ထွက်ရသည်။ ဤတံခါးထွက်ပေါက်သည် တောင်ရိပ်နှင် သစ်ပင် အရိပ်အဝါသ များ ထူထပ်သဖြင့် လူသွားလမ်းပေါ် အမှောင်ရိပ် ကျရောက်နေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး မဟူရာရောင် အမှောင်ရိပ်တို့ကသာ ဖုံးအုပ်လွှမ်းခြုံထားသည်။ ထို့ကြောင့် ရဲမက်အပါအဝင် လိုက်ပါသူတွေ အားလုံးတို့က မီးရှူး မီးတိုင်တို့ကို ထွန်းညှိကိုင်ဆောင်၍ သွားရောက်ခဲ့ကြရသည်။
(ဤကို အကြောင်းပြု၍ တန်ဆောင်တိုင် ရောက်တိုင်း မီးထွန်းပွဲတော်ဖြင့် ဘုရားရှင်ကို ပူဇော်ပွဲ ကျင်းပသည့် အလေ့အထ စတင် ဖြစ်တည်ခဲ့သည်ဟု ဆိုကြပါသည်)


ဘုရားရှင်က အဇာတသတ်မင်းနဲ့ တကွ စုရုံးရောက်လာကြသည့် ရာဇဂြိုဟ်၏ အထင်ကရ ပုဂ္ဂိုလ်နှင့် ပြည်သူပြည်သားတို့ကို သာမညဖလ သုတ္တန် ဒေသနာတော်ကို ဟောကြားတော် မူသည်။ အလွန်သာယာ လှပ၍ တောတောင် ရိပ်တို့ဖြင့် အေးချမ်း ဆိတ်ငြိမ်နေသည့် လပြည့်ညမှာ ဗုဒ္ဓဟောကြားသည့် ဤ တရားတော်သည် နောင်တတစ်ဖန် ပူပန်မှုတွေဖြင့် ဆူပွက်လောင်မြိုက် နေသည့် အဇာတသတ်မင်း၏  နှလုံးသား ကို အေးချမ်း သာယာမှုကို ဆောင်ကျဉ်း ပေးနိုင်စွမ်း ရှိခဲ့ပါသည်။

သာမညဖလ သုတ္တန် တရားတော်သည် ရဟန်းပြုခြင်း၏ အကျိုးကျေးဇူးကို ပေါ်လွင်အောင် ဟောကြားထားသည့် တရားတော်ဖြစ်သည်။ ဤတရားတော်သည် သုတ္တန္တပိဋကတ်၊ ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ္ဂ ပါဠိတော်မှ လာသော တရားတော် တစ်ပုဒ်ဖြစ်သည်။ သာမညဖလ (သာမည-ရဟန်း၊ ဖလ- အကျိုးကျေးဇူး) - ရဟန်းပြုသောသူတိုင်း ရဟန်းပြုခြင်းကြောင့် ရရှိခံစားရသည့် လက်ငင်း အကျိုးကျေးဇူးများ အကြောင်း ဖြစ်သည်။

ယင်းအကျိုးကျေးဇူးများမှာ-
၁။ မင်းခစားဘဝနှင့် မင်းပြစ် မင်းဒဏ်မှ လွတ်ကင်းခြင်း အကျိုး။
၂။ အခွန်ထမ်းဆောင်မှုမှ လွတ်ကင်းခြင်း အကျိုး။
၃။ ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။
၎။ ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက် ဒုက္ခ မှ ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံခြင်း အကျိုး။
၅။ ပွဲလမ်းသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး၊ မကောင်းသော စကားအမျိုးမျိုးတို့မှ ရှောင်ကြဉ် သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္ဈိမသီလနှင့် ပြည့်စုံခြင်း အကျိုး။
၆။ နက္ခတ်ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝ ပါရိသုဒ္ဓိ သီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်းအကျိုး။
၇။ ဣနြေ္ဒ ၆-ပါးတို့၌ အကုသိုလ် မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး။ (ဤသည်တို့ကား အခြေခံသီလ များ ဖြစ်ကြပါသည်)။
၈။ သတိ နှင့် ပြည့်စုံခြင်း အကျိုး။
၉။ သမ္ပဇဉ် (ဆင်ခြင်တုံ ) တရားနှင့်ပြည့်စုံခြင်း အကျိုး။
၁၀။ သန္တောသ ( ရောင့်ရဲခြင်း) အကျိုး။
အခြေခံသီလ ၊သတိ၊ သမ္ပဇဉ် ၊ သန္တဋ္ဌီ တရားများနှင့် ပြည့်စုံသော ရဟန်းသည် သမထ ဝိပဿနာ တရားကို ဆက်လက်အားထုတ်ပါက အောက်ပါ အကျိုးများကို လက်တွေ့ ခံစား ရရှိနိုင်ပါသေးသည်။
၁၁။ နီဝရဏ ငါးပါးမှ လွတ်ကင်းခြင်း အကျိုး
၁၂။ ဈာန်တရား ရနိုင်ခြင်း အကျိုး
၁၃။ ဝိဇ္ဇာရှစ်ပါး နှင့် ပြည့်စုံ၍ မဂ် ဖိုလ် ရနိုင်ခြင်း အကျိုး-တို့ ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာ သူ့အတွက် ဟောကြားသည့် အခရာ အကျဆုံးမှာ- “မင်းကြီး အကြင်သူသည် အပြစ်ကို အပြစ်ဟု သိမြင်သဖြင့် အကြောင်းအားလျော်စွာ ကုစားသည်။ နောင်အခါ စောင့်စည်းသည်။ ထိုသူ၏ ကုစား စောင့်စည်းခြင်း သည် အရိယာ၏ ဝိနည်း အဆုံးအမ၌ ကြီးပွားခြင်းပင်တည်း” ဟု ဟောကြားချက် ဖြစ်သည်။ ဤမိန့်ဆိုချက်ကို ကြားနာပြီးနောက် မင်းကြီး၏ ပူပန်သောက စိတ်တို့သည် သက်သာရာကို ရစေခဲ့ပါသည်။ စိတ်ကို ကြည်လင်စေခဲ့ ပါသည်။

ထိုအချိန်မှ စ၍ အဇာတသတ်မင်းသည် ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်လာသည်။ ဗုဒ္ဓကို လည်းကောင်း၊ ဗုဒ္ဓဟောကြား တရားဓမ္မကို လည်းကောင်း၊ ဗုဒ္ဓ၏ တပည့်သာဝကတို့ကို လည်းကောင်း အကြည်ညိုဆုံး ပုထုဇဉ်မင်းတစ်ပါး ဖြစ်ခဲ့ သည်။ ထိုကြောင့် ဗုဒ္ဓဘုရား (မရှိသည့်နောက်) ပရိနိဗ္ဗာန် စံပြီးနောက် ပထမသင်္ဂါယနာ တင်ပွဲကြီး ဖြစ်မြောက်အောင် သာသနာ့ ဒါယကာအဖြစ် ခံယူကာ သံဃာတော်တို့အား ကူညီခဲ့ပါသည်။ သံဃာတော်၏ ဂုဏ်တော်များကို မင်းကြီးက ခရေစေ့တွင်းကျ နားလည်သဘောပေါက်ထားသဖြင့် သူ့ဘ၀ တစ်လျှောက်လုံး သံဃာ့ကို အလုပ်အကျွေး ပြုခြင်းဖြင့် ကုန်လွန်စေခဲ့ပါသည်။

သံဃာ့ဂုဏ်တော် (၉) ပါး ကဗျာ
(၁) ကျင့်ကောင်း (၈) ပါး၊
(၂) ဖြောင့်ငြားတသွယ်၊
(၃) ရည်ရွယ်နိဗ္ဗာန်၊
(၄) ရိုသေရန်နှင့်၊
(၅) လှူခံဆောင်ဝေး၊
(၆) ထိုက်သေးဧည့်ကောင်း၊
(၇) မြတ်လှူ လောင်း၍၊
(၈) အပေါင်း လက်ချီ၊
(၉) လယ်ကောင်းမည်၊ ကိုးလီ သံဃာ့ဂုဏ်။

ဤသို့ဖြင့် တန်ဆောင်မုန်းလသည် တန်ဆောင်တိုင် ပွဲတော် ကျင်းပရာလအဖြစ်၊ ဆေးပေါင်း ခသောည အဖြစ်၊ မဟာသမယ အခါတော်နေ့ အဖြစ် ဖြစ်စဉ်အကျဉ်းကို တင်ပြလိုက်ရပါသည်။
ကျမ်းအကိုးအကား-
ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ္ဂ ပါဠိတော်
ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ္ဂ အဋ္ဌကထာ
မြန်မာ့ဆယ့်နှစ်လ အကြောင်း၊ တန်ဆောင်မုန်းလ (မောင်ထင်) မှကူးယူပြီး ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်။

လောကလူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်စုံကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz