x

17.11.11

အဖြူရောင်နတ်သမီးအတွက် အမှတ်တရ


၁၉-၁၁-၂၀၁၁(စနေနေ့) မှာရောက်လာတော့မယ့် အဖြူရောင်နတ်သမီးလေး (ဆိုက်ပရပ်စ်) ရဲ့ မွေးနေ့အတွက် ကဗျာမစပ်တတ်ပေမယ့် ကဗျာလေးတွေကိုတော့ ခံစားတတ်ပါတယ်ဆိုတဲ့ ကျမကို နတ်သမီးက အက်ဆေးလေး တစ်ပုဒ်လောက် ရေးပေးဘို့ တောင်းဆိုလာခဲ့တယ်။ အက်ဆေးဆိုလို့ အထက်တန်းကျောင်းမှာ ပညာသင်တုန်း က မြန်မာစာ အင်္ဂလိပ်စာ ဘာသာရပ်တွေမှာ ရေးခဲ့ဘူးတဲ့ အက်ဆေးတွေက လွဲပြီး ဘလော့ဂါသက်တမ်း ၆-လမှာ ပထမဆုံးအကြိမ် ပွဲဦးထွက် ရေးတဲ့ အက်ဆေးလေးဆိုရင်လည်း မမှားပါဘူး။ အခုလောက် စကားတွေ ပလင် ခံနေတာ ဖတ်လို့မကောင်းရင် နားလည်ပေးဘို့ အကြိုလေးမေတ္တာရပ်ခံတဲ့ သဘောပါ။ ဘယ်လိုဖြစ်ဖြစ် ဥာဏ်စွမ်း ရှိသလောက် ကြိုးစားပြီး ရေးလိုက်ပြီ နတ်သမီးလေးရေ။ ခရီးထွက်စရာရှိလို့ မနက် မျက်စိနှစ်လုံး ပွင့်ကထဲက ပို့စ်တွေ လက်လှမ်းမှီသလောက် လိုက်ဖတ်နေခဲ့တယ်။ နတ်သမီးလေးရဲ့ မွေးနေ့ အတွက်ကို မွေးနေ့အကြို ပို့စ်လေးအဖြစ် တင်ပေးခဲ့ပြီနော်။

 မွေးနေ့ဆိုတာ ဘဝသစ်တစ်ခု အစပြုလို့ မွေးဖွားခြင်းပါ။ မင်္ဂလာတစ်ပါးရယ်လို့ သတ်မှတ်ကြတဲ့ နေ့ရက်လေးပေါ့။ ဘဝကို လူသားတိုင်း တပ်မက် မက်မောကြတယ် နှစ်သက်ကြတယ် မြတ်နိုးကြတယ် ခင်တွယ်ကြတယ်။ ကျမ အပါဝင် လူသားများဟာ ခန္ဓာငါးပါးရဲ့ ဒုက္ခကို သိမြင်နိုင်မှု စွမ်းအားနည်းနေတဲ့ အတွက်လည်း အခုလို ခုံမင် မက်မောနေခြင်းပါ။ အမှန်တကယ်တော့ ကျမတို့ လူသားအားလုံးဟာ မွေးဖွားလာသည့် အချိန်မှ အစပြုလို့ စက္ကန့် မလပ် မိနစ်တိုင်း နာရီတိုင်း ဇရာနဲ့မရဏဆီကို ဦးတည်ပြီး လျှောက်လှမ်း နေကြတာပါလား ဆိုတဲ့အသိကို သတိ မမူ မိကြသလို ဥပေက္ခာ ပြုနေကြတယ်။

ဥပမာ- ခရီးတစ်ခုသွားတဲ့ လူတစ်ယောက် ကိုယ်သွားတဲ့ခရီးကို ဘယ်အချိန် ရောက်သွားမယ် ဆိုတာ ခန့်မှန်း တွက်ဆပြောနေပေမယ့် အမှန်စင်စစ် ထိုသူရဲ့ ထင်မြင်ယူဆချက်ပဲ ဖြစ်ပါတယ်။ အမှန်တကယ်က မနက်ဖြန် ဆိုတာက ဝေးလွန်း ပါသေးတယ်။ နောက်မိနစ်ပိုင်းမှာ မိမိဘာဖြစ်မယ် ဆိုတာ သေချာပေါက် ကြိုတွက်လို့ မရဘူး ဆိုတာ လူသားတိုင်း လက်ခံမှာပါ။ မကြာခန ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ကြားမြင် နေရတာမို့လည်း ဘယ်လိုမှ ငြင်းလို့ မရပါဘူး။

တိုတောင်းလှတဲ့ လူ့ဘဝကြီးထဲကို မွေးဖွားခြင်းဖြင့် လူသားအဖြစ် ရောက်လာကြတဲ့ ကျမတို့တစ်တွေ သာသနာနှစ် ၅၀၀၀ ရှိတဲ့အထဲက လက်ကျန် နှစ်၂၅၀၀အတွင်း တစ်နည်းဆိုရရင် ဘုရားဟူသော လူသားတို့ကို အလင်းရောင်ဆောင်ပေးတဲ့ နေဝန်းကြီး ပေါ်ပေါက်ချိန်အတွင်း လူဖြစ်ကြရတာ ထူးကဲတဲ့ ကုသိုလ်တစ်မျိုးပါ။ လမ်းပျောက်နေတဲ့ ပုထုဇဉ် လူသားများအတွက် မီးမောင်းထိုးထားတဲ့လမ်းကို တွေ့အောင်ရှာပြီး လျှောက်လှမ်းဘို့ အခွင့်အရေး တစ်ခုပင်ဖြစ်ပါတယ်။ ရေစုန်မျောကာ တစ်ပါးသူကို အားကိုးပြီး ရှာလို့မရပဲ ကိုယ်တိုင်ရှာမှ တွေ့မည့် လမ်းပါ။ သာသနာတော်အတွင်း အကြောင်းနဲ့အကျိုးကို လူသားတို့ အသိဥာဏ်ဆောင်ရင်း နားလည်ခွင့် ရရှိခဲ့ကြ ပါတယ်။ ကောင်းတဲ့အကျိုး ကောင်းတဲ့ကံများ ရရှိစေဘို့ ဘုရားသာသနာတော် အတွင်း မွေးဖွားခွင့်ရရှိခဲ့တဲ့ သူများအားလုံး ယခုဘဝအတွက် မိမိရဲ့လက်တစ်ကမ်းမှာ ရှိနေတဲ့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံး မခံဘို့ရာ မှန်ကန်တဲ့ စေတနာ အရင်းခံလို့ မေတ္တာနဲ့ တိုက်တွန်းလိုက်ပါတယ်နော်။

နတ်သမီးလေးရေ မင်္ဂလာရှိတဲ့နေ့မှာ တီတင့် ဘာတွေရေးနေတာလဲလို့ မထင်လိုက်ပါနဲ့နော်။ နေ့စဉ်နဲ့အမျှ မျက်စိနှစ်လုံးပွင့်တာကနေ ပိတ်သွားတဲ့အချိန်အထိ လူသားအားလုံး ဝမ်းတစ်ထွာ အတွက် ကြုံတွေ့နေရတဲ့ အခက်အခဲကို ဖြေရှင်းရာမှာ ကာယကံ ဝစီကံ မနောကံတို့ကို မထင်မှတ်ပဲ ကျူးလွန်တတ်ကြတယ်မဟုတ်လား။ အဲဒီ သုံးပါးသောကံတို့ကို ဆင်ခြင်ရင်း အခုရောက်လာမည့် နတ်သမီးလေးရဲ့ မွေးနေ့ကစပြီး မိမိဘဝနောက်ဆုံး အချိန်အထိ-
- မိမိထက်အစစအရာရာသာနေသူတို့ကို မုဒိတာပွားပြီး နိမ့်ကျသူတို့ကို သနားကူညီပါ။
- တရားရှာဖွေနေတဲ့ ပုဂ္ဂိုလ်များနဲ့ ရဟန်း သံဃာတို့ကို လှူဒါန်းပါ။
- သက်ရှိသတ္တဝါများအားလုံးအပေါ် ကိုယ်ချင်စာတရား စာနာစိတ်ထားပါ။
- ပညာရှိ သူတော်ကောင်းတို့ကို ဆည်းကပ်ပြီး သူတော်ကောင်းတရားများ ရယူပါ။
- တိုတောင်းတဲ့လူ့ဘဝကြီးထဲမှာ ကျေးဇူးရှိသူတို့အပေါ် တတ်နိုင်စွမ်းရှိသလောက် ကျေးဇူးဆပ်ပါ။

ပြောခဲ့တဲ့ အကြောင်းအရာတွေကတော့ စာဖတ်သူများ သိရှိနားလည်ပြီးဖြစ်ပေမယ့် စာလေးတစ်ကြောင်း ၊နှစ်ကြောင်းဖြစ်စေ ပြန်လည် သတိတရဖြစ်စေဘို့ စေတနာ သက်သက်နဲ့ နတ်သမီးလေးရဲ့မွေးနေ့ အမှတ်တရ အဖြစ် ကျမရဲ့ အက်ဆေး-လက်ဆောင်လေးပါ။ (ကျမရဲ့အတွေး အယူအဆသက်သက်သာဖြစ်ပါတယ်)
နတ်သမီးလေးရဲ့ မွေးနေ့ ရက်ထူးရက်မြတ်လေးက အစပြုလို့ လောကီ လောကုတ္တရာ နှစ်လီနှစ်ဝ လိုအပ်ဆန္ဒ အဖြာဖြာပြည့်ဝကာ သာသာနာအကျိုးပြု မိသားစုလေးဖြစ်နိုင်ပါစေလို့ -

HAPPY BIRTHDAY ‘WHITE ANGEL’ (19th November 2011)
မွေးနေ့ပွဲလာတဲ့ ဧည့်သည်တွေစားလောက်အောင် ကိတ်ကြီးကြီးပေးခဲ့တယ်

ဒီပုံကိုမြင်တိုင်းနတ်သမီးလေးကိုသတိရလို့ အမှတ်တရပေးခဲ့တယ်

လောကလူသားအားလုံးစိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz